ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Arakan Liberation Army; ALA) သည် မြန်မာနိုင်ငံရှိ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၂] ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ လက်နက်ကိုင် အဖွဲ့လည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။[၁] သမိုင်းကြောင်း၁၉၆၈–၁၉၆၉ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင် ထူထောင်ခဲ့သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ALP ၏ ဗဟိုကော်မတီဝင်ဖြစ်သော ခိုင်ရဲခိုင်နှင့် အခြား ၉ ဦးသည် စစ်တွေမြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလတွင် ALP ခေါင်းဆောင်အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရခြင်းကြောင့် ALA နှင့် ALP တို့ ပြိုကွဲခဲ့သည်။[၃] ၁၉၇၁–၁၉၇၇၁၉၇၁-၇၂ ကာလတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်သော ခိုင်မိုးလင်း လွတ်မြောက်လာပြီးနောက် ရခိုင်လွတ်မြောက်ရေးပါတီကို ပြန်လည်စတင်နိုင်ရန်အတွက် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ KNU ၏ အကူအညီဖြင့် ALP ကို ပြန်လည်ထူထောင်ခဲ့ရာတွင် ခိုင်မိုးလင်းသည် ALA ၏စစ်ဦးစီးချုပ်ဖြစ်လာကာ စစ်သည် ၃၀၀ ခန့်ကို သင်တန်းပေးခဲ့သည်။[၃] ၁၉၇၇ ခုနှစ် ဧပြီ-မေလ တွင် ခိုင်မိုးလင်းဦးဆောင်သော ALA စစ်သည် ၁၂၀ ခန့်သည် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယစစ်တပ်နှင့် တပ်မတော်တို့နှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ခိုင်မိုးလင်းအပါအဝင် ALA တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၇၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ တိုက်ပွဲမှ ဆုတ်ခွာသွားသော တပ်ဖွဲ့ဝင် ၂၀ ခန့် ပျောက်ဆုံးခဲ့ကာ၊ ဖမ်းဆီးခံခဲ့ရသော တပ်ဖွဲ့ဝင် ၃၀ ခန့်မှာ ပစ်သတ်ခံခဲ့ရသည်။ တပ်ဖွဲ့ဝင် ၅၅ ဦးမှာ ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ယင်းတို့အနက် ၁၁ ဦးမှာ သေဒဏ်ချမှတ်ခံခဲ့ရကာ ကျန်သူများ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ ယင်းနောက် လှုပ်ရှားရန် အန္တရာယ်ကြီးမားခြင်းကြောင့် အဖွဲ့မှာ ရပ်နားသွားခဲ့သည်။[၃] ၁၉၈၀–လက်ရှိ၁၉၈၀ ခုနှစ်တွင် ALA အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင် KNU ၏ အကူအညီဖြင့်ပင် ALA ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပြန်လည်ဖွဲ့စည်းသော ALA ကို ခိုင်ရဲခိုင်က ဦးဆောင်သည်။[၃] လက်ရှိတွင် ALA သည် အမျိုးသားရေးကို အဓိက လှုပ်ရှားကာ ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ဒေသခံများမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။[၄] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia