ဉာဏ်သစ် အရေးတော်ပုံ၁၄ ရာစုနှစ်အတွင်း အီတလီနိုင်ငံ၌ စတင်၍ ဥရောပတဝိုက် ပျံ့နှံ့ကာ ၁၅ရာစုအတွင်းလည်း ဆက်လက် ထွန်းကားသွားသော ဉာဏ်သစ်အရေးတော်ပုံ (သို့) ဉာဏ်တဖန်မွေး ခေတ် (အင်္ဂလိပ်: Renaissance)ဟူသည်မှာ - (ရှေးဂရိ မြို့ပြနိုင်ငံများ၊ ရှေးရောမ လူ့အဖွဲ့အစည်း စသည့်) ရှေးခေတ်ဥရောပလောက (European Antiquity) ထံမှ အသိဉာဏ်စများသဖွယ် ဒဿနိကဆိုင်ရာ အတွေးအခေါ် စနစ်တကျများ၊ သိပ္ပံ၏ ဇာစ်မြစ် အတွေးအမြင်များ၊ စာပေ နှင့် ဂီတ ကဲ့သို့သော အနုပညာ အတွေးစုများ စသည်တို့ကို ဥရောပ ကြားခေတ်မျောကာလကြီး အပြီး၌ ပြန်လည်တွေ့ရှိ တန်ဖိုးထားမိကြရာမှ လူသားဗဟိုပြု ဝါဒ (humanism) အားပြုလျက် အရာရာကို ပြန်လည်ဆန်းစစ် လေ့လာကြသည့် လှုပ်ရှားမှုများကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်တော့၏။ ခုနှစ် ၁၃၀၀ ကျော်မှ ၁၅၀၀ ခန့်အထိဟု အကြမ်းဖျင်း ခြုံငုံသတ်မှတ်ကြည့်နိုင်သော ဤ ဉာဏ်သစ် အရေးတော်ပုံကာလကြီးပြီးလျှင် ဥရောပအဖို့ ဥရောပ ကမ္ဘာ့ခြေဆန့်ခေတ် ဖြစ်ပေါ်၏။ အမည် စကားလုံးအနက်မှန်များ | Etymologyဉာဏ်တဖန်မွေးခေတ်ကို အင်္ဂလိပ်ဘာသာစကား၌ Renaissance ဟု ခေါ်ခြင်းသည် ပြင်သစ်စကားမှ မွေးစားထားခြင်း ဖြစ်၏။ "အဟောင်း ကို ဖယ်ရှား၍၊ အသစ်ကို တည်ဆောက်ခြင်း" ဟူသည်မျိုး ဆိုလိုသည်။ ဥရောပသမိုင်းကြောင်း အတွင်း၁၉ ရာစုနှစ်စာပေပညာရှင်တို့က အထက်ပါအတိုင်း ခေတ်သဘောကိုအကဲဖြတ်ခဲ့ရာ၊ ၂ဝ ရာစုနှစ်စာပေ ပညာရှင် တို့က တစ်ဖန် ထိုအကဲဖြတ်ချက်ကို ပြန်၍ဝေဖန်သုံးသပ်ကြည့်ကြပြန်သည်။ အကြမ်းအားဖြင့် ရောမနိုင်ငံကြီး ပြိုကွဲအားပျက်သည့် ခုနှစ် ၅၀၀ ဝန်းကျင်ခန့်မှ စ၍ ဤ ဉာဏ်သစ် အရေးတော်ပုံမတိုင်ခင်အထိ ကြားကာလ (အနည်းဆုံး အနှစ် ၈၀၀ ခန့်) ကို ဥရောပ ကြားခေတ်မျောကြီး (Medieval Era) ဟုခေါ်သည်။ ၁၉ ရာစုနှစ်စာပေပညာရှင်တို့က ထိုခေတ်ကို 'အမှောင်ခေတ်များ' ဟု ယူဆခဲ့ကြသည်။ ၂ဝ ရာစုနှစ်စာပေပညာရှင်တို့ကမူ ထိုခေတ်များသည်သည် "အသိပညာ တိမ်ကောလှသော အမှောင်ခေတ်" ဟု မဆိုသာ၊ အကယ်၍ အမှောင်ခေတ်သတ်သတ် ဟု ဆိုရပါလျှင်၊ ကြားခေတ်မျောကြီး၌ ထုံးဓလေ့အခြေခံတို့သည် အဘယ်နည်းဖြင့် ဤသို့ ထွန်းကားလာရပါသနည်းဟူ၍ စောဒက တက်လာကြသည်။ ထို့ကြောင့် ဤဉာဏ်သစ် အရေးတော်ပုံသည် ကြားခေတ်မျောကြီး၏ ထုံးဓလေ့နှင့် ယဉ်ကျေးမှု အဆောက်အအုံပေါ်တွင် အခြေပြုကာ၊ နှောင်းခေတ်ယဉ်ကျေး မှုတို့ တစ်ဆင့်ထက်တစ်ဆင့် အသစ်အသစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ခြင်း တစ်ဆင့် တစ်ကာလ ဟု ဆိုကြသည်လည်း ရှိ၏။ ရီနေးဆန့်စ် (သို့) ရက်နဆန့်စ် ဟူသော စကားသည် အသိဉာဏ်ဆိတ်သုဉ်းသော ခေတ်ကိုလွန်၍၊ ဉာဏ်သစ် ပညာသစ် ထွန်းကားလာသည် ဟူသော အဓိပ္ပာယ်ကို ဆောင်သည်ထက်၊ အသိဉာဏ်ပညာတို့သည် ရှေးဟောင်းထုံးဓလေ့တို့ကို ပြန်လည်မွေးဖွားစေသည် အဓိပ္ပာယ်ကိုသာဆောင်အပ်သည်ဟု ယူဆလာ ကြကုန်သည်။ အစပျိုးခြင်း (၁၃၀၀-ကျော် ခုနှစ်များ)ထိုကြောင့် မျက်မှောက်ခေတ် ပညာရှင်တို့၏ အလိုအားဖြင့် ဉာဏ်တဖန်မွေးခေတ်၏ သဘောအကျဉ်းချုပ်ကား၊ ရှေးဟောင်း ထုံးဓလေ့ (antique culture) တို့ကို စူးစမ်းရှာဖွေလေ့လာပြီးလျှင်၊ ယင်းတို့ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေသော သဘောဖြစ်လေသည်။ ဥရောပ ကြားခေတ်မျောကြီး (Medieval Era) ၏ လူမှုရေးရာတို့သည် ကံကြွေးချစနစ်အရ ပေါ်ပေါက်လာသော လူမှုရေးရာတို့ ဖြစ်သည်။ ကံကြွေးချစနစ် ကာလများတွင် တိုင်းကားပြည်ရွာတို့ကို မထူထောင်နိုင်သေးမီ၊ လူတို့သည် မြို့စားရွာစားတို့၏ နယ်ပယ်များတွင် မိမိတို့လူမျိုးစုနှင့် မိမိသီးခြားနေထိုင်လေ့ရှိကြသည်။ ထိုခေတ်လူမှု ဆက်ဆံရေးစနစ်သည် မြို့စားရွာစားတို့နေထိုင်ရာ ဗြဲတိုက်နှင့် သာသနာရေး ဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့နေထိုင်ရာ နန်းတမျှ ကျောင်းအိမ်တို့ကို အဓိကပြုရသည်။ စာပေသို့လည်း ပျံ့နှံ့လာ (၁၄၀၀-ကျော် ခုနှစ်များ)သို့ရာတွင် စာပေလောက၌ ဉာဏ်သစ်အရေးပုံကို စတင်ခဲ့သူကား ပီးထရတ် (ခရစ် ၁၃ဝ၄-၇၄)ဖြစ်သည်ဟု စာပေပညာရှင်တို့က ဆိုကြသည်။ ပီးထရတ်သည် ကွန်စတန်တီနိုပယ်မြို့မှ ပြန့်ပွားလာ သော ဂရိနှင့်ရောမ စံပြစာပေတို့၏ အဖွဲ့အနွဲ့နှင့် အတွေးအခေါ်တို့ကို ကောင်းစွာ လေ့လာခဲ့သူဖြစ်သည့်အလျောက်၊ မိမိကိုယ်တိုင် အီတာလျံဘာသာဖြင့် ကဗျာလင်္ကာတို့ကို စပ်ဆိုသည်တွင်၊ ဂရိနှင့်ရောမစံပြစာပေတို့၏ သဘောတရားသည် အသစ်တစ်ဖန် ပြန်လည် ထွန်းကားလာလေသည်။ ပီးထရတ်နှင့် ပီးထရတ်၏ နမူနာကို ယူသော အဖော်အပေါင်းတို့သည် ပတ်ဝန်းကျင်လူ့ လောက၏အကျိုးကို ဆောင်သောသဘောရှိသည့် စာပေတို့ကို ရေးသားပြုစုကြသဖြင့်၊ နှောင်းလူတို့က ယင်းတို့ကို လောကတ္ထစရိယလမ်းစဉ်ချမှတ်သူများဟူ၍ အသိအမှတ်ပြုကြသည်။ ထိုပုဂ္ဂိုလ်တို့သည် ရှေးဟောင်း စံပြစာပေတို့ကို အခြေပြု၍၊ စာပေသစ်ကို ဖန်တီးကြသည်။ ဤသို့လျှင် အီတလီနိုင်ငံ၌ ဉာဏ်သစ် အရေးတော်ပုံသည် အထွတ်အထိပ်သို့ ရောက်ခဲ့လေသည်။ ခရစ် ၁၄၅၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့သည် တူရကီလူမျိုးတို့၏ လက်ထဲသို့ကျရောက်လေသည်။ ထိုအခါ များစွာကုန် သော ဂရိပညာရှိတို့သည်အီတလီ နိုင်ငံသို့ ဝင်ရောက်ခိုလှုံကြ ပြီးလျှင်၊ ဂရိဘာသာ စာပေတို့ကို သင်ကြားပို့ချကြလေသည်။ ဤအချက်ကြောင့် ရှေးဟောင်း စံပြစာပေကို လေ့လာသောဓလေ့ သည် ပိုမိုပြန့်ပွားလာပြန်သည်။ ခရစ် ၁၄၅ဝ ပြည့်နှစ်တွင် ခေတ်မီ စာပုံနှိပ်စက် ပေါ်လာသည်။ ထိုနှစ်၌ပင်လျှင် အီရက်ဇမပ်အမည် ရှိ ပညာရှင်တစ်ဦးထွန်းကားသည်။ ထိုပညာရှင်သည် ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဂျာမနီစသော တိုင်းပြည်တို့တွင် ဂရိနှင့် လက်တင်စာပေပြန့်ပွားအောင် သင်ကြားပို့ချပေးခဲ့သည်။ ၁၅၁၆ ခုနှစ်တွင် အီရက်ဇမပ်သည် ဂရိဘာသာဖြင့် ဓမ္မသစ်ကျမ်းစာကို တည်းဖြတ် သုတ်သင်သည်။ ခေတ်မီ စာပုံနှိပ်စက်များကြောင့် ထိုဓမ္မသစ်ကျမ်းသည် လူအများထံသို့ ပျံ့နှံ့နိုင်လာသည်။ သမ္မာကျမ်းစာကို လူအများစနစ်တကျသိရှိ တတ်ကျွမ်းအောင် ဖန်တီးပေးသောအချက် ဖြစ်လေသည်။ အထက်ပါ အကြောင်းတို့ကြောင့်လည်း ဉာဏ်တဖန်မွေး အရေးတော်ပုံသည် အီတလီနိုင်ငံမှ ဥရောပရှိ အရပ်ရပ်တို့သို့ ပျံနှံ့အား ပိုကောင်းသွားရပြန်သည်။ ပျံ့နှံ့ခေတ်စားမှု အထွတ်အထိပ် (၁၅၀၀ တဝိုက်)စာပေ ဖွံ့ဖြိုးတိုးတက်သည့် နည်းတူ ပန်းချီ၊ ပန်းပု၊ ဗိသုကာအတတ် စသော အနုပညာတို့သည်လည်း တသွင်ဆန်း ဖွံ့ဖြိုးလာလေသည်။ ၁၅ ရာစုနှစ်နှင့် ၁၆ ရာစုနှစ်အကြားတွင် ရက်ဖီအယ်၊ လီယိုနာဒို ဒါဗင်းချိ၊ မိုက်ကယ်အန် ဂျလို၊ တစ်ရှန်တို့၏ ပန်းချီလက်ရာတို့သည် ဉာဏ်တဖန်မွေးခေတ် အထွတ်အထိပ်(prime) သို့ ရောက်ခဲ့မှုကို ညွှန်ပြလေသည်။ ဖလန်းဒါး၊ ဟော်လန်၊ ဂျာမနီနိုင်ငံတို့တွင် ဗန်အိုက်၊ ဒူရာဟောလဗိုင်းစသော ပန်းချီ ပညာရှင်တို့သည် သူတို့နှင့်ဆိုင်ရာ တိုင်းပြည်တွင် ဉာဏ်သစ် အရေးပုံကို တည်ထောင်ခဲ့ကြသည်။ အသစ်တည်ထောင်သော သဘောတို့ကိုပြရလျှင်၊ ပြင်သစ်နိုင်ငံတွင် ရက်ဗီလေး အက်(ဖ)၊ ( ရက်ဗီလေး အက်(ဖ)။) စပိန်နိုင်ငံတွင် သာဗင်တေး၊ အင်္ဂလန်ပြည် တွင် ရှိတ်စပီးယားဟူသော ပုဂ္ဂိုလ်တို့၏ အရေးအသားကို ပြရမည် ဖြစ်၏။ သိပ္ပံပညာရပ်တို့၌ အသိဉာဏ်ဆန်းသစ်ထွန်းကားလာပုံကို မူကား ကော့ပါးနီကပ်၊ ဗိဆေးလိယပ်၊ ဂယ်လီလေအိုဟူသော ပညာရှင်တို့၏ ရှာဖွေစမ်းသပ်ချက်တို့၌ တွေ့မြင်နိုင်သည်။ ဒီးအတ်၊ ဗတ်ရှကူးသဂါမ၊ ကိုလံဗပ်၊ မဂျဲလန်စသော ခရီးသည် တို့၏ စူးစမ်းရှာဖွေမှုတို့သည်လည်း ဉာဏ်သစ်အရေးပုံတည်ဆောက်ရာ၌ အကျုံးဝင်လေသည်။ ဥရောပသမိုင်း အလိုအားဖြင့်၊ ထိုဉာဏ်သစ်အရေးပုံသည် အင်္ဂလန်ပြည် အယ်လစ်ဇဗက်ဘုရင်မကွယ်လွန်သော ၁၆ဝ၃ ခုနှစ်မှ လွန်လေသော် ခေတ်ကုန်ခြင်းသို့ရောက်သည်ဟု ဆိုသည်။ စင်စစ်၊ ဉာဏ်သစ်အရေးပုံသည် အသိဉာဏ် ထွန်းကားသောခေတ်သို့ ရောက်ပြီးလျှင်၊ ပြင်သစ်တော်လှန်ရေးခေတ်သို့ ရှေးရှုလေသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia