မိကျောင်း (တူရိယာ)![]() မိကျောင်းတူရိယာသည် အငြိမ့်တီးမျိုး ၆ ပါးတွင် အပါအဝင်ဖြစ်သော တူရိယာဖြစ်၏။ မိကျောင်းရုပ်ဖြင့် ပြုလုပ်၍ တီးသော မိကျောင်းတူရိယာမျိုးများကို ခရစ် ၈ဝ၁-၂ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သော ပျူယဉ်ကျေးမှု မိတ်ဆက်အဖွဲ့တွင် ထည့်သွင်းတီးမှုတ်ခဲ့သည်ကို အစောဆုံးတွေ့ရှိရလေ သည်။ ထိုခေတ်က မိကျောင်းတူရိယာ ပုံသဏ္ဌာန် အနေအထားမှာ အလျား ၄ ပေ၊ အနံ ၇ လက်မ၊ သို့မဟုတ် ၁ ပေ ကျော်ကျော်ရှိပြီး လျှင် အောက်ဝမ်းပိုက်ကို ယခုခေတ် မိကျောင်း တူရိယာကဲ့သို့ပင် အခေါင်းပြုလုပ်ထား၏။ မိကျောင်း၏ ကိုယ်ပေါ် တစ်ဖက်တစ်ချက် တွင် ကြိုး ၉ ချောင်းစီ တပ်ဆင်ထားပြီးလျှင်အဆိုပါကြိုးများအလျှော့အတင်း ပြုလုပ်ရန် ဒလက် ၁၈ ခု တပ်ထားကြောင်း သိရှိ ရသည်။ အဆိုပါ သရေခေတ္တရာခေတ် မိကျောင်းရုပ် တူရိယာမှာ ယခုခေတ် မိကျောင်း တူရိယာကဲ့သို့ မိကျောင်းရုပ်ဖြင့် ထုလုပ်ထားသော်လည်း တပ်ဆင်ထားသောကြိုးများမှာ ယခုခေတ် မိကျောင်း တူရိယာကဲ့သို့ ကြိုး ၃ ချောင်းသာလျှင် တပ်ဆင်မထားဘဲ ကြိုး ပေါင်း ၁၈ ကြိုး တပ်ဆင်ထားသည်မှာ များစွာထူးခြားလေသည်။ ထို့ပြင် သရေခေတ္တရာခတ် မိကျောင်းတူရိယာ၌ ယခုခေတ်မိကျောင်းတူရိယာကဲ့သို့ လက်နှိပ်ခလုတ်ကလေးများ တပ်ဆင်ထားသည့် အကြောင်းမပါရှိဘဲ ကြိုးများကို ခုတုံးတစ်ခုပေါ်တွင် တင်ထားသည်ဟု ဆိုသောကြောင့် ထိုခေတ်ကမိကျောင်းတူရိယာကို ယခုခေတ် မိကျောင်းတူရိယာ တီးသကဲ့သို့ တီးလိမ့်မည်ဟု မယူဆဘဲ၊ မယ်ဒလင် ဘင်ဂျိုများ တီးပုံမျိုးကဲ့သို့လည်းကောင်း၊ ရှေးပဝေသဏီက ရောမလူမျိုးများ ဗျတ်စောင်းတူရိယာတစ်မျိုးကို လက်တစ်ဖက်ဒေါင်လိုက်မ၍ ကိုယ်ဖြင့်မှီပြီး တီးပုံမျိုးကဲ့သို့လည်းကောင်း တီးမှုတ်ကြသည်ဟု ယူဆရသည်။ အဆိုပါ မိကျောင်းပုံသဏ္ဌာန်မျိုးဖြင့်ပြုလုပ် ထားသော တူရိယာ၏ အမည်ကိုကား မှတ်တမ်းတွင် မတွေ့ရှိရချေ။ သို့သော် မိကျောင်း တူရိယာနှင့် စပ်လျဉ်း၍ သက္ကရာဇ် ၈၈၉ ခုနှစ်တွင် ရှင်အဂ္ဂသမာဓိ စပ်ဆိုသီကုံးခဲ့သော သုဝဏ္ဏသျှံ သူဌေးခဏ်းပျို့၌ ကျည်ကျည်သံဖျား၊ နိုများမိကျောင်း၊ နင်းနင်းနောင်းနှင့်၊ စည်မောင်းမစဲ၊ တသဲသဲတည့် ဟူ၍ လည်းကောင်း၊ ဘုံခန်းပျို့၌လည်း မှုတ်တီးငြင်းစောင်း၊ ရွှေနင်းနောင်းနှင့် မိကျောင်းပြိုင်ဆော် ဟူ၍လည်းကောင်း စပ်ဆိုသီကုံးခဲ့သည်ကို အစောဆုံးတွေ့ရှိရသဖြင့် မိကျောင်းခေါ်တူရိယာသည် အင်းဝခေတ် အခါကတည်းကပင် ပေါ်ပေါက်ထွန်းကားနေပြီ ဖြစ်ကြောင်း သိရှိ ရသည်။ ထို့ပြင် ဝေဿန္တရာပျို့၌ စောင်းငြင်းမိကျောင်း၊ အောင်း ကလေးကျော်၊ သံငေါ်လက်ခုပ်၊ စည်းဆုပ်ပတ်တလား၊ စန္ဒရားတို့ ဟူ၍လည်းကောင်း၊ မဟာသီလဝပျို့၌ ပလွေကျော်အောင်း၊ လက် ပိုက်စောင်းနှင့်၊ မိကျောင်းလက်အုပ်၊ စည်းဆုပ် မြှောက်စည် ဟူ၍လည်းကောင်း၊ ကုသပျို့၌ ငြင်းပြွေနှဲစောင်း၊ မိကျောင်းငြိမ့်သံ၊ နာခံသာယာ၊ နေအပ်စွာ၏ ဟူ၍ လည်းကောင်း၊ မိကျောင်း တူရိယာကို ထည့်သွင်း စပ်ဆိုသီကုံးခဲ့ကြသည်ကို တွေ့ရှိရသဖြင့် မိကျောင်းတူရိယာများသည် ကုန်းဘောင်ခေတ် တိုင်အောင် တီးမှုတ်နေကြောင်း သိရှိရသည်။ ထို့ပြင် ပုဂံမြို့ အာနန္ဒာအုတ်ကျောင်း စင်္ကြံမြောက်ဘက်နံရံ၌ ကုန်းဘောင်ခေတ်က ဆေးဖြင့်ရေးသားထားခဲ့သော ပုံအလယ်တွင် ပုဝါအနက်ကျားကို ပခုံးပေါ်၌ ခြုံထားသည့် မိန်းမမှာ မိကျောင်းတီးနေသည်ကို တွေ့မြင်ရပေမည်။ ထိုပုံတွင် အခြား တူရိယာများမပါဘဲ မိကျောင်းတူရိယာ တစ်လက်တည်းဖြင့် တီးမှုတ်ကခုန်နေသည်ကို တွေ့မြင်ရခြင်းအားဖြင့် ကုန်းဘောင်ခေတ် အခါက မိကျောင်းတူရိယာများ မည်မျှလောက် ခေတ်စားနေကြောင်းကို သိသာ ထင်ရှားစေလေသည်။ ခရစ် ၁၇၉၅ ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီမှ ဘိုးတော်ဘုရားထံသို့ သံတမန်အဖြစ် စေလွှတ်ခြင်းခံရသော ကက်ပတိန်မိုင်ကယ်ဆိုင်းဆိုသူ ရေးသားခဲ့သော အင်းဝသွား သံအဖွဲ့မှတ်တမ်းစာအုပ်၌ ကုန်းဘောင်ခေတ် မိကျောင်း တူရိယာနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရ၏။ ဂီတာကဲ့သို့ မိကျောင်းခေါ် တူရိယာတစ်မျိုးမှာ အလွန်ထူးဆန်းသော တူရိယာဖြစ်လေသည်။ ထိုတူရိယာကို မိကျောင်း ပုံသဏ္ဌာန်အတိုင်း ထုလုပ်ထား၏။ ထိုတူရိယာ၏ ကိုယ်ထည်ကို အခေါင်းထွင်းထားပြီး နောက်ဖက်တွင် အသံမြည်ပေါက် (နတ်သမီးပေါက်) များရှိလေသည်။ ကြိုး ၃ ချောင်းကို မိကျောင်း၏ကျောမှ အမြီးသို့ဆွဲလျက် တပ်ဆင်ထား၏။ အဆိုပါကြိုးများမှာ အစွန်း တစ်ဖက်တစ်ချက်တွင်ရှိသော ခုတုံးကလေးများပေါ်တွင် တင်ထားလျက် ကြိုးများကိုအသံညှိသည့်အခါ အမြီးတွင်တပ်ထားသည့် ဒလက်များဖြင့် ရစ်ပတ်ချည်နှောင်လျက် ညှိလေသည်။ ထိုတူရိယာကို လက်ချောင်းကလေးများဖြင့် တီး၍ အထူးသဖြင့် အဆိုများနှင့် တွဲဖက်တီးမှုတ် လေ့ရှိကြသည်။ ယခုခေတ် မိကျောင်းတူရိယာတွင် တပ်ဆင်ထားသောကြိုး ၃ ချောင်းမှာ ပိုးကြိုးဖြစ်ပြီးလျှင် အများအားဖြင့် ပထမကြိုးတေးတွင် ၄ ပေါက်သံ၊ ဒုတိယ ကြိုးတွင် သံမှန်၊ တတိယကြိုး ပြီးတွင် ၄ ပေါက် သံများ ညှိထား လေသည်။ ကြိုးများ၏ အောက်မှ ဂီတာ မယ်ဒလင် လက်နှိပ်ပေါက် တုံးကလေးများ တပ် ထားသကဲ့သို့ တုံးကလေး ၁၂ ခုခန့်ကို ပျားဖယောင်းဖြင့်ကပ်၍ တပ်ထား၏။ မိကျောင်းတူရိယာကို တီးသည့်အခါ ယခုခေတ် ဂီတာများတီးသည့် ပုံအတိုင်း ပေါင်ပေါ်သို့ တင်၍သော်လည်းကောင်း၊ တခါတရံ အောက်သို့ချ၍သော်လည်းကောင်း တီးလေ့ရှိ၏။ တီးရာတွင် တီးသူ၏ ညာဘက်လက်မ လက်ညှိုးတို့ဖြင့် ကြိုး ကိုတီးခတ်ပြီး ဘယ်ဖက်လက်ချောင်းထိပ်ကလေးများဖြင့် မိမိအလိုရှိသော ကြိုးမှအသံကို လက်နှိပ်ပေါက် တုံးကလေးအပေါ်သို့ ဖိနှိပ်၍ လည်းကောင်း၊ တခါတရံ ဖိဆွဲ၍လည်းကောင်း တီးမှုတ်ကြလေသည်။ မိကျောင်းတူရိယာကို များသောအားဖြင့် ရွှေချ၍လည်း ကောင်း၊ ဆေးရောင်များ ခြယ်လှယ်၍လည်းကောင်း မွမ်းမံတတ်ကြလေသည်။ မိကျောင်း၏ ကိုယ်ထည်ကို အများအားဖြင့် ပိတောက်သားဖြင့် ထုလုပ်ကြသည်။ ထိုကိုယ်ထည်၏ ဝမ်းပိုက်အောက်မှ အခေါင်းထွင်ထားသည့်အပေါ်တွင် နွားသားရေဖြင့် အုပ်ထားသည်။ မိကျောင်းတူရိယာကို လွန်ခဲ့သည့်နှစ်ပေါင်း လေးငါးဆယ် လောက်မှစ၍၊ မြန်မာလူမျိုးများ သုံးစွဲ တီးမှုတ်ခြင်း မတွေ့ရသလောက် ကွယ်ပျောက် တိမ်မြုပ်သွားခဲ့သော်လည်း၊ ကျိုက္ခမီခရိုင်ရှိ မွန်လူမျိုးတို့သည် ယနေ့တိုင် တီးလျက်ရှိနေကြောင်း သိရှိရ၏။ အချို့ မွန်လူမျိုးများသည် မိကျောင်းတူရိယာကို မိကျောင်းရုပ်ပုံသဏ္ဌာန်မျိုး မပြုလုပ်ဘဲ မယ်ဒလင်တူရိယာ ပုံသဏ္ဌာန်မျိုးကဲ့သို့ ပြုလုပ်၍တီးကြသည်ကို တွေ့ရှိရသည်။ မိကျောင်းတူရိယာ အသုံးနည်းသွားသဖြင့် မိကျောင်းတူရိယာတီးရာတွင် ကျော်ကြားထင်ရှားခဲ့သော ပညာသည်ကြီးများ ၏ အကြောင်းအရာ အတ္ထုပ္ပတ္တိများလည်း တိမ်မြုပ်ပျောက်ကွယ်ခဲ့ရလေသည်။ ကင်းဝန်မင်းကြီး ပုရပိုက် အမှတ် ၁၅၈၇ အရ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ မိကျောင်းတူရိယာတီးရာတွင် ကျော်ကြားထင်ရှားခဲ့သူ မိကျောင်းဆရာဦးသင်းသည် အတွင်းအငြိမ့်တော် အမှုထမ်းစောင်းဆရာကြီး ဦးဖူးခေါင်နှင့် တွဲဖက်အမှုထမ်းခဲ့ကြောင်း သိရှိရလေသည်။ (ဦးမြဦး)[၁]
ကိုးကား |
Portal di Ensiklopedia Dunia