ဂျီဘူတီနိုင်ငံကိုဩဒိနိတ်: 11°30′N 43°00′E / 11.500°N 43.000°E
ဂျီဘူတီ (Djibouti) ၏ တရားဝင်အမည်မှာ ဂျီဘူတီသမ္မတနိုင်ငံ (Republic of Djibouti) ဖြစ်သည်။ အာဖရိကတိုက်၏ အရှေ့ဘက်၊ ပင်လယ်နီ၏ ထွက်ပေါက် ဖြစ်သော အရှေ့ဘက် ရေလက်ကြားအနီးရှိ အာဖရိက ဦးချိုဒေသ တွင် တည်ရှိသည်။ မြောက်ဘက်တွင် အီရီထရီးယားနိုင်ငံ၊ အနောက်ဘက်နှင့်တောင်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဆိုမာလီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ကျန်သောအရပ်မျက်နှာများတွင် ပင်လယ်နီ နှင့် အေဒင်ပင်လယ်ကွေ့ တို့နှင့် ထိစပ်နေသည်။ ယခင်က ပြင်သစ် ဆိုမာလီနိုင်ငံ ဖြစ်သည့် အဖားနှင့် အစ္စတ်နယ်နှစ်ခုပေါင်းစည်း ထားခြင်းဖြစ်သည်။ ကျဉ်းမြောင်းသော နိုင်ငံငယ်ဖြစ်သော်လည်း ဆူးအက်တူးမြောင်း ပင်လယ်ရေကြောင်း လမ်းခရီး၌ တည်ရှိသောကြောင့် ဤနိုင်ငံငယ်သည် အရေးပါနေလေသည်။၂၀၀၉ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၈၆၅,၀၀၀ မျှသာရှိသော ဂျီဘူတီနိုင်ငံသည် အာဖရိကတိုက်၏ လူနေအကျဲပါးဆုံးသောတိုင်းပြည် ဖြစ်သည်။ [၆] အစ္စလမ်ဘာသာသည် လူဦးရေ၏ ၉၄% က ကိုးကွယ်ကြပြီး အများစုကိုးကွယ်ရာဘာသာဖြစ်သည်။ ကျန်သော ၆%မှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။ ဂျီဘူတီနိုင်ငံတွင် ဆိုမာ လီအနွယ်ဝင် အစ်ဆာလူမျိုး၆၀ % ၊အက်ဖာ လူမျိုး ၃၅% နှင့်အတူ ကျန် ၅% တို့မှာ ဥရောပတိုက်သားများ၊ အာရပ်လူမျိုးများလည်း လူနည်းစုအဖြစ် နေထိုင်ကြသည်။ မြို့တော်မှာ ဂျီဘူတီမြို့ ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်နှစ်များတွင် ပြင်သစ်တို့က ဆိုမာလီဆူလတန်တို့နှင့် စာချုပ်အမျိုးမျိုး ချုပ်ဆိုကာ ဂျီဘူတီနှင့် ပြင်သစ်ဆိုမာလီ တို့ကို ကိုလိုနီအဖြစ်သိမ်းပိုက်ခဲ့သည်။ [၇] နှစ်ပေါင်း ၁ဝဝ ကျော် ပြင်သစ်တို့၏ ကိုလိုနီ ဘဝဖြင့် နေထိုင်ခဲ့ရသော ဂျီဗူတီနယ်သူ နယ်သားများသည် ၁၉၆၇ ခုနှစ် မတိုင်မီကပင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်၍ လွတ်လပ်ရေး တောင်းဆိုခဲ့ကြ လေသည်။ ပြင်သစ်တို့က လက်မလွှတ်လိုကြသကဲ့သို့ နယ်စပ်ချင်း ဆက်စပ်လျက်ရှိသော အီသီအိုးပီးယားနိုင်ငံနှင့် ဆိုမာလီးယား နိုင်ငံတို့ကလည်း ယင်းတို့၏ နယ်ပယ်များအတွင်းသို့ သွတ်သွင်းလိုကြသည်။ ၁၉၇၅ ခုနှစ်တွင် အီသီအိုးပီးယန်း လူမျိုးတို့နှင့် နှီးနွှယ်သော အဖားတိုင်းရင်းသားတို့နှင့် ဆိုမာလီတို့နှင့် နှီးနွှယ်သော အစ္စတ်တိုင်းရင်းသားတို့ ပဋိပက္ခ ဖြစ်ခဲ့ကြ သေးသည်။ သို့သော် အဖားတိုင်းရင်းသားများနှင့် အစ္စတ်တိုင်းရင်းသားများ၏ လွတ်လပ်ရေးကို စုပေါင်းတောင်းဆို ဆန္ဒပြမှုများကြောင့် ၁၉၇၇ ခုနှစ် ဇွန် လ ၂၇ ရက် နေ့ တွင် ဂျီဘူတီနိုင်ငံအဖြစ် လွတ်လပ်ရေး ရခဲ့လေသည်။ လွတ်လပ်ရေးရပြီးသော်လည်း ဂျီဘူတီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် နက်ရှိုင်းစွာဆက်ဆံပြီး စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ပြင်သစ်ထံမှာ လုံခြုံရေးနှင့် စီးပွားရေးအကူအညီမြောက်မြားစွာ ရယူနေဆဲဖြစ်သည်။ [၈] လွတ်လပ်ရေးရရှိခဲ့သော ဂျီဗူတီသမ္မတနိုင်ငံအား ၁၄၈ နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုရန် လုံခြုံရေးကောင်စီက မဲပေးထောက်ခံခဲ့လေသည်။၁၉၇၇၊ စက်တင်ဘာလ (၂၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ [၉][၁၀] နိုင်ငံအတွင်း ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများမှအပ အခြားလုပ်ငန်း ကြီးကြီးကျယ်ကျယ် မရှိလှချေ။ ဆားသည်အဖိုးတန်ဆုံးသော ထွက်ကုန်ဖြစ်သည်။ အီသီအိုးပီးယားနိုင်ငံမှ နိုင်ငံခြားကုန်သွယ်ရေးသည် ဂျီဗူတီဆိပ်ကမ်းမြို့မှတစ်ဆင့် ဆက်သွယ်ရလေသည်။ [၁၁]
ဂျီဗူတီနိုင်ငံသည် အီသီယိုးပီးယားနှင့် ဆိုမာလီးယားနှစ်နိုင်ငံ ပြဿနာတွင် ငြိမ်းချမ်းမှုရစေရန် ကြားဝင် ဆောင်ရွက်ပေးခဲ့ သော နိုင်ငံဖြစ်သည်။ ဂျီဗူတီသမ္မတ အက်တီဒွန်သည် ၁၉၈၁ ခု မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ထိ အီသီယိုးပီးယားနိုင်ငံ သို့လည်းကောင်း၊ မတ်လ ၂၁ ရက်မှ ၂၅ ရက်ထိ ကင်ညာ နိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁ဝ ရက်မှ ၁၆ ရက်ထိ ဆိုမာ လီးယားနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၈ ရက်မှ ၂ဝ ရက်နေ့ ထိ ဆူဒန်နိုင်ငံသို့လည်းကောင်း၊ တောင်ယီမင်နိုင်ငံသို့လည်း ကောင်း ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် သွားရောက်လည်ပတ် ခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံသမ္မတများ သည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘော တူညီမှုအရ စီးပွားရေးနည်းပညာနှင့် သိပ္ပံပညာရပ်များတွင် နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်း၍လည်း အထွေထွေ သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက် တွင် အီသီယိုပီးယားနှင့် ဂျီဗူတီ မီးရထားလမ်းဖောက်ရေးနှင့် စပ်ဆိုင်သော စီမံချက်များ ပါဝင်လေသည်။ ယင်းမီးရထား လမ်းသည် အီသီယိုပီးယားနိုင်ငံ၏ ပြည်ပပို့ကုန် ၆၁ ရာခိုင် နှုန်းကို တင်ပို့ရာ ခရီးလမ်းဖြစ်ပြီး စောစောပိုင်းက ဆိုမာလီး ယားတို့က ဖျက်ဆီးမှုပြုခဲ့သည်။ ကင်ညာခရီးစဉ် အပြီး၌လည်း ကင်ညာနှင့်ဂျီဗူတီသမ္မတ နှစ်ဦးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ထပ်မံ၍ ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။ ဆိုမာလီးယားနိုင်ငံ ခရီးစဉ်အပြီးတွင်လည်း နှစ်နိုင်ငံသမ္မတ များသည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အာဖရိက ဦးချိုဒေသတွင် ငြိမ်းချမ်း ရေးရရှိစေရန် အစွမ်းရှိသရွေ့ ဆောင်ရွက်ကြရန်ကိုလည်း နှစ် နိုင်ငံပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ ဂျီဗူတီ အမျိုးသားလွှတ်တော် သဘာပတိ အက်ဒီကာဒါဝါ ဘရီသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဂျီဗူတီနိုင်ငံသည် အနောက်ဂျာမနီနှင့် အီရတ်နိုင်ငံများထံမှ အကူအညီ အထောက်အပံ့များ ရရှိမည်ဖြစ်ကြောင်းဖြင့် ဂျီဗူတီ အစိုးရပိုင်းက ကြေညာသည်။ အီရတ်နိုင်ငံမှ ဒေါ်လာ ၄၈၅ဝဝဝ အကူအညီရရှိမည်ဖြစ်ပြီး၊ အနောက်ဂျာမနီနိုင်ငံထံမှ ခရီးသည် တင် သင်္ဘောတစ်စင်း၊ ယာဉ်မျိုးစုံတစ်ဒါဇင်နှင့်အတူ ရေဒီယို ပစ္စည်းများပါ ရရှိမည်ဖြစ်ကြောင်းဖြင့် မတ်လ ၂၃ ရက်နေ့တွင် ကြေညာသည်။ ဂျီဗူတီနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ မိုးခေါင်နေခဲ့ ရာမှ ၁၉၈၁ ခုနှစ်မတ်လအတွင်း၌ မိုးသည်းထန်စွာရွားသွန်းခဲ့ သည်။ ဂျီဗူတီအရှေ့မြောက်ပိုင်းတွင် ရေလျှံမှုကြောင့် လူတစ် သိန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူ ၂၅ ဦး သေဆုံးခဲ့ရသည်။ ဂျီဗူ တီနိုင်ငံသို့ နိုင်ငံအများအပြားမှ အရေးပေါ်အကူအညီများ ပေးခဲ့ ကြပြီး အစ္စလာမ်မစ်ကွန်ဖရင့်အဖွဲ့၏ သွေးစည်းညီညွတ်ရေး ရန်ပုံငွေမှ ဒေါ်လာသုံးသိန်းထောက်ပံ့ရန် ကတိပြုခဲ့လေသည်။ ကိုးကား
|
Portal di Ensiklopedia Dunia