မြင့်ငွေ၊ ဟင်္သာတဦးမြင့်ငွေ၊ "ဟင်္သာတ မောင်မြင့်ငွေ" ဟူသော ကလောင်အမည်ဖြင့် လူသိများသူသည် ဂီတပညာရှင်နှင့် သီချင်းရေးဆရာတစ်ဦးဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အဆင့် အားကစားပွဲတော်များအတွက် သီချင်းများစွာ ရေးစပ်ခဲ့သည့်အပြင် မြန်မာဂီတလောကတွင် ထင်ရှားသော တေးသီချင်းများစွာကိုလည်း ဖန်တီးခဲ့သူဖြစ်သည်။ ငယ်ဘဝနှင့် ပညာရေးဦးမြင့်ငွေကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် မိဘများနှင့်အတူ ဟင်္သာတမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၎င်း၏ဖခင်မှာ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ဟင်္သာတတွင် တယောဝိုင်း ထူထောင်ခဲ့သည်။ ဦးမြင့်ငွေသည် ဟင်္သာတမြို့ အထက (၁) တွင် ပညာသင်ယူခဲ့ပြီး ကဗျာဝါသနာပါသူဖြစ်သည်။ ကျောင်းနံရံကပ်စာစောင်များတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ "ဟင်္သာတမောင်မြင့်ငွေ" ကလောင်အမည်ဖြင့် ဟင်္သာတမြို့ထုတ် မဂ္ဂဇင်း၊ သတင်းစာနှင့် စာစောင်များတွင်လည်းကောင်း၊ ရန်ကုန်ထုတ် သင့်ဘဝ၊ သွေးသောက်၊ ချိုတေးသံ၊ ရုပ်ရှင်စာစောင်များတွင်လည်းကောင်း ကဗျာများ ရေးသားခဲ့သည်။ ဂီတခရီး၁၉၆၂ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိပြီး ဂီတလောကတွင် စတင်အခြေချခဲ့သည်။ ၎င်း၏ လက်ဦးဆရာများမှာ စန္ဒရားချိုတေးဆက် ဦးအောင်ကိုး (ညောင်တုန်းသား) နှင့် ဂီတစာဆို ကိုလေးလွင်တို့ ဖြစ်ကြသည်။ မြန်မာ့အသံတွင် ပုရစ်ဖူးတေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရင်း ကာလပေါ်နှင့် ဓာတ်ပြားသီချင်းများ ရေးစပ်ခဲ့သည်။ ထင်ရှားသော စွမ်းဆောင်မှုများ၁၉၉၂ ခုနှစ်တွင် ကျင်းပသော ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအတွက် ဖွင့်ပွဲသီချင်း ("အာရှမြန်မာ")၊ ပိတ်ပွဲသီချင်း ("သွေးချင်းတို့ရေ နှုတ်ဆက်သည်") နှင့် အောင်ပွဲခံသီချင်းတို့ကို ရေးဖွဲ့ခဲ့သည်။ သီချင်းပြိုင်ပွဲ ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ရာ အဆိုပါ သီချင်း ၃ ပုဒ်ဖြင့် ပထမဆု ၃ ဆုလုံးကို တစ်ဦးတည်း ရရှိခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် "အာရှမြန်မာ" သီချင်း၏ အောင်မြင်မှုအတွက် နတ်ရေကန်ရွှေစောင်းဆု ကို ရရှိခဲ့သည်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွက် ကြိုဆိုလှုံ့ဆော်ရေးသီချင်း ("နေ့သစ်များရဲ့မြန်မာပြည်") နှင့် ပိတ်ပွဲသီချင်း ("ရင်နှီးချစ်ကြည် နှုတ်ဆက်သည်") တို့ကိုလည်း ရေးဖွဲ့ခဲ့သည်။ ရေးစပ်ခဲ့သော သီချင်းများဦးမြင့်ငွေသည် နောင်အင်းလေး အချစ်ချောင်းလေးခြားမှာစိုးတယ်၊ သမုဒ္ဒရာခြားလို့နေမလား၊ လောကကြီးကိုခါးစောင်းတင်မယ့်လူစား၊ အချစ်ဦးသို့ရွှေနားတော်သွင်း၊ မဖုရားလေးစိမ်းတယ်၊ မိနွေမ၊ စုံတောမြိုင် (ဟင်္သာတထွန်းရင်အတွက် လက်ဖွဲ့ပစ္စည်း)၊ ငပလီကမျှော်နေမယ်၊ တောင်ပြာတန်းကမောင်စစ်သည်တို့ (စိမ်းမို့မို့)၊ ရွှေညောင်ကားလမ်း၊ အချစ်တိုင်းပြည်ကအမုန်းမရှိတဲ့အသည်း၊ မောမြေ မောနှမ မောအလှ (ကိုလေးလွင်နှင့်တွဲဖက်ရေးသားသည်)၊ လေကိုဆန်ပျံစို့လား၊ ချစ်အလွမ်းလေးများ ပန်းသို့ခြွေ၊ ကျွန်မမေတ္တာအလျော်ပြန်ပေး (မြို့မကြည်ကြည်ဌေး)၊ ချစ်တိုင်းညားရပါစေဘုရား (မာမာအေး)၊ မီးခဲလေးနဲ့တူတဲ့အချစ် (သန်းသန်းနွယ်)၊ တက္ကသီလာမှလွမ်းတေးတစ်ပုဒ်၊ လူစိမ်းကားကြီး (မို့မို့ဇော်ဝင်း) အစရှိသော သီချင်းအမြောက်အမြားကို ရေးစပ်သီကုံးခဲ့သည်။ အကိုးအကားတင့်လွင်ဦး(စီးပွားရေတက္ကသိုလ်)၏ ဟင်္သာတသားဂီတစာဆို။ ကြေးမုံသတင်းစာ၊ ၁၉ ဇန်နဝါရီ ၂၀၁၅။
|
Portal di Ensiklopedia Dunia