ဖားအောက်တောရဆရာတော်
ဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ သည် မြန်မာသက္ကရာဇ် ၁၂၉၆-ခုနှစ် ပထမဝါဆိုလဆန်း (၁၄)ရက်၊ ခရစ်နှစ် ၁၉၃၄ ဇွန်လ (၂၄)ရက် တနင်္ဂနွေနေ့ နံနက် (၈)နာရီအချိန်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ၌ အဖ ဦးပြူး၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွားခဲ့သည်။ စတုတ္ထမြောက် သားဖြစ်ပြီး ငယ်မည်မှာ မောင်အောင်သန်း ဖြစ်သည်။ [၁] ရှင်သာမဏေဘဝမောင်အောင်သန်း (၆)နှစ် အရွယ်တွင် ဂျပန်ခေတ်နှင့်ကြုံသောကြောင့် အတန်းကျောင်းမတက်ရသဖြင့် မိဘများက လိပ်ချောင်းရွာ စလင်းကျောင်းဆရာတော် ဦးသောဏထံ အပ်နှံခဲ့သည်။ အသက် (၉)နှစ် ၁၃၀၆-ခုနှစ် ကဆုန်လဆန်း (၁၁)ရက်နေ့တွင် လိပ်ချောင်းကျေးရွာ ဆရာတော် ဦးသောဏမထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ ၁၃၁၂-ခုနှစ် နယုန်လ မှ ၁၃၁၄-ခု နယုန်လအထိ ဟင်္သာတမြို့ တာ(၅၀)ရပ် ရေကြည်တိုက်သစ်တွင် ဆရာတော်ဦးမဟိန္ဒ၊ ဆရာတော် ဦးပဏ္ဍဝံသ၊ ဆရာတော် ဦးပညာဝန္တတို့ထံ၌ ပရိယတ္တိပညာများကို ဆည်းပူးခဲ့သည်။ ၁၃၁၃-ခုနှစ်တွင် ပထမငယ်တန်း၊ ၁၃၁၄-ခုနှစ်တွင် ပထမလတ်တန်းတို့ကို အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် အောင်မင်္ဂလာသိဒ္ဓိတိုက်ဆရာတော် ဦးဥတ္တမထံတွင် (၃)လတာမျှ ဆန်း-အလင်္ကာ၊ အထက်ယမိုက်ကျမ်းများ၊ ရူပသိဒ္ဓိကျမ်းများကို သင်ယူခဲ့သည်။ ၁၃၁၄-ခုနှစ် သီတင်းကျွတ်လတွင် မန္တလေးမြို့ မစိုးရိမ်တိုက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဝံသ ထံ၌ ပဋ္ဌာန်းကျမ်းကို သင်ယူခဲ့သည်။ ဝိနယဆရာတော်ဘုရားကြီးထံ၌ အထက်ယမိုက်ကျမ်းများကိုလည်းကောင်း၊ ပါဠိဆရာတော်ဘုရားကြီးထံ၌ အလင်္ကာကျမ်းတို့ကိုလည်းကောင်း သင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်တွင် ပထမကြီးတန်းကို အောင်မြင်ခဲ့သည်။ ရဟန်းဘဝနှင့် ပရိယတ္တိ စာသင်သားဘဝ၁၃၁၆-ခုနှစ်၊ ကဆုန်လဆန်း (၈) ရက်နေ့တွင် ရေကြည်မြို့ဂိုဏ်းချုပ်ဆရာတော် မင်္ဂလာဆရာတော်ဘုရားကြီး ဦးပညာကို ဥပဇ္ဈာယ်ပြု၍ ဟင်္သာတမြို့၊ တာ (၅၀)ရပ် ရေကြည်တိုက်သစ်ခဏ္ဍသိမ်တော်၌ ရဟန်းအဖြစ်ကို ရရှိသည်။ ဟင်္သာတမြို့၊ ငါးမျက်နှာဘုရားကြီး၌ နေထိုင်ကြသော ဦးစံချိန်-ဒေါ်အေးတင် မိသားစုတို့က ပစ္စယဒါယကာအဖြစ် ခံယူကြသည်။ ၁၃၁၆-ခုနှစ်တွင် မန္တလေးမြို့၊ တောင်ပြင်ရပ်၊ မြင်းဝန်တိုက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မြင်းဝန်တိုက် ပတ္တမြားဆရာတော် ဦးဥက္ကံသ၊ ဘုရားကြီးတိုက် အမရပူရဆရာတော် ဦးဥက္ကံသ၊ ဘုရားကြီးတိုက် ဆရာတော် ဦးအရိယ၊ ဘုရားကြီးတိုက် ဆရာတော် ဦးကုမာရ (ယခု ဗန်းမော်ဆရာတော်)၊ ဘုရားကြီးတိုက် ဆရာတော် ဦးပညာဇောတ၊ တောင်ထီးလင်းတိုက် ဆရာတော် ဦးသူရိယ၊ တောင်ထီးလင်းတိုက် ဆရာတော် ဦးပုညာနန္ဒတို့ထံ၌ ဘေဒစိန္တာ၊ အဋ္ဌသာလိနီအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ သမန္တပါသာဒိကအဋ္ဌကထာ စသည့် စာဝါများကို သင်ယူခဲ့သည်။ ၁၃၁၈-ခုနှစ်တွင် ဥက္ကံမြို့၊ ဘုရားကြီးတိုက်မှ ဝင်ရောက်ဖြေဆိုရာ သာသနဓဇသီရိပဝရဓမ္မာစရိယဘွဲ့ကို ရရှိအောင်မြင်တော်မူခဲ့သည်။ တောရဆောက်တည်ခြင်း![]() ၁၃၂၆-ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၌ စတင်၍ မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆရာတော် ဦးပဏ္ဍိတ(ယခု ရွှေတောင်ကုန်းဆရာတော်ဘုရား)တို့ထံတွင် ကမ္မဋ္ဌာန်းတရားများကို သင်ယူကာ အားထုတ်ခဲ့သည်။ ၁၃၂၆-ခုနှစ်၊ ရဟန်းဆယ်ဝါ အရတွင် စတင်၍ တောရဆောက်တည်ခဲ့၏။ ကသစ်ဝိုင်ဆရာတော်ဘုရားထံတွင်လည်း (၁၀)ရက် တရားဘာဝနာများ အားထုတ်ခဲ့သည်။ ၁၃၂၈-ခုနှစ်တွင် ဓာတ်ကမ္မဋ္ဌာန်း သင်ကြားပြသသော သန်လျင်ဆရာတော်ဘုရားထံ၌ (၆)လခွဲကြာ တရားဘာဝနာများကို အားထုတ်ခဲ့သည်။ ၁၃၂၉-ခုနှစ်တွင် အာနာပါနဿတိကမ္မဋ္ဌာန်း သင်ကြားပြသပေးသော မုံရွာမြို့နယ် အထက်ချင်းတွင်း ကန်နီမြို့ရွှေသိမ်တော်တောရ ဆရာတော်ဘုရားကြီးထံတွင် (၃)လခွဲမျှ တရားဘာဝနာများကို ပွားများအားထုတ်ခဲ့သည်။ ၁၃၂၆-ခုနှစ်မှ စ၍ တောရဆောက်တည်ရာ သထုံမြို့၊ နေမိန္ဒရတောင်အနီး တောင်ဝိုင်းကြီးတောရတွင် (၁)ဝါ၊ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာ စိတ္တသုခတောရကျောင်းတွင် (၃)ဝါ၊ ရေးမြို့နယ်၊ အစင်ကျေးရွာ အစင်တောရကျောင်းတွင် (၁၃)ဝါ အသီးသီး သီတင်းသုံးနေထိုင်ခဲ့ပြီး ၁၃၄၃-ခုနှစ် (၁၉၈၁-ခုနှစ်)တွင် ဖားအောက်တောရသို့ ရောက်ရှိသီတင်းသုံးခဲ့ရာ ယခုတိုင်ဖြစ်လေသည်။ ဖားအောက်တောရဆရာတော်
ဖယ်ထော် ဆရာတော် ပျံလွန်တော် မမူမီ ၅-ရက်အလို ကောဇာသက္ကရာဇ် ၁၃၄၃-ခုနှစ်၊ ဝါဆိုလပြည်နေ့၊ ၁၉၈၁ ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့ နံနက်တွင် ဖားအောက်တောရသို့ ရောက်ရှိခဲ့သည်။ ဖယ်ထော်ဆရာတော်က သစ်သီးကျောင်းကို ဆက်လက် စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံသဖြင့် ဖားအောက်တောရ၌စတင် သီတင်းသုံးခဲ့လေသည်။ ဖယ်ထော်ဆရာတော် ပျံလွန်တော်မူပြီးနောက် အရှင်အာစိဏ္ဏသည် ဖားအောက်တောရကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ထိုရောက်စနှစ်တွင် ကျွဲတညင်းကျောင်း၌ ဝါဆိုဝါကပ်ခဲ့သည်။ ဝါကျွတ်ပြီးနောက် စိမ့်စမ်းရှိုမြောင်များရှိရာ စိမ်းလန်းစိုပြေ၍ အေးချမ်းတိတ်ဆိတ်သည့် ပို၍တောနက်သော ယခုလက်ရှိ သီတင်းသုံးရာ တောရနေရာကို တွေ့ရှိခဲ့သဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ထိုနေရာသို့ စတင်ပြောင်းရွှေ့ သီတင်းသုံးခဲ့သည်။ ဤနေရာသည် မူလက ဒူးရင်းခြံ ဖြစ်သည်။ ဖားအောက်တောရ ဆရာတော် စတင် သီတင်းသုံးသောအခါ စမ်းချောင်းနံဘေး သရက်ပင်ကြီးအောက်၌ ဝါးကျောင်းကလေးတစ်လုံးဆောက်လုပ်ပေးကြ၏။ ထိုဝါးကျောင်းကလေး၌ သီတင်းသုံးခဲ့၏။ ထိုဝါးကျောင်းကလေးကို အစွဲပြု၍ ဤတောရကျောင်းနေရာကို "ဝါးကျောင်း"ဟုသာ အမည်တွင်ခဲ့သည်။ ဝါးကျောင်း၌ ညသန့်စင်ပြီး နံနက်အခါ ဖားအောက်ရွာတွင်းသို့ နေ့စဉ် ဆွမ်းခံကြွသည်။ ဝါးကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးခဲ့သော်လည်း "စင်္ကြံကျောင်း"ကို စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက် နေ့အခါ၌ စင်္ကြံကျောင်း၌ နေ့သန့်စင်၍ ပရိယတ္တိ၊ ပဋိပတ္တိတရားများကို ပွားများအားထုတ်ရင်း ကျောင်းသို့ လာရောက်ဆည်းကပ်ကိုးကွယ်ကြသူ ဒါယကာ ဒါယိကာမ အပေါင်းတို့ကိုလည်း တရားဓမ္မများ ဟောကြားပြသ ဆိုဆုံးမပေးသည်။ ညအခါမှသာ ဝါးကျောင်းသို့ ပြန်ကြွ ညသန့်စင်တော်မူနိုင်ခဲ့သည်။ ဤသို့ဖြင့် သုံးနှစ်ခန့်ကြာသောအခါ ကျောင်းနေတပည့်များနှင့် တရားအားထုတ်လိုသူ ယောဂီများကို တရားရှုပွားနည်းများ ညွှန်ကြား ပြသပေးခဲ့လေသည်။ တရားအားထုတ်၍ အောင်မြင်သူများ ပေါ်ပေါက်လာသည်နှင့်အမျှ တစ်စတစ်စ ယောဂီများ များပြားလာခဲ့ပေသည်။ ကျောင်း၌နေ၍ ရက်ရှည်အားထုတ်သူများလည်း ရှိလာ၏။ ၁၉၈၅-ခုနှစ်တွင် ဝါးကျောင်းကလေးအနီး၌ သစ်သားစင်္ကြံစံကျောင်းတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းကြ၏။ ထိုစံကျောင်း၌ ၁၉၉၀-ခုနှစ်တိုင်အောင် သီတင်းသုံးခဲ့သည်။ ယင်း စံကျောင်းဆောင်မှာ ယခုတိုင်တည်ရှိနေသေး၏။ ၁၉၈၉-ခုနှစ်တွင် သစ်သားကျောင်းငယ်လေး ရှစ်လုံးကို ၎င်းစံကျောင်း၏အနီး အရှေ့ဘက်၌ ဆောက်လုပ်ခဲ့ကြသည်။ တရားလာရောက်အားထုတ်ကြသော ရှင်ယောဂီ လူယောဂီများ များပြားလာသည်နှင့်အမျှ တရားအားထုတ်ရန် ဓမ္မာရုံ၊ သိမ်နှင့် ကျောင်းဆောင်များလည်း တိုးချဲ့ဆောက်လုပ်ခဲ့ကြသည်။ ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စများလည်း များပြားလာသည်ဖြစ်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကိုလည်း ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ ဖွဲ့စည်းခဲ့ကြသည်။ ကျောင်း၌ပင် ဆွမ်းလုံလောက်အောင် ချက်ပြုတ်လှူဒါန်းနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။ ယခင်က ဆရာတော်သည်နေ့စဉ် ရွာသို့ တစ်ပါးတည်း ဆွမ်းခံကြွလေ့ရှိ၏။ ကျန်သံဃာတော်များမှာ အဖွဲ့လိုက် တန်းစီကြွကြ၏။ ၁၉၉၁-ခုနှစ်နောက်ပိုင်းရောက်မှသာ ဆရာတော်၏ကျန်းမာရေးကြောင့် ဒကာ ဒကာမများတောင်းပန်သဖြင့် ရံဖန်ရံခါသာ ဆွမ်းခံကြွတော့၏။ ဆရာတော်ကိုယ်စား ရဟန်းတစ်ပါး တစ်ပါးကား ယခုတိုင်အောင် အမြဲဆွမ်းခံကြွလျက်ပင် ရှိနေသည်။ ၁၉၉၀-ခုနှစ်တွင် ဆရာတော်အား တိုက်စံကျောင်းသစ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းကြသည်။ ထို တိုက်စံကျောင်းမှာ စိတ္တလတောင်ကျောင်းတွင်း ကတ္တရာကားလမ်းအဆုံး၌ တည်ရှိသော တိုက်ကျောင်းပင်ဖြစ်သည်။ ထိုကျောင်း၌ ကွန်ပြူတာခန်းပြုလုပ် အသုံးပြုသော "ကွန်ပြူတာကျောင်း" ဟုသာ ခေါ်တွင်ကြသည်။ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော သံဃာတော်များလည်း အရေအတွက် အများပြားလာသည်ဖြစ်ရာ၁၉၉၃-ခုနှစ်တွင် မုဒုံမြို့မှ ဒေါ်သန်းသန်းဝေမိသားစုနှင့် ဓမ္မမိတ်ဆွေများက စည်းရုံးဦးဆောင်၍ သစ်သား တစ်ပါးကျောင်းလေးများကို စတင်တိုးချဲ့ဆောက်လုပ်လာကြရာ တစ်နှစ်အတွင်း တစ်ပါးကျောင်းဆောင်ပေါင်း ၄၅ ဆောင်ခန့် ၁၃၅၆-ခုနှစ် ဝါဆိုအမှီ ပြီးစီးသဖြင့် သံဃာတော်အရေအတွက် ပိုမို များပြားစွာ တောကျောင်း၌ ဝါဆိုခွင့်ရရှိကြလေသည်။ တစ်ပါးကျောင်းများကိုလည်း ကျောင်းဗဟိုမြေနိမ့်ပိုင်းတွင်သာမက တောင်စဉ် တောင်ခါးပန်းတောင်ချိုမ့်ဝှမ်းနှင့် တောင်ကြောတစ်လျှောက် ဆက်လက် ဆောက်လုပ်လျက်ရှိခဲ့သည်။ ကံကြီး-ကံငယ်ဆောင်ရွက်ရန်နှင့် စုပေါင်းတရားထိုင်ရန်အတွက် သိမ်တစ်လုံးလိုအပ်သည်ဖြစ်ရာ ၁၉၉၄-ခုနှစ်တွင် ဓမ္မဝိဟာရီနှစ်ထပ်သိမ်တော်ကြီး တည်ဆောက်ရန် မြေနေရာကိုလည်း စတင်ရှင်းလင်းမြေညှိခဲ့ကြသည်။ ၁၃၅၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၁၉၉၆ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အလျား၁၄၅ပေ၊ အနံ ၉၆ပေ ရှိသော နှစ်ထပ်သိမ်တော်ကြီး ပန္နက်ချနိုင်ခဲ့ပြီး ၂၀၀၀ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် နေ့တွင် သိမ်တော်ကြီးအထွဋ်စေတီတော် ထီးတင်နိုင်ခဲ့သည်။ ၁၉၉၉-ခုနှစ်တွင် အလျား(၁၁၀)ပေ၊ အနံ(၆၀)ပေ ရှိသော ဆွမ်းလောင်းရုံကြီးကိုလည်း ဆောက်လုပ်ခဲ့သည်။ ၁၃၆၁-ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ၂၀၀၀ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သိမ်သမုတ်ပွဲသိမ်ဖွင့်ပွဲနှင့် ဆွမ်းလောင်းရုံဖွင့်ပွဲ အခမ်းအနားကို တစ်ပြိုင်တည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့လေသည်။ ၁၉၉၀-ခုနှစ်နောက်ပိုင်းလောက်မှ စတင်၍ နိုင်ငံခြားသားရဟန်း-ရှင် ယောဂီများ စတင် ရောက်ရှိလာကြသည်။ တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားသားအရေအတွက်လည်း များပြားလာခဲ့သည်။ ပြည်ပသို့ ကြွရောက်သာသနာပြုပေးပါရန်ဖိတ်ကြားမှုများလည်း များပြားလာခဲ့လေသည်။ ၁၉၉၇-ခုနှစ်မှ စတင်၍ နိုင်ငံခြားသာသနာပြုခရီး စတင်ခဲ့သည်။ ဦးစွာ သီဟိုဠ်နိုင်ငံ၌ တရားစခန်းဖွင့်လှစ်ခဲ့သည်။ ၁၉၉၈-ခုနှစ်မှစ၍ ထိုင်ဝမ်နိုင်ငံတွင် နှစ်စဉ် ၂-လ တရားစခန်းသွားရောက်သင်ကြားပေးခဲ့သည်။ ထို့နောက် ဟောင်ကောင်၊ တရုတ်ပြည်၊ မလေးရှားစသည့် နိုင်ငံများသို့များ ကြွရောက်၍ တရားဓမ္မများ သင်ကြားပေးခဲ့ရသည်။ ၂၀၀၂-ခုနှစ်တွင် မအားလပ်သည်ကတစ်ကြောင်း၊ ကျန်းမာရေးအတွက် အနားယူရန် လိုအပ်သည်က တစ်ကြောင်းတို့ကြောင့် အချို့ပြည်ပမှ တရားစခန်းဖွင့်လှစ်ရန် ဖိတ်ကြားချက်များကို ဆိုင်းငံ့ထားခဲ့သည်။ ပြည်တွင်း ပြည်ပမှ ယောဂီများကား မပြတ်မစဲလာရောက်အားထုတ်နေကြဆဲဖြစ်၏။ ပြည်တွင်း ပြည်ပ ယောဂီသူတော်ကောင်းများကိုလည်း စွမ်းအားရှိသလောက် တရားဘာဝနာများကို ညွှန်ကြားပြသလျက် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ တည်းဟူသော သာသနာတော်သုံးရပ် တိုးတက်ကြီးပွားစည်ကားသိုက်မြိုက်ရန် ကြိုးပမ်းလျက်ရှိသည်။ [၂] ဘွဲ့တံဆိပ်တော်များ၁၃၅၇-ခုနှစ်တွင် နိုင်ငံတော်မှ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၀-ပြည့်နှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၂၁ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ထိုင်းဘုရင် ချူလာလောင်ကွန်းတည်ထောင်သော Mahachulalongkornrajavidyalaya University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို ဝိပဿနာကမ္မဋ္ဌာန်း အထူးပြုဖြင့် ဆပ်ကပ်ခဲ့သည်။[၃] ၁၃၇၉-ခုနှစ်တွင် နိုင်ငံတော်မှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၈၂-ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၈၅-ခုနှစ်တွင် နိုင်ငံတော်မှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တော်ကို ဆပ်ကပ်ခဲ့သည်။[၄] ရေးသားထားသောစာအုပ်များဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များမှာ-
ဟောကြားခဲ့သော တရားတော်များဖားအောက်တောရဆရာတော်ကြီးသည် များစွာသော တရားတော်များကိုလည်း ဟောကြားတော်မူခဲ့သည်။ တရား အများစုမှာ ဖားအောက်တောရတွင် ယောဂီများကို ဟောကြားခဲ့ခြင်းဖြစ်၍ အခြား နေရာ ဌာနများတွင်လည်း ဟောကြားခဲ့သည်။ ဆရာတော်ကြီးတရားများကို တပည့် သံဃာ နှင့် ဒါယိကာများက အသံဖမ်းယူ မှတ်တမ်းတင် ခဲ့ကြရာ ထိုခေတ်က ကက်ဆက်ခွေများနှင့် ဖမ်းယူရသည်ဖြစ်ရာ ဆရာတော်သည် တရားအများစုအတွက် တစ်ချိန်လျင် တစ်နာရီ၊ တစ်နာရီခွဲ သို့မဟုတ် နှစ်နာရီစာခန့် စီခြောက်ဆယ်၊ စီကိုးဆယ်ကက်ဆက်ခွေများနှင့် တစ်ခွေစာ ကွက်တိ ဟောပေးတော်မူပြီး နေ့စဉ် အပိုင်းလိုက် နာယူရသော အခန်းဆက် တရားတွဲများဖြစ်သည်။
* အမှတ်စဉ် (၆) စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော် နှင့် အမှတ်စဉ် (၂၃) နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း တရားော်များမှာ စာအုပ်အဖြစ်လည်းောင်း၊ နှုတ်မှဟောကြားော တရားော်များအဖြစ်လည်းောင်း မှတ်တမ်းမှတ်ရာများ ကျန်ရစ်ပါသည်။ ကိုးကား
ပြင်ပလင့်များ |
Portal di Ensiklopedia Dunia