အော့ကလန် မက်ထရိုပိုလစ်တန် ဒေသ () သည် နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်း ပေါ်တွင် တည်ရှိပြီး နိုင်ငံအတွင်း အကြီးဆုံးနှင့် လူဦးရေ အများဆုံး မြို့ပြဒေသဖြစ်သည်။ လူဦးရေ ၁,၃၅၄,၉၀၀ ဦး ရှိပြီး နိုင်ငံ လူဦးရေ၏ ၃၁ ရာခိုင်နှုန်း ဖြစ်သည်။ အော့ကလန်သည် ကမ္ဘာပေါ်ရှိ မြို့ကြီးများထဲတွင် ပိုလီနီးရှန်းလူမျိုး အများဆုံး ရှိသော မြို့လည်း ဖြစ်သည်။ မောင်ရီဘာသာစကားဖြင့် အော့ကလန်မြို့၏ အမည်မှာ Tāmaki Makaurau ဖြစ်သည်။
အော့ကလန်မြို့သည် နယူးဇီလန်နိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်သည်။ မြောက်ကျွန်း အရှေ့မြောက်ဘက်တွင် ခြောက်မိုင်မျှကျယ်သောကျွန်းဆက် အရှေ့ဘက်ကမ်းပေါ်၌ တည်ရှိသည်။ ၁၈၄ဝ ပြည့်နှစ်တွင်ဘုရင်ခံ ဟော့ဗဆင်သည် မြို့တော်တည်ရန်အတွက် မီးသေတောင်ကုန်းများပေါ်ရှိ နေရာကို ရွေး၍ အော့ကလန်မြို့ကိုတည်ခဲ့သည်။
ရှစ်နှစ်မျှကြာပြီးနောက် အိန္ဒိယနိုင်ငံတွင် ထိုအခါက ဘုရင်ခံချုပ်အဖြစ်အမှုထမ်းလျက် ရှိသော လော့အော့ကလန် အမည်ကိုအစွဲပြု၍ အော့ကလန်မြို့ဟု ခေါ်တွင်လေသည်။ ၁၈၄၅ ခုမှ ၁၈၆၄ ခုနှစ်အထိ အော့ကလန် မြို့သည် နယူးဇီလန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ထိုနှစ်တွင် မြို့တော်ကို ဝယ်လင်တန်မြို့သို့ ပြောင်းရွေ့ခဲ့ကြသည်။
အော့ကလန်မြို့သည် မြို့ခင်းမြို့ကွက် အနေအထား သာယာလှပသည့်အပြင် သဘာဝဆိပ်ကမ်းကောင်းလည်း ရှိခြင်း ကြောင့် နိုင်ငံခြားကုန်သွယ်ရေးအတွက် ထင်ရှားသောမြို့ကြီး ဖြစ်သည်။ ဩစတြေးလျတိုက် ဆစ်ဒနီမြို့မှ ၁,၁၃၅ မိုင် ဝေး၍ အင်္ဂလန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ပစိဖိတ်ကျွန်း များ၊ တောင်အာဖရိကတိုက် စသည်တို့နှင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ဆက်သွယ်လျက်ရှိသည်။ ကျွန်းဆက်ပေါ်တွင် တည်ရှိ သောကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော သင်္ဘောဆိပ် နှစ်ခုရှိသည်။ အရှေ့ဘက်တွင် ဝေတီမာတာ သင်္ဘောဆိပ်ရှိ၍ အနောက်ဘက်တွင် မနုကောသင်္ဘောဆိပ် ရှိသည်။
အော့ကလန်မြို့သည် ပင်လယ်ကမ်းခြေတွင် တည်ရှိ သောကြောင့် ရာသီဥတု ညီညွတ်မျှတသည်။ မြို့မြောက်ဘက် နှင့် တောင်ဘက်တို့တွင် နွားနို့ထွက်ပစ္စည်းလုပ်ငန်းကို အကြီး
အကျယ်လုပ်ကိုင်ကြသည်။ သင်္ဘောတည်ဆောက်ခြင်း၊ သကြား ချက်ခြင်း၊ စက္ကူနှင့် ကြိုးထုတ်လုပ်ခြင်းတို့သည် ထင်ရှားသော စက်မှု လုပ်ငန်းများဖြစ်သည်။ ထောပတ်၊ ဒိန်ခဲ၊ အသား၊ သစ်စေး၊ သိုးမွေး၊ ကျောက်မီးသွေး၊ ရွှေတို့ကို နိုင်ငံခြားသို့ တင်ပို့သည်။ အော့ကလန်မြို့တွင် လူဦးရေ ၁၅၁,၉ဝဝ ယောက် (၁၉၇၂) ရှိသည်။[၃]
ကိုးကား
- ↑ GEOnet Names Server (GNS)။ 12 August 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 2005 တွင် ပြန်စစ်ပြီး။
- ↑ Monitoring Research Quarterly, March 2011 Volume 4 Issue 1, page 4.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)