ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်
ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင် (အင်္ဂလိပ်: Harry Potter and the Deathly Hallows ၊ ဟယ်ရီပေါ်တာနှင့် တြိမရဏဂမ္ဘီရလက်ဆောင်၊ ဟယ်ရီပေါ်တာနှင့် မှော်ဝင်ရတနာ စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်၍၊ ဟယ်ရီပေါ်တာ စာအုပ်အတွဲတွင် သတ္တမမြောက်နှင့် နောက်ဆုံးစာအုပ် ဖြစ်သည်။ ထိုစာအုပ်ကို ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ဝေဖြန့်ချိခဲ့၍ ၊ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့သော ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး စာအုပ် ထုတ်ဝေချိန်မှ ဆယ်နှစ်ခန့်အကြာတွင် စာအုပ်အတွဲကို အပြီးသတ်လိုက်ခြင်း ဖြစ်ပေသည်။ အဆိုပါစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက် မှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စကောလာ့စတစ် မှလည်းကောင်း၊ ကနေဒါတွင် ရိန်းကို့စ် မှလည်းကောင်း ထုတ်ဝေဖြန့်ချိခဲ့လေသည်။ ဤဝတ္ထုသည် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့သော ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား ဝတ္ထုမှ ဖြစ်ရပ်များကို တိုက်ရိုက်သဘော ဆက်လက်ဖော်ပြထားခြင်း ဖြစ်သည်။ ဇာတ်လမ်းမှာမူ မှော်ဆရာများ ဖြစ်ကြသော ဟယ်ရီပေါ်တာနှင့် ရန်သူ ဗော်လ်ဒီမော့တို့နှစ်ဦး၏ နောက်ဆုံးပိတ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲအကြောင်း ဖြစ်၏။ မရဏမှော်လက်ဆောင် ဟူသော ခေါင်းစဉ်အမည်သည် ပေါ်တာ စာအုပ်စီးရီးမှ ယခင်ခေါင်းစဉ်များနှင့် တစ်မူထူးခြားစွာ ကွဲလွဲနေမှုကြောင့် အံ့ဩမှုများကို ဖြစ်စေခဲ့သည်။ ထိုဝတ္ထုသည် စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အမေရိကန်တစ်နိုင်ငံတည်း၌ပင် အုပ်ရေ ၈.၃ သန်းနှင့် ယူနိုက်တက်ကင်းဒမ်းတွင် အုပ်ရေ ၂.၆၅ သန်း ရောင်းချနိုင်ခဲ့မှုကြောင့် ဂင်းနစ်စ်မှတ်တမ်းတွင် စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အရောင်းရဆုံး ရသစာအုပ် အဖြစ် စံချိန်တင်နိုင်ခဲ့သည်။[၁][၂] အများအားဖြင့် ကောင်းမွန်သော ဝေဖန်မှုများရရှိခဲ့သော ထိုစာအုပ်သည် ၂၀၀၈ ခုနှစ် ကော်လိုရာဒို ဘလူး စပရု စာအုပ်ဆု (Colorado Blue Spruce Book Award) ကို လက်ခံရရှိခဲ့ပြီး အမေရိကန်စာကြည့်အတိုက်အသင်းက အရွယ်ရောက်လူငယ်များအတွက် အကောင်းဆုံးစာအုပ် (Best Book for Young Adults) အဖြစ် ရွေးချယ်ခေါ်ဆိုခဲ့လေ၏။ ထိုဝတ္ထု၏ ရုပ်ရှင်ကားကို နှစ်ပိုင်းခွဲကာ ရိုက်ကူးပြသခဲ့ပြီး ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမပိုင်း၊ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် ဒုတိယပိုင်း ထွက်ရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia