၁၈၉၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲ
၁၈၉၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲ (ဂရိ: Θερινοί Ολυμπιακοί Αγώνες 1896, ရောမအက္ခရာ: Therinoí Olympiakoí Agónes 1896 I ) ကိုတရားဝင် အားဖြင့် I Olympiad of Games ဟုလူသိများသည်။ ခေတ်သစ်သမိုင်းတွင် ပထမဆုံးကျင်းပသော နိုင်ငံတကာ အိုလံပစ်အားကစား ဖြစ်သည်။ ဗဲရွန်ဘွဲ့ရ ပီယဲကူဘာတင် ထူထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) မှကြီးမှူးပြီး ၁၈၉၆ ခုနှစ် ဧပြီ ၆ ရက်မှ ၁၅ ရက်အထိ ဂရိနိုင်ငံ ၊ အေသင် ၌ကျင်းပခဲ့သည်။ နိုင်ငံ ၁၄ နိုင်ငံနှင့်အားကစားသမား ၂၄၁ ဦး (အမျိုးသားများသာ) ပါဝင်ခဲ့သည်။ ပါဝင်သူများအားလုံးသည် ဥရောပသားများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် အမေရိကန်အသင်းမှ လွှဲ၍ ဥရောပတွင် နေထိုင်သူများ ဖြစ်ကြသည်။ အနိုင်ရရှိသူများကို ငွေတံဆိပ်၊ ဒုတိယ ရရှိသူများကို ကြေးနီတံဆိပ်ကို ပေးအပ် ချီးမြင့်သည်။ နောက်ပိုင်းတွင် IOC သည် ယင်းတို့ကို ရွှေနှင့်ငွေအဖြစ်လည်းကောင်း၊ တတိယနေရာတွင် ရှိသော အားကစားသမားများအား ကြေးတံဆိပ်များအဖြစ်လည်းကောင်း ပြန်ပြောင်းချီးမြှင့်ခဲ့သည်။ ပါဝင်နိုင်ငံ ၁၄ နိုင်ငံအနက် ၁၀ နိုင်ငံသည် ဆုတံဆိပ်များ ရရှိခဲ့သည်။ အမေရိကန်သည် ရွှေတံဆိပ်အများဆုံး ၁၁ ခု၊ အိမ်ရှင်နိုင်ငံ ဂရိနိုင်ငံက ဆုတံဆိပ်အများဆုံးဖြစ်သည်။ ဂရိလူမျိုးများအတွက် အသာရသော အချက်မှာ သူတို့၏ ပြည်တွင်းမျိုးချစ် Spyridon Louis ၏ မာရသွန် အနိုင်ရရှိခြင်းဖြစ်သည်။ အအောင်မြင်ဆုံး ယှဉ်ပြိုင်သူသည် ဂျာမန် ပြိုင်ဖက် နှင့်ပွဲလေးပွဲကိုအနိုင်ရခဲ့သော ကျွမ်းဘားသမား ကားလ် ရှမန်း Carl Schuhmann ဖြစ်သည်။ ယခု အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော အားကစားသမား ၆၅ ရာခိုင်နှုန်းကျော်သည် ဂရိလူမျိုးများ ဖြစ်သည်။ ဂရိသည် ရှေးခေတ် အိုလံပစ်ကစားပွဲများ မွေးဖွားရာ ဖြစ်၍ အေသင်ကို ခေတ်သစ်ကစားပွဲများ ကျင်းပခြင်းဖြင့် ဖွင့်ပွဲ ပြုလုပ်ရန် ၁၈၉၄ ဇွန် ၂၃ တွင် ပါရီ၌ ကူဘာတင် ဦးဆောင် စည်းဝေးသော ကွန်ဂရက်တွင် တညီတညွတ်တည်း ရွေးချယ်လိုက်သည်။ ယင်းမှာပင် IOC ကော်မတီကို ဖွဲ့စည်းသည်။ အဓိက ကျင်းပသည့် ကွင်းမမှာ ပနာသီးနစ် ကစားကွင်း ဖြစ်ကာ၊ ပြေးခုန်ပစ်နှင့် နပမ်းကို ကျင်းပသည်။ အခြားနေရာများမှာ စက်ဘီးပြိုင်အတွက် နီယို ဖလရွန် ပြိုင်ကွင်းနှင့် ဓားခုတ်အတွက် ဇက်ပီယန်ခန်းမ ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၆ တွင် ပနာသီးနစ်ကစားကွင်းအတွင်း ပြိုင်ပွဲဝင် ပြေးခုန်ပစ်သမားများ နိုင်ငံအလိုက် နေရာယူပြီးနောက် ကျင်းပသည်။ သဘာပတိလုပ်သော ကော်မတီဥက္ကဋ္ဌ အိမ်ရှေ့မင်းသား ကွန်စတင်တိုင်းက အမှာစကား ပြောပြီးနောက် သူ့ဖခင်က ကစားပွဲကို တရားဝင် ဖွင့်လှစ်သည်။ ထို့နောက် တီးဝိုင်းကိုးဖွဲ့နှင့် သံပြိုင်အဆိုတော် အယောက် ၁၅၀ က အိုလံပစ်တေးကို သီကြွေးသည်။ ယင်းသီချင်းကို စပိုင်ရီဒန် ဆမရပ်က ဖွဲ့သီကာ၊ စာသားကို ကဗျာဆရာ ကိုစတစ် ပလမတ်က ရေးသည်။ ကြီးစွာသော အောင်မြင်မှုဟု ၁၈၉၆ အိုလံပစ်ကို သတ်မှတ်ကြသည်။ ထိုခေတ် မည်သည့် အားကစားပွဲစဉ်နှင့် စာလျှင် ကစားပွဲများတွင် နိုင်ငံတကာ ပါဝင်ယှဉ်ပြိုင်မှု အကြီးကျယ်ဆုံး ရရှိသည်။ အားကစားပွဲစဉ်ကို ကြည့်ရန် ဆိုကာ ပနာသီးနစ်ကစားကွင်းဝယ် ဧရာမလူအုပ်ကြီးနှင့် လျှံထွက်နေသည်။ ပြိုင်ပွဲများ ပြီးသော်၊ နောက် ဆက်လုပ်မည့် ကစားပွဲများ အားလုံး အေသင်မှာ ကျင်းပရန်၊ ဂရိဘုရင် ဂျော့ချ်ကဲ့သို့သော အထင်ကရပုဂ္ဂိုလ်များနှင့် အေသင်ရှိ အမေရိကန်လူမျိုး ယှဉ်ပြိုင်သူများက ကူဘာတင်နှင့် IOC ကော်မတီကို အသနားခံ တောင်းဆိုကြသည်။ သို့ငြားလည်း၊ ၁၉၀၀ နွေအိုလံပစ်ကို ပါရီမှာ ကျင်းပရန် စရံသတ်ထားပြီး ဖြစ်နေရာ၊ ၁၉၀၆ ကြားဖြတ်ကစားပွဲများမှ လွဲ၍ အိုလံပစ်သည် ၁၀၈ နှစ်တာ ကြာသွားပြီးနောက် ၂၀၀၄ နွေအိုလံပစ် မတိုင်ခင်ထိ ဂရိသို့ ပြန်ရောက်လာခြင်း မရှိတော့ချေ။ ကိုးကား
|
Portal di Ensiklopedia Dunia