အေဒြီယက်တစ်ပင်လယ်
အေဒြီယက်တစ်ပင်လယ်သည် အီတလီနိုင်ငံနှင့် ဗော်လကန်ကျွန်းဆွယ်ရှိ ယူဂိုဆလားဗီးယားနိုင်ငံ၊ အယ်လဗေးနီးယားနိုင်ငံတို့အကြားတွင် တည်ရှိသည်။ အလျားမိုင် ၄၅ဝ ခန့်နှင့် ပျမ်းမျှခြင်းအားဖြင့် အနံ ၁၁ဝ ခန့် ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၅၂ယဝဝဝ ခန့် ဖြစ်သည်။ ထိုပင်လယ်သည် မြေထဲပင်လယ်၏ အစိတ်အပိုင်း လည်းဖြစ်ရာ ပင်လယ်နှစ်ခုတို့သည် ၄၄ မိုင်ခန့် ကျယ်သော အိုထရန်တို ရေလက်ကြားအားဖြင့် ဆက်စပ်လျက်ရှိသည်။ ပင်လယ်၏ အနောက်မြောက်တွင် ဗင်းနစ်ပင်လယ်ကွေ့ရှိ၍ အရှေ့မြောက်တွင် ထရီးယက်ပင်လယ်ကွေ့ရှိသည်။ အရှေ့ဘက်ကမ်းတစ်လျှောက်တွင် ကျွန်းများစွာရှိသည်။ အာဒီဂျေမြစ်နှင့် ပိုးမြစ်တို့သည် အေဒြီယက်တစ်ပင်လယ်ထဲသို့ စီးဝင်ကြသည်။ ယင်းမြစ်နှစ်သွယ်အပြင် အခြားကြီးကျယ်သော မြစ်များဟူ၍ မရှိချေ။ ထို့ကြောင့် ပင်လယ်ရေသည် အလွန်ငံသည်။ အေဒြီယက်တစ်ပင်လယ်တွင် အထူးသဖြင့် ဆောင်းရာသီ၌ လေပြင်းကျရောက်လေ့ရှိသောကြောင့် ပင်လယ်ကြောင်း ခရီးသွားလာခြင်း၌ ဘေးအန္တရာယ်များသည်။ အလယ်ခေတ်အတွင်းက ထိုပင်လယ်သည် ဗင်းနစ်မြို့နှင့် အရှေ့ဘက်ရှိနိုင်ငံတို့ ကုန်စည်ကူးသန်းရာလမ်းဖြစ်ခဲ့သည်။ ၁၂ ရာစုမှ ၁၈ ရာစုနှစ်အထိ ဗင်းနစ်မြို့စားတို့သည် ထိုပင်လယ်ကို မိမိတို့က ပိုင်ဆိုင်ကြောင်းပြလို၍ နှစ်စဉ် လက်စွပ်တစ်ကွင်းကို ပင်လယ် ထဲသို့ ပစ်ချလေ့ရှိကြသည်။ အေဒြီယက်တစ်ဟူသော အမည်သည် အီတလီမြောက်ပိုင်းရှိ အာဒြီယားမြို့ကိုအစွဲပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။ ရှေးအခါက အာဒြီယားမြို့သည် စည်ကားသော ရောမ ဆိပ်ကမ်းမြို့ဖြစ်ခဲ့ဘူးသည်။ အခုအခါ အေဒြီယက်တစ်ပင်လယ်ကမ်းခြေပေါ်ရှိ ထင်ရှားသော မြို့ကြီးများမှာ ဗင်းနစ်မြို့၊ ထရီယက်မြို့၊ ဖျူးမားမြို့၊ အန်ကိုးနားမြို့နှင့် ဗရင်ဒီဇီမြို့များဖြစ် ကြသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia