ကရင်အမျိုးသားအစည်းအရုံး (အင်္ဂလိပ်: Karen National Union, KNU) သည် မြန်မာနိုင်ငံရှိ ကရင်လူမျိုးတို့၏ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ KNU ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ယခင်က ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် (Karen National Defense Organization, KNDO) ဟု သိရှိခဲ့ရပြီး နောက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army, KNLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံရှိ သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
ဒေါကလူ (Do Kalu)
ကရင်အမျိုးသားများ၏ ပထမဆုံး အမျိုးသားရေး အဖွဲ့အစည်းမှာ ဒေါကလူ ဖြစ်သည်။ ၎င်းကို ၁၈၈၁ ခုနှစ်တွင် ဒေါက်တာ တီးသံပြာက စတင်ဖွဲ့စည်းခဲ့သည်။[၂]
- ၁၉၄၃ ခုနှစ်: ဒေါကလူ ခေါင်းဆောင်များနှင့်အတူ Karen Central Advisory Board (K.C.A.B) ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဒေါက်တာဆာစံစီဖိုး၊ စောဘမောင်၊ စောသာဒင်တို့ ပါဝင်ခဲ့သည်။
- ၁၉၄၅ ခုနှစ်: K.C.A.B ကို Karen Central Organization (K.C.O) အဖြစ် အသွင်ပြောင်းလဲခဲ့သည်။ စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီးတို့ ပါဝင်သည်။
- ၁၉၄၆ ခုနှစ်: K.C.O ကိုယ်စား အဖွဲ့တစ်ဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍ စောဘဦးကြီး၊ စောသာဒင်၊ ဆစ်ဒနီလူနီနှင့် စောဖိုးချစ်တို့ ပါဝင်ပြီး သီးခြားကရင်ပြည်နယ် ရရှိရေးအတွက် ဗြိတိသျှတို့နှင့် ဆွေးနွေးခဲ့ကြသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဖွဲ့စည်းခြင်း
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရင်အမျိုးသား အစည်းအရုံး (Karen National Union - KNU) ကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် KNA (ဒေါကလူ)၊ ဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO) ဟူသော အဖွဲ့လေးဖွဲ့ကို ပေါင်းစည်း၍ ဖွဲ့စည်းခဲ့သော ကရင်အဖွဲ့ချုပ်ကြီး ဖြစ်သည်။ ပထမဆုံး KNU ဥက္ကဋ္ဌမှာ စောသာဒင် ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်၌ ပဲခူးတွင် KNU မှ ကြီးမှူး၍ ကရင်အမျိုးသား ညီလာခံတစ်ရပ် ကျင်းပခဲ့သည်။ ညီလာခံမှ အောင်ဆန်း-အက်တလီ စာချုပ်ကို ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင်အများစု နေထိုင်သည့်ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့်မဲဆန္ဒနယ်များ သတ်မှတ်ပေးရန်၊ ကရင်စစ်တပ် သီးသန့်ထားရှိခွင့်ပြုရန်နှင့် သီးခြားကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စသည့် တောင်းဆိုချက်များကို ချမှတ်ပြီး လန်ဒန်ရှိ ဒေါင်းနင်းလမ်းသို့ ပေးပို့ခဲ့သည်။ တောင်းဆိုချက်များ မလိုက်လျောပါက ၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်မည်မဟုတ်ကြောင်းနှင့် သပိတ်မှောက်မည် ဖြစ်ကြောင်းလည်း အကြောင်းကြားခဲ့သည်။ ဒေါင်းနင်းလမ်းမှ မည်သို့မျှ အကြောင်းပြန်ကြားခြင်း မရှိသောကြောင့် KNU မှ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
KNU အတွင်း သဘောထားကွဲလွဲမှု
ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနှင့်ပတ်သက်၍ KNU အတွင်း သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ မန်းဘခိုင်နှင့် စောစံဖိုးသင်က ရွေးကောက်ပွဲဝင်ရန် လိုလားခဲ့ကြပြီး စောဘဦးကြီးနှင့် မန်းဘဇံက ရွေးကောက်ပွဲမဝင်ရန် လိုလားခဲ့ကြသည်။ နောက်ဆုံးတွင် KYO အဖွဲ့အဖြစ် ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ကြသည်။
ကရင့်အမျိုးသားကာကွယ်ရေးတပ် (KNDO)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် KNDO ကို ဖွဲ့စည်းခဲ့သည်။ KNDO ၏ စစ်ဦးစီးချုပ်မှာ မန်းဘဇံဖြစ်ပြီး စစ်ဆင်ရေးမှူးများမှာ စောဟန်တာသာမွှေးနှင့် စောစိုင်းကေတို့ ဖြစ်ကြသည်။ KNDO စတင်ဖွဲ့စည်းရာတွင် ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ဗဟို ဟူ၍ အဆင့်ဆင့် ဖွဲ့စည်းခဲ့ရာ တစ်နိုင်ငံလုံး၌ ခရိုင်ပေါင်း ၂၀ ထားရှိခဲ့ပြီး လက်နက်ကိုင်တပ်သား အင်အား ၁၀,၀၀၀ ကျော် ရှိခဲ့သည်။ အင်းစိန်ခရိုင် တာဝန်ခံမှာ စကောမောလေး ဖြစ်ပြီး၊ သင်တန်းဆရာမှာ ဗိုလ်ကြီး စကောလေးခို ဖြစ်ကာ ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် ကရင်လူမျိုးများ၏ အခြေအနေများကို သင်ကြားပို့ချခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး အစ
ကေအင်ယူ၏ဖခင် စောဘဦးကြီး
ကရင်အမျိုးသားများ၏ တောင်းဆိုချက်
- ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့: မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ကရင်အမျိုးသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ အင်းစိန်၊ ပဲခူး၊ သာယာဝတီ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ ဟံသာဝတီ၊ တောင်ငူ၊ သထုံ၊ ကျိုက္ခမီနှင့် ကရင်နီနယ်များ၌ ကရင်လူထု ၄ သိန်းခွဲကျော်သည် အောက်ပါ ကြွေးကြော်သံ ၄ ရပ်ဖြင့် အသံတိတ်ဆန္ဒပြခဲ့ကြသည်[၃]-
"ကရင်ပြည်....ချက်ချင်းပေး"
"ကရင် တစ်ကျပ်....ဗမာတစ်ကျပ်....ချက်ချင်းပြ"
"လူမျိုးရေး အဓိကရုဏ်း....အလိုမရှိ"
"ပြည်တွင်းစစ်....အလိုမရှိ"
စောဘဦးကြီး မူ (၄) ချက်: ကရင်လက်နက်ကိုင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်သော စောဘဦးကြီးက အောက်ပါမူ ၄ ချက်ကို ချမှတ်ခဲ့သည်-
လက်နက်ချစကား အလျှင်းမပြောရ။
ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည်။
ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။
ကရင်ကံကြမ္မာ ကရင်ဖန်တီးရမည်။
ပထမဆုံးတိုက်ပွဲနှင့် အင်းစိန်တိုက်ပွဲ
၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်: ဖဆပလအစိုးရ၏ စစ်ရဲတပ်ရင်း ၂၁ က သမိုင်းခဝဲခြံရှိ KNDO တပ်များကို စတင်တိုက်ခိုက်ခဲ့သည်။ KNDO များကလည်း ပြန်လည်ခုခံခဲ့ပြီး မင်္ဂလာဒုံမှ ဗိုလ်မှူးအောင်စိန် ဦးစီးသည့် အမြောက်တပ်တစ်တပ်လုံးသည် အင်းစိန်သို့ ချီတက်ကာ KNDO များနှင့် ပူးပေါင်းခဲ့သည်။
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်: KNDO တို့က အင်းစိန်ကို သိမ်းပိုက်ရရှိခဲ့ပြီး အင်းစိန်တိုက်ပွဲ စတင်ခဲ့သည်။ ထို့နောက် ဖဆပလအစိုးရက စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း အပါအဝင် ကရင်အမျိုးသား အရာရှိကြီးများအား ရာထူးမှ ရုပ်သိမ်းခဲ့ပြီး ဗိုလ်ချုပ်နေဝင်းသည် စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်နေဝင်းက ကရင်ရိုင်ဖယ် တပ်ရင်းများအား လက်နက်သိမ်းရန် ကြိုးပမ်းခဲ့ရာ ကရင်ရိုင်ဖယ် တပ်ရင်း (၁) နှင့် တပ်ရင်း (၂) တို့သည် တောခိုကာ ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွင် ပူးပေါင်းခဲ့သည်။ အင်းစိန်တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများစွာ ရှိခဲ့သည်။
တော်လှန်ရေး လမ်းစဉ်များ ချမှတ်ခြင်း
- အင်းစိန်မှ ဆုတ်ခွာခြင်း: အင်းစိန်တိုက်ပွဲမှ ဆုတ်ခွာပြီးနောက် KNU ခေါင်းဆောင်များသည် ကြာအင်းဇောင်းတွင် အစည်းအဝေးကျင်းပကာ တာဝန်များ ခွဲဝေခဲ့ကြသည်။ စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့က အရှေ့တိုင်းနှင့် တောင်ငူခရိုင်သို့ သွားရောက်ခဲ့ပြီး မန်းဘဇံနှင့် စောဟန်တာသားမွှေးတို့က ဧရာဝတီတိုင်း (မြစ်ဝကျွန်းပေါ်) သို့ သွားရောက်ခဲ့သည်။
- တော်လှန်ရေး သဘောတရားများ: အရှေ့တိုင်းတွင် စောဘဦးကြီး ကျဆုံးပြီးနောက် မန်းဘဇံနှင့် စောဟန်တာသားမွှေးတို့သည် တော်လှန်ရေးအတွက် လမ်းစဉ်သစ်များကို စဉ်းစားခဲ့ကြသည်။ မော်စီတုန်း၏ တရုတ်ပြည်တော်လှန်ရေး၊ မက်စ်ဝါဒ၊ လီနင်ဝါဒ စသည့် သဘောတရားများကို လေ့လာပြီး ကရင်လူအဖွဲ့အစည်းနှင့် ကိုက်ညီမည့် သဘောတရားများကို ထုတ်ဖော်ခဲ့ကြသည်။
မြစ်ဝကျွန်းပေါ်တိုင်းနှင့် အရှေ့တိုင်း ပဲခူးရိုးမ
- ၁၉၆၉ ခုနှစ်: မြစ်ဝကျွန်းပေါ်တိုင်း တပ်မဟာ (၃) ၏ တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ်ကျော်သောင်း ဖြစ်သည်။ သူ၏ တပ်မဟာတွင် တပ်ရင်း (၆)၊ တပ်ရင်း (၇) နှင့် KPLA တပ်ရင်း (၂) ရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ "ဖြတ်လေးဖြတ်" စစ်ဆင်ရေးကြောင့် လူထုနှင့် ကရင့်တော်လှန်ရေးသမားများ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်သောင်းသည် မြောင်းမြမြို့နယ် သိလ္လာမှ ဝါးခယ်မမြို့နယ်ဘက်သို့ တပ်မဟာရုံး စစ်ကြောင်းအား အင်အားဖြည့်၍ ဖောက်ထွက်ခဲ့ရသည်။
- အရှေ့တိုင်း ပဲခူးရိုးမ: ထိုစဉ်က အရှေ့တိုင်း ပဲခူးရိုးမတွင် ဗိုလ်ချုပ်စောဘိုမြ၊ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီး ကစယ်ဒိုနှင့် ဖဒိုသာပြည့်တို့သည် KNUP မှ ခွဲထွက်ကာ ကရင့်အမျိုးသား လက်နက်ကိုင် တိုက်ပွဲများကို သီးခြားဆောင်ရွက်နေခဲ့ကြသည်။ KNUP ခေါင်းဆောင်မှုအတွင်း၌လည်း အလုပ်သမားပါတီအဖြစ် တည်ထောင်လိုသည့် ဗိုလ်ချုပ် စောကျော်မြသန်း အစုနှင့် အမျိုးသားရေးပါတီအဖြစ် ဒုတိယလမ်းစဉ်အတိုင်း ချီတက်လိုသည့် မန်းဘဇံ အစုအကြား သဘောတရားရေးအရ ငြင်းခုံမှုများ ဖြစ်ပေါ်နေခဲ့သည်။
မန်းဘဇံ
ကရင့်အမျိုးသား ညီညွှတ်ရေးနှင့် KNLA ဖွဲ့စည်းခြင်း
- ညီညွှတ်ရေး ကြိုးပမ်းမှုများ: ကရင့်အမျိုးသား အင်အားစုများအကြား ညီညွှတ်ရေး ပြိုကွဲလျက်ရှိသောကြောင့် ဘုံရန်သူအား စုပေါင်းတိုက်နိုင်သည့် ညီညွှတ်သော အင်အားစု တည်ဆောက်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် KNLC နှင့် KNUP တို့ တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်စလုံးက သဘောပေါက် နားလည်ခဲ့ကြသည်။
- မန်းဘဇံနှင့် ဗိုလ်ချုပ်စောဘိုမြတို့ `ခိုမူဒဲ´ တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
- ဒုတိယအကြိမ် မူသယ်´၊ သွေးဘိုးထာ´၊ `ပယ်ကောခီး´ ရွာများတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ညီညွှတ်ရေးအတွက် လမ်းစပေါ်လာခဲ့သည်။
- နောက်ဆုံးအကြိမ် `ထိုဒိုပလော´ တွင် တွေ့ဆုံခဲ့ကြပြီး ညီညွှတ်ရေးအတွက် သဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်။
- KNUF နှင့် KNLA ဖွဲ့စည်းခြင်း: ဗိုလ်ချုပ်စောဘိုမြက သူဦးဆောင်ဖွဲ့စည်းထားသည့် KNLC အား ဖျက်သိမ်းမည်ဖြစ်ပြီး မန်းဘဇံနှင့် ခေါင်းဆောင်များသည် KNUP မှ နုတ်ထွက်ကြမည်ဟု သဘောတူညီခဲ့ကြသည်။ ထို့နောက် ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦး (KNUF) ကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်ကိုမူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဟူ၍ ဖွဲ့စည်းထားရှိခဲ့သည်။ မကြာမီ KNUF အား ဖျက်သိမ်းပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) အဖြစ် ပြန်လည်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။
မြန်မာ့တပ်မတော်၏ ထိုးစစ်ကြီးများ
- ရွှေလင်းယုန်နှင့် မိုးဟိန်း စစ်ဆင်ရေး: မြန်မာ့တပ်မတော်၏ စစ်ရေးထိုးစစ်ကြီးများ ဆက်တိုက် ဆင်နွှဲလာခဲ့သည်။ "ရွှေလင်းယုန်" စစ်ဆင်ရေးနှင့် "မိုးဟိန်း" စစ်ဆင်ရေးများကို ချမှတ်ပြီး မြစ်ဝကျွန်းပေါ်အား ထိုးစစ်ဆင်ခဲ့သည်။ ဖြတ်လေးဖြတ်ကြောင့် လူထုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး နောက်ဆုံးတွင် KNU တို့ မြစ်ဝကျွန်းပေါ်တိုင်းမှ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ရသည်။ ဗိုလ်ချုပ်မြမောင်နှင့် အင်အား ၁၀၀ ကျော်တို့သည် မြစ်ဝကျွန်းပေါ်မှ ပဲခူးရိုးမသို့ ဆုတ်ခွာခဲ့ကြသည်။
- ပဲခူးရိုးမ နိုင်ငံရေးသင်တန်းများ: ပဲခူးရိုးမတွင် ဗိုလ်ချုပ်ကျော်သောင်းသည် ပဲခူးရိုးမတိုင်း၏ စစ်ဆင်ရေးမှူးတာဝန်ကို ယူခဲ့ရသည့်အပြင် နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်ကာ နိုင်ငံရေးပို့ချမှုများလည်း ပြုလုပ်ခဲ့သည်။ မန်းဘဇံ၏ ကရင်တော်လှန်ရေး သင်ကြားချက်နှင့် ကွန်မြူနစ်မူဝါဒ ကြေညာချက်စာတမ်း စသည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့သည်။ နိုင်ငံရေးသင်တန်းများကို "တောင်ညိုစခန်း" တွင် ဖွင့်လှစ်ခဲ့သည်။
အထူးစစ်ဆင်ရေးဌာနချုပ်နှင့် ရှိုးလူ ကွန်ဂရက်
- ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်: ဗိုလ်ချုပ်နေဝင်းက "အထူးစစ်ဆင်ရေးဌာနချုပ်" သို့မဟုတ် "ဗဟိုရိုးမ စစ်ဆင်ရေးဌာနချုပ်" ကို ဖွဲ့စည်းခဲ့သည်။ ပဲခူးရိုးမရှိ KNUP၊ BCP (ဗကပ) နှင့် မဒညတ တို့ကို စစ်ဆင်ရေးကြီး ဆင်နွှဲရန်အတွက် ဖြစ်ပြီး "အောင်စိုးမိုး စစ်ဆင်ရေး" ဖြင့် စတင်ခဲ့သည်။ ပဲခူးရိုးမ တောင်ပေါ်ရှိ ရွာပေါင်း ၃၀ ခန့်ကို မြေပြန့်သို့ အတင်းအဓမ္မ ပြောင်းရွှေ့စေခဲ့ပြီး တောင်ပေါ်သို့ တက်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သည်။
- ၁၉၇၄ ခုနှစ်: မန်းဘဇံ ဦးဆောင်ပြီး "ရှိုးလူ" ကွန်ဂရက်ကို ကျင်းပခဲ့ရာ ညီညွှတ်ရေး သဘောထားများကို ချမှတ်နိုင်ခဲ့ကြသည်။ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတွင် အခြေပြုရှိနေကြသည့် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) ခေါင်းဆောင်သည့် KNUP နှင့် KNU ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ခဲ့ကြသည်။
- ၁၉၇၅ ခုနှစ်၊ မေလ ၁၅ ရက်: BCP (ဗကပ) ဥက္ကဋ္ဌ သခင်ဇင်နှင့် အထွေထွေအတွင်းရေးမှူး သခင်ချစ်တို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ "ဖွတ်ကျား" ချောင်းအနီး တိုက်ပွဲတွင် ကျဆုံးခဲ့သည်။
ပဲခူးရိုးမမှ ဆုတ်ခွာခြင်းနှင့် ဒူးဒါးဂေး ကွန်ဂရက်
- ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ: ပဲခူးရိုးမမှ ဆုတ်ခွာခဲ့ကြရသည်။ ဗိုလ်ချုပ်ကျော်သောင်းနှင့်အတူ ဗိုလ်ချုပ်မြမောင်အပါအဝင် အခြား KNUP ခေါင်းဆောင်များသည် ဖာပွန်ခရိုင်ဘက်သို့ ဆုတ်ခွာလာခဲ့ကြသည်။
- ဒူးဒါးဂေး ကွန်ဂရက်: ၁၉၇၃ ခုနှစ်ကတည်းက တရုတ်ပြည်သို့သွားသည့် ဆရာကြီး စကောလယ်တောတို့၏ မြောက်ပိုင်းချီ အဖွဲ့နှင့် ဖာပွန်ခရိုင် "ဒူးဒါးဂေး" ရွာတွင် ပြန်လည်ဆုံဆည်းခဲ့ကြသည်။ ထိုရွာတွင်ပင် KNUP ၏ ဆဋ္ဌမမြောက်နှင့် နောက်ဆုံးသော ကွန်ဂရက်ကို ကျင်းပခဲ့ကြသည်။ ဤကွန်ဂရက်တွင် အမျိုးသား စည်းလုံးညီညွှတ်ရေးအတွက် KNUP ကို ဖျက်သိမ်းပြီး KNU အတွင်း၌ တပေါင်းတစည်းတည်း ပူးပေါင်း၍ ကရင့်အမျိုးသားရေးကို လုပ်ဆောင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ KNUP ဖျက်သိမ်းရေးကို သဘောမတူသူအချို့ရှိခဲ့သော်လည်း ကွန်ဂရက်တွင် အများစု၏ ဆန္ဒပြုမှုဖြင့် ဆုံးဖြတ်ခဲ့ကြသည်။
KNU ၏ အခက်အခဲများနှင့် ပြန်လည်ဖွဲ့စည်းမှုများ
- မာနယ်ပလော ကာလ: ဒူးဒါးဂေး´ ကွန်ဂရက်အပြီးတွင် ဗိုလ်ချုပ်မြမောင်နှင့် ဗိုလ်ချုပ်ကျော်သောင်းသည် မာနယ်ပလော´ သို့ တက်ခဲ့ကြသည်။ ဗိုလ်ချုပ်ကျော်သောင်းသည် `ဝမ်းခခံတပ်´ တွင် KNLA အထူးတပ်ရင်း (၁၀၁) ၏ အကြံပေးအရာရှိအဖြစ် ခုခံစစ် ဆင်နွှဲခဲ့ပြီး KNU ဗဟိုကော်မတီဝင်အဖြစ် နိုင်ငံရေးစည်းရုံးရေး တာဝန်များ ထမ်းဆောင်ခဲ့သည်။
- ၁၉၉၁ ခုနှစ်: KNU ၏ (၁၀) ကြိမ်မြောက် ကွန်ဂရက်ကို `မာနယ်ပလော´တွင် ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်ကျော်သောင်းအား KNDO ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးခဲ့သည်။ KNDO တပ်ရင်းများသည် KNU ၏ ခရိုင်တိုင်းတွင် တစ်ရင်းစီ ရှိခဲ့သည်။
- ၁၉၉၅ ခုနှစ်: `ဝမ်းခစခန်း´ ကျဆုံးပြီးနောက် ဗိုလ်ချုပ်ကျော်သောင်းသည် ဒူးပလာယာခရိုင်သို့ ပြောင်းရွှေ့ခဲ့သည်။ KNDO စစ်ဦးစီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ စခန်းသစ်နှင့် ဒူးပလာယာခရိုင်၏ အခြေခံစခန်းများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်ကျော်သောင်းသည် နို့ဖိုးဒုက္ခသည်စခန်းရှိ နေအိမ်တွင် အနေများလာခဲ့သည်။
- ၂၀၀၄ ခုနှစ်: ဗိုလ်ချုပ်ကျော်သောင်းသည် KNDO စစ်ဦးစီးချုပ်တာဝန်မှ အနားယူခဲ့ပြီး သူ၏ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မန်းကျော်ဖေသို့ လွှဲပေးခဲ့သည်။
- အင်အားလျော့နည်းခြင်း: မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် KNU သည် ၁၉၉၅ ခုနှစ်တွင် မာနယ်ပလော ဌာနချုပ်ကို လက်လွှတ်ရပြီးနောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရခြင်း၊ KNU ၏ ထိန်းချုပ်နယ်မြေ အများအပြား ဆုံးရှုံးခြင်းနှင့် အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ခွဲထွက်သွားသော အဖွဲ့အစည်းများ
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တိုက်ရိုက်ခွဲထွက်သွားသော အဖွဲ့အစည်းများမှာ -
- ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA): ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်၍ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
- KNU/KNLA ငြိမ်းချမ်းရေးကောင်စီ: ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သော တပ်သား ၃၀၀ ခန့်သည် KNU တပ်မဟာ ၇ မှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစ၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
- ကော်သူးလေတပ်မတော် -
လက်ရှိခေါင်းဆောင်ပိုင်း (၂၀၂၃ ကွန်ဂရက်မှ)
- ဥက္ကဋ္ဌ: ပဒိုစောကွယ်ထူးဝင်း
- ဒုတိယဥက္ကဋ္ဌ: ပဒိုစောဆဲဂေ
- အထွေထွေအတွင်းရေးမှူး: ပဒိုစောတာဒိုမူး
- တွဲဖက်အတွင်းရေးမှူး (၁): ပဒိုစောသောသီဘွဲ
- တွဲဖက်အတွင်းရေးမှူး (၂): ပဒိုစောလှထွန်း
- တရားသူကြီးချုပ်: ပဒိုနော်မြိုင်ဖိုး
KNLA ၏ လက်အောက်ခံတပ်များ
KNLA ၏ လက်အောက်ခံတပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
- တပ်မဟာ (၁) သထုံခရိုင်
- တပ်မဟာ (၂) တောင်ငူခရိုင်
- တပ်မဟာ (၃) ညောင်လေးပင်ခရိုင်
- တပ်မဟာ (၄) ထားဝယ်ခရိုင်
- တပ်မဟာ (၅) ဖာပွန်ခရိုင်
- တပ်မဟာ (၆) ဒူးပလာယာခရိုင်
- တပ်မဟာ (၇) ဘားအံခရိုင် (တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီ) - KNLA ၏ အရေးအပါဆုံးသော နယ်မြေများထဲမှ တစ်ခုဖြစ်သည်။
အထူးတပ်ရင်းများ:
ဗဟိုအထူးတပ်ရင်း ၂၀၁ (တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖော)
ဗဟိုအထူးတပ်ရင်း ၂၀၂
ဖြစ်ရပ်များ
၂၀၀၈
၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် KNU ၏ (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် ဗဟိုအလုပ်အမှုဆောင်သစ်များကို ရွေးချယ်ခဲ့သည်။ အသက် (၈၈) နှစ်ရှိ ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီး နော်စီဖိုးရာစိန်ကို ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ နော်စီဖိုးရာစိန်သည် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် Perdita Huston Human Rights Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရဖူးသည်။
၂၀၀၉
၂၀၀၉ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော်နှင့် DKBA ပူးပေါင်းတပ်များ၏ ပြင်းထန်သော ထိုးစစ်များကြောင့် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာခဲ့ရသည်။ KNLA တပ်မှူး ဂျော်နီက တပ်မဟာ ၇ အခြေခံစခန်းမှ ဆုတ်ခွာခြင်းသည် ဗျူဟာမြောက် ပြန်လည်နေရာယူမှုဖြစ်ကြောင်းနှင့် ပြောက်ကျားနည်းဗျူဟာသို့ ပြောင်းလဲတိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူအများအပြားက ၎င်းသည် KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ်ရန် အဝေးကြီး လိုသေးကြောင်းနှင့် နယ်မြေအစိတ်အပိုင်းတိုင်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ပြောဆိုခဲ့ကြသည်။ မြန်မာ့တပ်မတော်က တိုင်းရင်းသား ကရင်ရွာသူရွာသား ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်အထိ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များသည် KNLA ကို အပြီးသတ်ဖျက်ဆီးရန် ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနယ်စပ်တစ်လျှောက် အဓိက ထိုးစစ်များ ဆင်နွှဲခဲ့သည်။ တပ်မဟာ ၇ နယ်မြေသည် ရက်သတ္တပတ်ပေါင်းများစွာ ခုခံနိုင်ခဲ့သော်လည်း ဗျူဟာအရ ဆုတ်ခွာခဲ့ရသည်။ စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက် KNLA ကို အခြေပြုတ်ရန် ရည်ရွယ်ခဲ့ကြောင်း စစ်ရေးလေ့လာသူများက ပြောကြားခဲ့သည်။
၂၀၁၅
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကရင်အမျိုးသားအစည်းအရုံးအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။[၄]
ကရင်အမျိုးသားအစည်းအရုံးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးဆောင်ပါဝင်ခဲ့သည်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ပါဝင်မှုကို ရပ်ဆိုင်းခဲ့ပြီး KNU ဗဟိုအမြဲတမ်းကော်မတီရဲ့ သဘောထားထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာခဲ့သည်။[၅]
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကစပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြန်လည်ပါဝင်ခဲ့ပေမဲ့လည်း ရလဒ်မထွက်ခဲ့ပါဘူး။ စစ်အုပ်စုက အာဏာသိမ်းဖို့ ကြိုးပမ်းမယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်မှာတော့ KNU ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့စွဲနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ကြေညာခဲ့သည်။ [၅]
ကိုးကား
- ခိုင်မာကျော်ဇော စုစည်းတင်ပြသည့် ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ
- သနူထူဂျာနယ်များ
- နိုင်ငံသစ်စာစောင်များ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- မြတ်ထန်၏ တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်
- ဗိုလ်မှူးကြီးဟောင်းတင်မောင်၏ မုန်တိုင်းလွန်သော်
- ဇင် - ချစ် နောက်ဆုံးနေ့
- စောဘိုမြ၏ ဗိုလ်ချုပ်မြ
- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး
- တင်မောင်သန်း၏ သခင့်နိုင်ငံတော်
- သရာသာထို၏ ကရင်နှင့်နိုင်ငံရေးပြဿနာ
- NDD သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသည့် မြန်မာပြည် ရွေးကောက်ပွဲများနှင့် ပြည်သူတို့၏ နိုင်ငံရေးအရပါဝင်မှု