ကျူးဘားနိုင်ငံကိုဩဒိနိတ်: 22°00′N 80°00′W / 22.000°N 80.000°W
ကျူးဘားသမ္မတနိုင်ငံသည် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။ ကျူးဘားနိုင်ငံတွင် ကျူးဘားကျွန်းနှင့် အခြားကျွန်းပေါင်းများစွာ ပါဝင်သော ကျွန်းစုဖြင့် ဖွဲ့စည်းထားသည်။ အကြီးဆုံးမြို့မှာ မြို့တော်လည်း ဖြစ်သော ဟာဗားနားမြို့ ဖြစ်သည်။ စန်တီယာဂိုဒီကျူးဘား မှာ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည်။[၁၀][၁၁] ကျူးဘား၏ မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု နှင့် ဘဟားမားစ်နိုင်ငံ၊ အနောက်ဘက်တွင် မက္ကဆီကိုနိုင်ငံ၊ တောင်ဘက်တွင် ကေမန်းကျွန်းစု နှင့် ဂျမေကာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဟေတီနိုင်ငံ နှင့် ဒိုမီနီကန်သမ္မတနိုင်ငံ တို့ တည်ရှိသည်။ ၁၄၉၂တွင် ခရစ္စတိုဖာကိုလံဘတ် က ယခုကျူးဘားကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စပိန်ဘုရင့်နိုင်ငံအတွက် ပိုင်ဆိုင်မှုအဖြစ် ကြေညာခဲ့သည်။ ၁၈၉၈ တွင် ပြီးဆုံးခဲ့သော စပိန်-အမေရိကန်စစ်ပွဲ မတိုင်ခင်အထိ ကျူးဘားသည် စပိန်နိုင်ငံ၏ နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ၁၉၀၂ တွင် အမေရိကန်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၅၃မှ ၁၉၅၉အတွင်း ကျူဘားတော်လှန်ရေး ဖြစ်ပွားပြီး ဘာတစ္စတာ၏ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့သည်။ ဖီဒယ်လ် ကက်စထရို က ဦးဆောင်ပြီး အစိုးရဖွဲ့ခဲ့သည်။[၁၂] ကျူးဘားသည် လူဦးရေ (၁၁)သန်းကျော်ရှိသော ကျွန်းနိုင်ငံဖြစ်ပြီး ကရစ်ဘီယံပင်လယ် အတွင်း လူဦးရေ အထူထပ်ဆုံးသော တိုင်းပြည်ဖြစ်သည်။ ကျူးဘားတွင် ဒေသခံမဟုတ်သော တိုင်နို နှင့် ဆစ်ဘိုနီ (Ciboney) လူမျိုးစုများ၊ စပိန်ကိုလိုနီခေတ်အတွင်းက ကျွန်အဖြစ် ရောင်းချခြင်းခံရသော အာဖရိကသားများ စသည်ဖြင့် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ရောနှောနေသည်။ ကျူးဘားသည် စာတတ်မြောက်မှုနှုန်း ၉၉.၈%ရှိသည်။[၁၃][၁၄] ဖွားသေနှုန်းမှာလည်း ဖွံ့ဖြိုးပြီး တိုင်းပြည်များထက်ပင် လျော့နည်းသေးသည်။[၁၅] လူတစ်ဦးချင်း၏ မျှော်မှန်းနိုင်သော သက်တမ်းမှာလည်း ၇၇.၆၄ နှစ် ရှိသည်။ [၁၃] ၂၀၀၆ခုနှစ် စာရင်းအရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ၀.၈ ရှိသော လွန်စွာ ဖွံ့ဖြိုးနေသည့် တိုင်းပြည် ဖြစ်သည်။ [၁၆]. ကျူးဘားကျွန်းမှာ အနောက်အိန္ဒိယ ကျွန်းစုများထဲတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံး ဖြစ်၏။ ကျွန်း၏ ပုံသဏ္ဌာန် မှာ ငှက်၏လျှာကဲ့သို့ ခပ်ကွေးကွေး ဖြစ်၏။ ကျူဘားကျွန်းသည် မက္ကဆီကို ပင်လယ်ကွေ့အဝင်ဝ အလယ်တွင်ရှိသဖြင့် အဝကို ဝင်ပေါက်နှစ်ပေါက်ဖြစ်အောင် အညီအမျှ ပိုင်းခြားထား သကဲ့သို့ တည်ရှိနေလေသည်။ ထိုကျွန်းသည် ဖလော်ရီဒါ ပြည် နယ် ကီးဝက်မှ မိုင် ၁ဝဝ ခန့် ကွာ၍ ယုကတန်ကျွန်းဆွယ်မှ မိုင် ၁၃ဝ ဝေးသည်။ တောင်ဘက် ၈၅ မိုင်အကွာတွင် ဂျမေးကားကျွန်းနှင့် အရှေ့ဘက် မိုင် ၅ဝ ခန့်အကွာတွင် ဟေးတီး ကျွန်း ရှိလေသည်။ ကျူဘားကျွန်းသည် အလျားမိုင် ၇၃ဝ နှင့် အနံပျမ်းမျှမိုင် ၅ဝ ရှိ၏။ ဥိင်းအော့ပိုင်းအမည်ရှိသော ကျွန်းကလေးကို ထည့်သွင်းရေတွက်မည် ဆိုလျှင် ကျူဘားကျွန်း၏ အကျယ် အဝန်းမှ စတုရန်းမိုင်ပေါင်း ၃၄၆၇၄၈ ရှိလေသည်။ လူဦးရေမှာ ၁၉၅၂ ခုနှစ်တွင် ၅၅၂၃ဝဝဝ ဖြစ်၏။ ကျွန်း၏ ကမ်းရိုးတန်း တစ်လျှောက်တွင် ကျွန်းငယ်ကလေးများ၊ ပင်လယ်ကွေ့များ၊ ကျောက်ခက်တန်းများ ပေါများလှ၍ ကမ်းရိုးတန်း၏ အလျားမှာ ၂၂ဝဝ မိုင် ရှိလေသည်။
ကျွန်း၏တဝက်ခန့်မှာ သစ်တောများ ဖုံးလွှမ်းလျက် ရှိ၏။ နိုင်ငံခြားသို့ တင်ပို့ရသော ထွက်ကုန် များ၏ ၉ဝ ရာခိုင်နှုန်းမှာ လယ်ယာကိုင်းကျွန်းနှင့် သစ်တော များမှ ရရှိသောပစ္စည်းများ ဖြစ်သည်။ ကျူးဗားကျွန်းတွင် ကြံပင်၊ ဆေးရွက်၊ ငှက်ပျော၊ ကာဖီစသည်တို့ကို စိုက်ပျိုးကြ၏။ ထွက်ကုန်၏ ၈ဝ ရာခိုင်နှုန်းမှာ သကြားဖြစ်၍ ကမ္ဘာပေါ်တွင် ဒုတိယသကြားအထွက်ဆုံးသော နိုင်ငံဖြစ်သည့်ပြင်၊ ပထမတန်း ဆေးရွက်များထွက်သော နိုင်ငံလည်းဖြစ်လေသည်။ ကျူးဗားကျွန်းမှ သံ၊ ကြေးနီ၊ ကရိုမီယမ်၊ မန်ဂနိ စသော သတ္တုများထွက်သည်။ သကြားလုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ ဆေးလိပ်၊ စီးကရက်၊ ဆပ်ပြာ၊ ဦးထုပ်နှင့် ဖိနပ်လုပ်ငန်း များလည်း ထွန်းကား၍ ကျွန်း၏ လူဦးရေ ရာခိုင်နှုန်း ၂ဝ လောက်မှာ ထိုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြ လေသည်။ စပိန်လူမျိုးတို့ ကြီးစိုးစဉ်က တိုင်းဦးသားလူမျိုးများအား လွန်စွာနှိပ်စက်သဖြင့် အမျိုးပျောက်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကို ချဲ့ထွင်လုပ်ကိုင်ကြသော အခါ အာဖရိကတိုက်မှ နီးဂရိုးကပ္ပလီလူမျိုးတို့ကို အလုပ်ကြမ်း များ၌ အသုံးပြုရန် ခေါ်ယူရလေသည်။ ကျူးဗားကျွန်း၏လူဦးရေ ရ၅ ရာခိုင်နှုန်းမှာ လူဖြူများဖြစ်၍ ၂၄ ရာခိုင်နှုန်းမှာ နီးဂရိုး ကပ္ပလီလူမဲများ ဖြစ်ပြီးလျှင် ၁ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများ ဖြစ်လေသည်။ ဟာဗားနားမြို့သည် ကျူးဗားကျွန်း၏ မြို့တော်ဖြစ်၍ အကြီးဆုံးမြို့လည်း ဖြစ်သည်။ ထိုမြို့၏လူဦးရေမှာ ၆၇၁၇၆ ယောက်ဖြစ်၍ တက္ကသိုလ်ကျောင်းတစ်ခုရှိ၏။ အခြားမြို့ကြီး များမှာ သင်္ဘောဆိပ်မြို့များဖြစ်သော ဆန်တီယာဂိုဒီကျူးဗားနှင့် ဆီယင်ဖွေးဂိုးတို့ ဖြစ်လေသည်။[၁၇] မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia