စောဘဦးကြီး
![]() စောဘဦးကြီး (၁၉၀၃ - ၁၉၅၀) သည် ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်သည်။[၁] ကရင်တော်လှန်ရေးဖခင်ကြီးအဖြစ် လူသိများသည်။ အင်္ဂလန် ကိန်းဘရစ်ချ် တက္ကသိုလ်မှ ဥပဒေပညာနှင့် ဘွဲ့ရခဲ့သည်။[၂] ၁၉၃၇ မှ ၁၉၃၉ ခုနှစ်အထိ ဗြိတိသျှဘားမား ဘဏ္ဍာရေးဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ဖေဖော်ဝါရီမှ ဧပြီလအထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်၊[၂] ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ၇က်နေ့တွင် ဗမာ့တပ်မတော်၏ ပျောက်ကြားတိုက်ခိုက်မှုတွင်ကွယ်လွန်ခဲ့သည်။[၂] ကရင်တို့သည် စောဘဦးကြီး၏ မူလေးချက်ကို ကရင်တော်လှန်ရေး မူလေးချက်အဖြစ် သတ်မှတ်သုံးစွဲကြသည်။[၃]
အစောပိုင်းဘဝစောဘဦးကြီးကို အဖဦးသာမြတ်ကြီး၊ အမိဒေါ်နော်အေးနုတို့မှ ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဗြိတိသျှဘားမား ပုသိမ်မြို့အနီးဘဲဂရက်ရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှ ကရင်လူမျိုးခရစ်ယာန်ဘာသာဝင်ဖြစ်ကြပြီ ချမ်းသာကြသည်။ မူလတန်းမှ အထက်တန်းအထိ ကရင်ဘာသာဖြင့် သင်သောကျောင်းတွင် တက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လန်ဒန်သို့ သွားရောက်ကာ ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ဥပဒေဘွဲ့ ရရှိခဲ့သည်။ နိုင်ငံရေးဘဝ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဒေါက်တာဘမော် အစိုးရတွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ၁၉၃၇ – ၁၉၃၉ အထိထမ်းဆောင်ခဲ့သည်။[၄] ထို့နောက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဖေဖော်ဝါရီ ၁၉၄၇ – ဧပြီ ၁၉၄၇ ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင် စောဘဦးကြီးသည် ကရင်လူမျိုးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာတွင် ကရင်ဗဟိုအဖွဲ့၏ ခေါင်းဆောင်များအနက် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။ ကရင်ဗဟိုအဖွဲ့သည် ကရင်နိုင်ငံတော် ဖြစ်မြောက်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးခဲ့သည်။ ၁၉၄၆ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့တွင် စောဘဦးကြီးနှင့် အခြားကရင်ခေါင်းဆောင်များသည် ကရင်နိုင်ငံဖြစ်မြောက်ရေးအတွက် လန်ဒန်သို့ ရောက်ရှိခဲ့ကြသည်။ ထိုစဉ်က ကရင်နယ်မြေအား ဗြိတိသျှမှ ထိန်းချုပ်ထားရာ ကရင်လူမျိုးများအရေးအတွက် ဂရိတ်ဗြိတိန်သို့ သွားရောက် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ တွင် ဗြိတိသျှအစိုးရသည် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဖဆပလ အဖွဲ့အား မြန်မာနိုင်ငံအား အုပ်ချုပ်စေခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် စောဘဦးကြီးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ဖဆပလ အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ စောဘဦးကြီးသည် ဖဆပလ ၏ နိုင်ငံရေး လမ်းစဉ်များအား သဘောမတူညီတော့သည့် အလျောက် ကရင်အမျိုးသား အစည်းအရုံးကို တည်ထောင်ရန် အဖွဲ့မှ ထွက်ခဲ့သည်။[၄] ကရင်အမျိုးသားအသင်း (KNA)၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO) လေးဖွဲ့မှ အဖွဲ့ဝင် ၇၀၀ ကျော်သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကာ ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ့စည်းခဲ့သည်။ အစည်းအရုံးသည် ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင်အများစု နေထိုင်သည့်ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့် မဲဆန္ဒမြေ သတ်မှတ်ပေးရန်၊ ကရင်စစ်တပ် ထားရှိခွင့်ပေးရန်၊ သီးခြား ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စသည့် တောင်းဆိုချက်များကို ဗြိတိသျှအစိုးရထံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၄] မိသားစုဘဝ၁၉၂၆ ခုတွင် ရီနီ (Rene Rose Kemp) နှင့် အိမ်ထောင်ပြုသည်။ သား ၁၊ သမီး ၁ ရသည်နောက် ဗမာပြည်ပြန်လာကာ ပုသိမ်မြို့၊ ကရင်ရပ် ဒေါက်တာစံစီဖိုး၏ ကိုသာဖြူရိပ်သာတွင် နေကာ ရှေ့နေလုပ်သည်။ ၁၉၄၆၀ ပြည့်တွင် ဖခင်ဆုံးသဖြင့် ရွာပြန်သည်။ ပုသိမ်ပြန်လာသော် ဇနီးက သားသမီးတို့ကိုခေါ်ကာ အင်္ဂလန်ပြန်သွားကြောင်း တွေ့ရသည်။ ညီဝမ်းကွဲ ဗြိတိသျှစစ်ဗိုလ် စောဘသက်ကြီး၏ ဇနီး (အရေးပိုင် ဦးဇံ သမီး) နော်နီတာနှင့် အနေအထိုင် ရင်းနှီးလွန်းသည်ကို ရီနီက သဘောမကျသောကြောင့် ဖြစ်၏။ ၁၉၄၆ ခုတွင် အင်္ဂလန်သို့ ချစ်ကြည်ရေးခရီးသွားရစဉ် ရီနီကို တရားဝင်ကွာရှင်းပေးခဲ့၏။ ဂျပန်ခေတ်တွင် စောဘသက်ကြီး သေသည်နောက် နော်နီတာကို ပေါင်းသည်။ ပုသိမ်နယ်ရှိ ရွာတရွာမှ (ဗြိတိသျှစစ်ဗိုလ် ထွန်းကျော် သမီး၊ ဗြိတိသျှ မလေးယျတွင် မွေးသူ) နော်မလေးကို တရားမဝင် ယူသည်။ သမီး ထီးမူ ရ၏။ အင်းစိန်သို့ ပြောင်းနေစဉ် နော်မလေးက လိုက်မလာ။ သမီးသာ ပါသည်။ ထိုစဉ် နော်နီတာလိုက်လာပြီး တရားဝင် လက်ထပ်ကြသည်။ ကွယ်လွန်ခြင်းဖဆပလအစိုးရနှင့် ဆွေးနွေးမှုများ မအောင်မြင်သည့်အလျောက် ၁၉၄၉ ခုနှစ်တွင် စောဘဦးကြီးသည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကိုဖွဲ့စည်းကာ လက်နက်ကိုင်ခဲ့သည်။ ၁၉၅၀ ပြည့်၊ ဩဂုတ်လ ၁၂ ရက်တွင် ကော့ကရိတ်မြို့အနီးရှိ ထော့ကိုကိုးရွာသို့ ရောက်ရှိနေကြောင်း သတင်းရသဖြင့် တပ်မတော်မှ ဗိုလ်ကြီးစိန်လွင် (နောက် နိုင်ငံတော်သမ္မတ) ဦးစီးသော တပ်ခွဲမှ အငိုက်ယူတိုက်ခိုက်ရာ ကွယ်လွန်သည်။[၅][၆] စောဘဦးကြီး၏ ရုပ်အလောင်းအား မော်လမြိုင်သို့ သယ်ဆောင်ကာ ပင်လယ်တွင်း လေးမိုင်ခန့်တွင် ရေချသင်္ဂြုဟ်ခဲ့သည်။[၄] ကရင်အာဇာနည်နေ့စောဘဦးကြီး ကွယ်လွန်ခဲ့သော ဩဂုတ်လ ၁၂ ရက်နေ့အား ကရင်အာဇာနည်အနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။[၇][၈] ကိုးကား
|
Portal di Ensiklopedia Dunia