မြန်မာနိုင်ငံရှိ သစ်တောပြုန်းတီးမှုကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့အစည်းမှ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း ၇၄၄၅၀၀၀ ဟတ်တာ (၂၈၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့သည်။[၁] လွတ်လပ်ရေးရပြီးချိန်တွင် သစ်တောလွှမ်းခြုံမှု ပမာဏ ၇၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်အရ ၄၈ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။[၂][၃] မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု နှစ်စဉ် ၀.၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၀.၃ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သော်လည်း အရေးကြီးသော ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။[၄] သစ်တောပြုန်းတီးရခြင်း၏ အဓိကအချက်များမှာ တရားမဝင် သစ်ခုတ်ခြင်း၊ မြေယာကိစ္စ ပြဿနာဖြစ်ခြင်းနှင့် တိုးပွားလာသော စိုက်ပျိုးမွေးမြူရေးတို့ကြောင့်ဖြစ်သည်။[၅] မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အပူပိုင်းသစ်တော အကြီးမားဆုံး ပိုင်ဆိုင်ထားပြီး သမပိုင်း သစ်တောထက် ပိုမိုကြီးမားသည်။[၆] ၂၀၁၀ ခုနှစ်အရ မြန်မာနိုင်ငံတွင် ကာဗွန် မက်ထရစ်တန်ချိန် သိန်းပေါင်း ၁၆၅၄ နှင့်ညီမျှသော သစ်တော biomass ကို ပိုင်ဆိုင်ထားပြီး နိုင်ငံတွင် တွေ့ရလေ့ရှိသော မျိုးစိတ်ပေါင်း ၈၀ ကျော်တို့၏ နားခိုရာဖြစ်သည်။ ဇီဝမျိုးကွဲနှင့် သစ်တော အရွယ်အစား မည်မျှပင်ရှိစေကာမူ ကုန်းမြေ၏ ၆.၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးထားပြီး သစ်တောပြုန်းတီးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။[၇] သမိုင်းကြောင်းကိုလိုနီခေတ်မြန်မာနိုင်ငံတွင် သမားရိုးကျအတိုင်း စိုက်ပျိုးမွေးမြူရေးကို နှစ်ထောင်ချီကာ ဆောင်ရွက်ခဲ့သော်လည်း သိသာထင်ရှားသော သစ်တောပြုန်းတီးမှုကို မတွေ့ခဲ့ချေ။[၆] သိသာထင်ရှားသော သစ်တောပြုန်းတီးမှုမှာ ၁၈၀၀ ခုနှစ်များတွင် ဗြိတိသျှတို့က အင်ပါယာအတွက် ကျွန်းပင်များ ထုတ်လုပ်ရာမှ စတင်ခဲ့သည်။[၂][၈] သစ်မာများသည် ရေဒဏ်ကို ခံနိုင်ရည်ရှိပြီး သင်္ဘောများ တည်ဆောက်ရာတွင် အလွန်အရေးပါလှသည်။[၈] ဗြိတိသျှ ကိုလိုနီတို့သည် ၁၈၅၆ ခုနှစ်တွင် အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သစ်တောဌာနကို တည်ထောင်ခဲ့ပြီး ပဲခူးရိုးမမှ သစ်များကို ဆင်များဖြင့်အသုံးပြုကာ အဓိက ထုတ်ယူခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗြိတိသျှတို့သည် ကျွန်းသစ် တန်ချိန်ပေါင်း ၄၄၇၀၀၀ ထုတ်ယူခဲ့ကြသည်။[၂] လွတ်လပ်ရေးခေတ် (၁၉၄၈)၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ ထကြွလာပြီး သစ်ခုတ်မှုများ ပေါ်ထွက်လာခဲ့သည်။ သူပုန်အဖွဲ့များသည် မြန်မာနိုင်ငံ သစ်တောအများစုကို ထိန်းချုပ်ခဲ့ကာ သစ်တောဌာနအတွက် အန္တရာယ် ဖြစ်လာခဲ့သည်။[၈] ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ကျွန်းထုတ်လုပ်မှုကို မြှင့်တင်ခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းရှိရာမှ ၁၉၈၀ ခုနှစ်များတွင် ၄၂ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။[၈] ရလဒ်အနေဖြင့် ၁၉၆၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များတွင် သစ်တောလွှမ်းခြုံဧရိယာ စတုရန်းမိုင်ပေါင်း ၄၆၀၀၀ ဆုံးရှုံးခဲ့သည်။ လွတ်လပ်ရေးရချိန်က သစ်တောပမာဏမှာ ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉၈၀ ခုနှစ်များတွင် ၄၆ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သည်။[၂][၆] ၈၈ အရေးတော်ပုံ ဖြစ်ပွားပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးက သစ်တောပြုန်းတီးမှုနှင့် သက်ဆိုင်သော စည်းမျဉ်းများကို အနည်းငယ် ပြောင်းလဲခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် ထိုင်းသစ်ထုတ်လုပ်ရေး ကုမ္ပဏီ ၄၂ ခုနှင့် အပေးအယူပြုလုပ်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၇၀၀၀ နှင့်ညီမျှသော သစ်တောပြုန်းတီးမှုကို ဖြစ်စေခဲ့သည်။[၈] ဥပဒေသစ် ချမှတ်ခဲ့သော်လည်း စည်းကမ်းမဲ့ သစ်ထုတ်လုပ်မှုများ ရှိနေခဲ့ပြီး သစ်တောပြုန်းတီးမှု ဆက်လက်ရှိနေခဲ့သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia