၂၀၂၀ ဘေရွတ်မြို့ ပေါက်ကွဲမှုများ
၂၀၂၀ ဩဂုတ် ၄ တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ပေါက်ကွဲမှုအများအပြားဖြစ်ပေါ်ခဲ့ကာ အလွန်တရာအင်အားကြီးမားသည့် အဓိကပေါက်ကွဲမှုသည် ဘေရွတ်ဆိပ်ကမ်း၌ဖြစ်ပွားခဲ့သည်။ ယင်းမတိုင်မီ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဤပေါက်ကွဲမှုကြီးသည် လူပေါင်း (၂၂၀) ဦးကို သေကြေစေခဲ့ပြီး (၇,၀၀၀)ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ပျက်စီဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း တစ်သောင်းမှ တစ်သောင်းခွဲကြားရှိသည်။ ဘေရွတ်အုပ်ချုပ်ရေးမှူး Marwan Abboud က ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူပေါင်း (၃၀၀,၀၀၀) အထိ အိုးမဲ့အိမ်မဲ့ဖြစ်သည်ဟု ခန့်မှန်းပြောဆိုထားသည်။[၁] အစိုးရသည် ရက်သတ္တပတ်နှစ်ပတ်အချိန်ကာလကို 'နိုင်ငံ၏ အရေးပေါ်အခြေနေ' ဟူ၍ ကြေညာခဲ့သည်။ ပေါက်ကွဲမှုသည် အစိုးရက စွန့်ပစ်ကုန်တင် သင်္ဘော MV Rhosus ထံမှ ဖမ်းဆီးသိမ်းယူထားသော အမိုနီယံ နိုက်ထရိတ် ၂,၇၅၀ tonne (၃,၀၃၀ short ton) နှင့်ဆက်စပ်နေသည်။ ထိုပစ္စည်းများကို စည်းစနစ်တကျမရှိဘဲ ဆိပ်ကမ်းတွင် သိုလှောင်ထားသည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒတိုင်းတာချက်အရ ငလျင်ပြင်းအား ၃.၃ ပမာဏရှိသော ဖြစ်စဉ်အဖြစ် ခွဲခြားဖော်ပြခဲ့သည်။ ထိုပေါက်ကွဲမှုဒဏ်လှိုင်းအားကို တူရကီ၊ ဆီးရီးယား၊ အစ္စရေးနှင့် တချို့သော ဥရောပအပိုင်းများမှ ခံစားခဲ့ကြရပြီး ကီလိုမီတာ (၂၅၀) ကျော်ဝေးသောဆိုက်ပရပ်စ်မှ ပေါက်ကွဲမှု အသံကို ကြားခဲ့ကြရသည်။[၂] နျူကလီးယားမဟုတ်သော အကြီးမားဆုံး ပေါက်ကွဲမှုများထဲမှ တစ်ခုအဖြစ်သတ်မှတ်ယူဆကြသည်။[၃][၄][၅] ကိုးကား
|
Portal di Ensiklopedia Dunia