မင်းစိန်သီရိပျံချီ ဒေါက်တာ ဦးမင်းစိန် (၁၈၉၈ ဒီဇင်ဘာ ၂၆ - ၁၉၇၈ နိုဝင်ဘာ ၉) သည် မြန်မာနိုင်ငံသား ဆရာဝန်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဆေးဘက်စစ်မှုထမ်းအဖြစ် တာဝန်ထမ်းရာ ဗိုလ်မှူးကြီးအဆင့်အထိ ရာထူးရခဲ့သူဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး ဆေးရုံအုပ်အဖြစ်၎င်း၊ ရန်ကုန်ဆေးတက္ကသိုလ်နှင့် မန္တလေးဆေးတက္ကသိုလ်တို့၌ ပါမောက္ခချုပ်အဖြစ်၎င်း အမှုထမ်းသည်။ ငယ်ဘဝနှင့်ပညာရေး၁၈၉၈ ခု၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဦးဆိုင်ဟူ၊ ဒေါ်ရင်ကိန်းတို့မှ ဖျာပုံတွင် မွေးသည်။ ၁၉၂၅ ခုတွင် ကာလကတ္တားတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရသည်။ ၁၉၂၇ ခုတွင် အင်္ဂလန်နိုင်ငံမှ အယ်လ်အာစီပီဘွဲ့၊ ၁၉၂၉ ခုတွင် အမ်အာရ်စီပီဘွဲ့၊ ၁၉၅၉ ခုတွင် အက်ဖ်အာရ်စီပီဘွဲ့ ရသည်။ သက်မွေးလမ်းကြောင်း၁၉၂၇ ခုတွင် အင်္ဂလန်မှပြန်လာပြီးနောက် အစိုးရဆေးကျောင်းတွင် လက်ထောက်ကထိကအဖြစ် ဆောင်ရွက်သည်။ ၁၉၃၁ ခုတွင် အိန္ဒိယဆေးဘက်ဝန်ထမ်းရာထူး (အိုင်အမ်အက်စ်) ရလာသည်။ ၁၉၃၄ ခုတွင် ပြည်သူ့ဆေးဘက်ဌာနသို့ ပြောင်းသည်။ ၁၉၃၈ ခုတွင် ဒုတိယသမားတော်ကြီးအဖြစ် ဆေးအတတ်ပညာကထိကဖြစ်လာသည်။ ၁၉၄၀ ပြည့်၌ ဆေးဘက်ဆိုင်ရာအမှုထမ်းအဖြစ် စစ်မှုထမ်းရာ ဗိုလ်မှူးကြီးအဆင့်အထိ တိုးမြှင့်ခံရ၍ ကာနယ်မင်းစိန်ဟု အမည်တွင်သည်။ စစ်ပြီးခေတ် ၁၉၄၆ ခုတွင် ရန်ကုန်ဆေးတက္ကသိုလ်၌ ဆေးပညာဆိုင်ရာပါမောက္ခအဖြစ် အလုပ်ဝင်သည်။ ယင်းမှသည် ပါမောက္ခချုပ်အဖြစ် အဆင့်ဆင့်ရာထူးတိုးခဲ့သည်။ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်၎င်း၊ ရန်ကုန်ဆေးရုံအုပ်အဖြစ်၎င်း၊ တာဝန်ယူဖူးသည်။ မြန်မာတိုင်းရင်းဆေးဆိုင်ရာဘာသာရပ်နှင့်သုတေသနလုပ်ငန်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အိမ်သုံးဆေးများနှင့်လက်ရှိတိုင်းရင်းဆေးအခြေအနေ စာတန်းကို ပြုစုသည်။ လူမှုရေးဆောင်ရွက်ချက်မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ (၁၉၄၈)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ (၁၉၄၈)၊ မြန်မာနိုင်ငံဂေါက်ကလပ်အသင်း ဥက္ကဋ္ဌ (၁၉၄၈)၊ မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ဥက္ကဋ္ဌ၊ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ စသောရာထူးများကို ၁၉၅၃ မှ ၁၉၆၃ ကာလအထိ ဆောင်ရွက်ပြီး ဇီဝိတဒါနဆေးရုံ၌ စေတနာ့ဝန်ထမ်းအဖြစ်လည်း ပါဝင်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးဗြိတိသျှအစိုးရက အိုဘီအီးဘွဲ့ကို ၁၉၄၇ ခုတွင်၎င်း၊ မြန်မာအစိုးရက သီရိပျံချီဆုကို ၁၉၄၉ ခုတွင်၎င်း ချီးမြှင့်ခံရသည်။ မိသားစုဘဝသားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာ ဒေါ်ရင်မေနှင့် အိမ်ထောင်ပြုသည်။ ဘဝနိဂုံး၁၉၇၈ ခု၊ နိုဝင်ဘာလ ၉ ရက်၊ အသက် ၈၀ အရွယ်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ နေအိမ်တွင် လွန်လေ၏။ |
Portal di Ensiklopedia Dunia