ဖရန်ကလင် ပီးယားစ်
ကံဆိုးစွာဖြင့် ပြည်တွင်းစစ်ကြီးနီးမှ သမ္မတဖြစ်လာသောသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ဖရန်ကလင် ပီးယားစ်သည် တောင်ပိုင်းသားများအပေါ်တွင် သဘောထားပျော့ပျောင်းသည့် သူတစ်ဦးဖြစ်သည်။ ရုပ်ရည်ရူပကာကောင်းမွန်ပြေပြစ်သူဖြစ်သဖြင့် လူအများကို ဆွဲဆောင်စည်းရုံးရသော မဲဆွယ်အလုပ်တွင် တပန်းသာသဖြင့် သမ္မတဖြစ်လာသူလည်းဖြစ်သည်။ ပိန်ပိန်ပါးပါး၊ ဆံပင်ကောက်ကောက်၊ မျက်နှာထားချိုချိုနှင့်လူချောလေးဟုမှတ်ချက်ပေးကြသည်။ ရွေးကောက်ပွဲအနိုင်ရသော် သူ့ဇာတိဒေသကပင် အံ့ဩရသည်ဟု ဆိုသည်။ ရှေ့နေ၊ ဥပဒေဝန်ထမ်းနှင့် တရားသူကြီး ထိုမှ စစ်ဖက်တွင်လည်း ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်များထမ်းဆောင်ခဲ့ဖူးသည်။ ထိုနောက် အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ် စသဖြင့် အဆင့်ဆင့်အရွေးကောက်ခံရသည်။ သမ္မတဖြစ်လာသည့်နောက်တွင် အမှားအယွင်းများကို စတင်ကျူးလွန်သည်။ ပြည်တွင်းစစ်ကိုရှောင်လွဲလိုသည်ကြောင့် တောင်ပိုင်းသားများကို မျက်နှာသာပေးရန် ကြိုးစားမှုကြောင့် ဝေဖန်ခံလာရသည်။ ၁၈၄၅တွင် ထုတ်ပြန်သော ကန်းဆပ်စ်-နီဘရာစကာ ဥပဒေတွင် ကျွန်စနစ်လက်ခံရေး (သို့) ပယ်ဖျက်ရေးမှာ သက်ဆိုင်ရာပြည်နယ်များ၏ အတွင်းရေးသာဖြစ်ပြီး ဗဟိုအစိုးရအနေဖြင့် ဝင်ရောက် စွပ်ဖက်ခြင်းမပြုဟုဆိုထားသည်။ ထို့အပြင်ထိုနယ်မြေများတွင် ကျွန်စနစ်လိုလားသူများကို အုပ်ချုပ်ရေးဌာနများတွင် ဆက်တိုက်ခန့်ထားသဖြင့် ကျွန်စနစ်ဖျက်သိမ်းလိုသူများ မကျေမနပ်ဖြစ်လာကြသည်။ ထိုမကျေနပ်မှုများကြောင့် ဒေသတွင်း အသေးစားစစ်ပွဲများဖြစ်လာသဖြင့် ကန်းဆပ်စ်ပြည်နယ်ကို Bloody Kansas ဟုပင်အမည်ပြုကြသည်။ အခင်မင်ဆုံးသော မိတ်ဆွေလည်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဂျက်ဖာဆန် ဒေးဗီးစ် ကဆူပူမှုများကို ကြိုးစားနှိမ်နှင်းထိန်းသိမ်းသော်လည်း မနိုင်နင်းတော့ပေ။ (ဂျက်ဖာဆန်ဒေးဗီးစ်သည် နောင်တွင် တောင်ပိုင်းမှ ဝင်တိုက်ပေးခဲ့သည်။) ရင်သွေးသုံးဦးထွန်းကားခဲ့ရာ တစ်ဦးမှ အဖတ်မတင်ပေ။ ကြေကွဲစရာဘဝကို အရက်ဖြင့်ဖြေဖျောက်သည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို တိတိကျကျလိုက်နာသူဖြစ်ပြီး နိုင်ငံခြားရေးရာများတွင် အောင်မြင်မှုအနည်းငယ်ရလိုက်သည်။ သူ့လက်ထက်တွင် ဂျူးသွေးပါသူတစ်ဦးကို သံအမတ်အဖြစ် ပထမဆုံး ခန့်အပ်ခဲ့သည်။ ဂျပန်နှင့်ကုန်သွယ်ရေးကို အကောင်အထည်ဖော်သည်။ ပြည်ပမှ လာရောက်အခြေချသူများအတွက် အခွင့်အရေးများကို ထောက်ခံပေးသူ စသည်တို့မှာ ပီးယားစ်၏ အဆိုးများကြားမှ ကောင်းကွက်လေးများဖြစ်ကြသည်။ သူ့နောက်တွင် ရုပ်ချောသူများကို ဇွတ်တရွတ် မရွေးကောက်တော့ဟု ပြက်လုံးထုတ်ခံရသည်။ သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောက်လိုက်ရပြီး သူ၏ ဒီမိုကရက်တစ်ပါတီက ဆက်လက်ထောက်ခံမပေးသဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲမဝင်နိုင်တော့ပေ။ ကိုးကား
|
Portal di Ensiklopedia Dunia