ဆင်ဟွာသတင်းဌာန
ဆင်ဟွာသတင်းဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရပိုင်သတင်းဌာနဖြစ်သည်။ တရုတ်ပြည်၌ အင်အားအကြီးဆုံးသတင်းဌာနဖြစ်ပြီး ကမ္ဘာအနှံ့ရှိ သတင်းကိုယ်စားလှယ်အရေအတွက်အရ အကြီးဆုံးသတင်းဌာနဟု သတ်မှတ်နိုင်သည်။[၁] နိုင်ငံတော်ကောင်စီအောက်၌ ပြည်သူ့နေ့စဉ်ကဲ့သို့ပင် ဝန်ကြီးဌာနတခုမျှ ဖွဲ့စည်းပုံကြီးသော အဖွဲ့အစည်းဖြစ်သည်။ ဌာနအကြီးအကဲမှာ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သည်။[၂] ဆင်ဟွာသည် နိုင်ငံခြားအဖွဲ့ခွဲ ၁၇၀ ကျော်၊ ပြည်တွင်းအဖွဲ့ခွဲ ၃၁ ခုဖြင့် လည်ပတ်နေသည်။ ပြည်နယ်တိုင်း ဒေသတိုင်းအတွက် အဖွဲ့ခွဲတခုစီရှိပြီး တပ်အတွက်လည်း အဖွဲ့ခွဲတခုရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုအစိုးရတို့နှင့် ဆက်နွယ်သောသတင်းကို အဓိကထုတ်ပြန်သောမီဒီယာဖြစ်ပြီး ရုံးချုပ်မှာ ဗဟိုအစိုးရရုံးထိုင်သော ဘေဂျင်းမြို့၌ပင် ဖြစ်သည်။ စိတ်ဓာတ်ဖျက်သတင်းလွှင့်ခြင်းကြောင့်လည်းကောင်း၊ ကွန်မြူနစ်ပါတီအား ဝေဖန်သော လူ၊ အဖွဲ့အစည်းတို့ကို မီဒီယာမှတိုက်ခိုက်လေ့ရှိသောကြောင့်လည်းကောင်း ဝေဖန်မှုခံရသော သတင်းဌာနဖြစ်လေသည်။[၃][၄][၅][၆] သတင်းဌာနဖြစ်သည့်နည်းတူ ထုတ်ဝေရေးဌာနလည်းဖြစ်သည်။ သတင်းစာ ၂၀ ကျော်၊ မဂ္ဂဇင်း တဒါဇင်ခန့်ကို ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေနေသည်။ ပညာရှင်တို့က ဆင်ဟွာသည် ကွန်မြူနစ်ပါတီကောင်းကြောင်းကို လူတိုင်းသိစေချင်ရန် ရည်ရွယ်သည်ဟု ယူဆမှတ်ချက်ပြုလေသည်။[၇]
ကိုးကား
|
Portal di Ensiklopedia Dunia