ချီရီဂွါ ရှေးဟောင်းသုတေသနနယ်မြေ
ချီရီဂွါသည် ဂွါတီမာလာနိုင်ငံ အရှေ့တောင်ပိုင်း အီဇာဘယ်ပြည်နယ်တွင် တည်ရှိသော ရှေးခေတ် မာယာ ရှေးဟောင်း သုတေသနနယ်မြေ တစ်ခု ဖြစ်သည်။ ၎င်းသည် အလယ်အလတ် အရွယ်အစား ရှိသော ရှေးဟောင်းသုတေသန နယ်မြေတစ်ခု ဖြစ်ပြီး မော်တားဂွါ မြစ်အောက်ပိုင်း တလျှောက်တွင် ၁.၂ စတုရန်းမိုင် (၃ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းပြီး [၁] ပွဲကျင်းပရာ နေရာမှာ မြောက်ဘက် မြစ်ကမ်းမှ ၀.၆မိုင် (၁ ကီလိုမီတာ ) အကွာ တွင် တည်ရှိသည်။ မာယာ ဂန္ထဝင် ခေတ် (အေဒီ ၂၀၀-၉၀၀) တွင် ချီရီဂွါသည် အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံရာတွင် တည်ရှိသည်။ ထိုနယ်မြေအား အေဒီ ၂၀၀ တွင် စတင် ဝင်ရောက်နေထိုင်ခဲ့ပြီး တောင်ထိပ်တွင် တည်ဆောက်မှုများကို အေဒီ ၅၅၀ တွင် စတင်ခဲ့ကာ ပိုမိုကြီးကျယ်သော ဆောက်လုပ်မှုများကို ၈ ရာစု အတွင်း စတင်ခဲ့သည်။ ၈၅၀ တွင် တည်ဆောက်မှု အားလုံးကို ရပ်ဆိုင်းခဲ့ပြီး ဂန္ထဝင်လွန် ကာလ (အေဒီ၉၀၀-၁၂၀၀) အစောပိုင်းတွင်သာ ခေတ္တမျှ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့သည်။ ချီရီဂွါရှိ ဗိသုကာ နှင့် ပန်းပု လက်ရာ စတိုင်လ်များမှာ အနီးအနားရှိ ဂန္ထဝင်ခေတ် မြို့တော် တစ်ခု ဖြစ်သော ကိုပန် နှင့် တူညီပြီး ၎င်းတို့၏ သမိုင်းကြောင်းမှာ နီးကပ်စွာ ယှက်နွယ်နေကြသည်။ [၂]
ကိုးကား |
Portal di Ensiklopedia Dunia