ကိုက်ဖြတ် သတ္တဝါ
ကိုက်ဖြတ်သတ္တဝါ (အင်္ဂလိပ်: Rodent) ဆိုသည်မှာ ကြွက်၊ ရှဉ့်၊ ပူး များကဲ့သို့ ပုံပန်းသဏ္ဌာန်အသွင်ရှိကာ တူညီသော ဘိုးဘေးမျိုးရိုးတစ်ခုတည်းမှ ဆင်းသက်၍ ဇီဝမျိုးကွဲပြားလာခဲ့သော မျိုးရိုးတူ နို့တိုက်သတ္တဝါများပင်ဖြစ်သည်။ လက်တင်ဘာသာဖြင့် (လက်တင်: Rodere, lit. 'ကိုက်ဖြတ်ရန်') ဟူ၍ အဓိပ္ပါယ်ရသော နို့တိုက်သတ္တဝါအုပ်စုဖြစ်ပြီး ၎င်းမျိုးနွယ်သည် ဇီဝမျိုးကွဲ လွန်စွာ များပြားသောကြောင့် အောင်မြင်သော နို့တိုက်သတ္တဝါ မျိုးရိုးအုပ်စု တစ်ခုလည်းဖြစ်လေသည်။ ၎င်းကိုက်ဖြတ်တတ်သော မျိုးရိုးတူ တိရိစ္ဆာန်များအား စုဖွဲ့၍ ရိုဒန်သျှား (Rodentia) ဟု သိပ္ပံအမည်ရသော မျိုးစဉ်အဆင့်ရှိသည့် နို့တိုက်သတ္တဝါအုပ်စုအနေဖြင့် ပါဏဗေဒအလိုအရ ခွဲခြားသတ်မှတ်ထားသည်။ နို့တိုက်သတ္တဝါ မျိုးစိတ်အားလုံး၏ ထက်ဝက်နီးပါးသည် ကိုက်ဖြတ်သတ္တဝါများပင်ဖြစ်၏။ ၎င်းတိရစ္ဆာန်များတွင် ကိုက်ဖြတ်ရန်အတွက် (၂)ချောင်းထက်မပိုသော ရှေ့သွားများပါရှိကြသည်။ ထိုရှေ့သွားများသည် ကိုက်ဖြတ်မှုပြုလုပ်ခြင်းကြောင့် ကျိုးပဲ့ပျက်စီးသွားတတ်သော်လည်း ဆက်လက်ကြီးထွားလာခြင်းဖြင့် နဂိုအရွယ်အစားသို့ ပြန်လည်ဖြစ်တည်လာမြဲသာဖြစ်သည်။ ကိုက်ဖြတ် သတ္တဝါအများစုသည် တိရစ္ဆာန်အငယ်စားလေးများသာဖြစ်၏။ အိမ်ကြွက်၊ လယ်ကြွက်၊ ရှဉ့် နှင့် ချစ်ပမန့် ရှဉ့်တို့မှာ လူသိများသော ကိုက်ဖြတ်သတ္တဝါများဖြစ်သည်။ တခါတရံ အိမ်မွေးတိရိစ္ဆာန်များအဖြစ် မွေးမြူလေ့ရှိသော အခြားသော ဟမ်းစတား ကြွက်ငယ်များသည် အမှန်တွင် ပူး (ဂိနီဝက်)၊ ဟမ်းစတားများနှင့် ဂါဘီလ် ကြွက်များသာ ဖြစ်သည်။ အရွယ်အစားကြီးမားသော ကိုက်ဖြတ်သတ္တဝါများအနေဖြင့် ဥပမာပေးရလျှင် ဖြူကောင်၊ ဘီဗာရှဉ့်ဝံနှင့် ကပီဘာရာ ကြွက်ကြီးများဖြစ်ကြပြီး ၎င်းတို့ထဲမှ ကပီဘာရာကြွက်ကြီးများသည် အရွယ်အစားအကြီးမားဆုံးဖြစ်ကာ မှတ်တမ်းများအရ ခန္ဓာကိုယ်အရှည် ၄၄ စင်တီမီတာ (၁.၄၄ ပေ) ၁၀၅ မှ ၁၃၅ စင်တီမီတာ (၄၀ - ၅၅ လက်မ) နှင့် အလေးချိန် ၃၅ မှ ၆၅ ကီလိုဂရမ် ( ၇၅ - ၁၄၀ ပေါင် ) အထိပင် ရှိနိုင်သည်ဟုသိရသည်။[၁] ![]() ![]() ကိုးကား
|
Portal di Ensiklopedia Dunia