ရစ်ကြီးငှက်
ရစ်ကြီးတို့၏ မူလနေရပ်မှာ အာဖရိကတိုက်ဖြစ်၍ အနောက်ဘက် ဂီနီကမ်းခြေမှ တောင်ဘက်တစ်လျှောက်တွင် ဂွတ်ဟုတ်အငူအထိ ဤငှက်မျိုးကို အတွေ့ရများသည်။ ရှေးနှစ်ပေါင်း နှစ်ထောင် အထက်က ရောမလူမျိုးတို့သည် ရစ်ငှက်အယဉ်တို့ကို ဥရောပတိုက်သို့ ယူဆောင်ခဲ့ကြသည်။ သို့ရာတွင် ရောမခေတ် ပျက်သုဉ်းသွားပြီးနောက် ဥရောပတိုက်မှ ရစ်ငှက်များလည်း ပျောက်ကွယ်သွားလေသည်။ ၁၆ ရာစုနှစ်သို့ ရောက်သည့်အခါ ပေါ်တူဂီလူမျိုးက ရစ်ငှက်များကို ဥရောပတိုက်သို့ တစ်ဖန် ယူဆောင်ခဲ့ကြပြန်သည်ဟု ထင်မှတ်ရလေသည်။ ရစ်များသည် အစုအသင်းဖွဲ့ကာ နေတတ်ကြ၍ အနည်းငယ် လန့်ဖျပ်ရုံမျှနှင့် အဆက်မပြတ် တကြော်ကြော် အော်မြည်နေတတ်ကြသည်။ ထိုကြောင့် နေအိမ်၏ အနီးအနားတွင် ရစ်ငှက်များကို မွေးမြူထားလျှင် ထိုငှက်တို့၏ အော်သံကြောင့် နားငြီးအောင် ဆူညံနေတတ်သည်။ သို့သော် ကြက်ခြံ၊ ဘဲခြံစသည်တို့အတွက် ရစ်များသည် အလွန်စိတ်ချရသော အစောင့်အကြပ်များ ဖြစ်နိုင်ပေသည်။ လူတို့ မွေးမြူကြသော ကြက်ငှက်တို့တွင် ရစ်သည် အလှပဆုံးငှက်ဟု မဆိုစေနိုင်ကာမူ ညိုမွဲရောင်ရှိသော အမွှေးအတောင်များ၌ အဖြူစက်ကလေးများ ပြည့်နှက်လျက် ရှိနေသဖြင့် အမြင်ရ တင့်တယ်၏။ သာမန်ရစ်ကြီးများတွင် များသောအားဖြင့် အရိုးဆန်ဆန် အမောက်တစ်ခု ရှိသည်။ နီမြန်းသည့် အရေပြား၊ နီမြန်းသည့် လည်အောက် အသားတွဲတို့ကြောင့် ဦးခေါင်း၊ မျက်နှာနှင့်လည်ပင်းတစ်စိတ် တစ်ဒေသကို ထူးခြားစေသည်။ အမောက်ပါသော ရစ်ကြီးများ၏ အမွှေးရောင်မှာ အမည်းဖြစ်၍ အပြာပျော့ရောင် အစက်များရှိသည်။ ထိုရစ်ကြီးမျိုး၏လည်တိုင်မှာ ပြာ၍လည်ချောင်းမှာ နီသည်။ ရစ်ကြီးသည် မြေပေါ်တွင် ကျက်စား၍ သစ်ပင်ထက်၌ အိပ်တန်းတက်တတ်သော ငှက်ဖြစ်သည်။ ၁ဝ လုံးမှ အလုံး ၂ဝ ထိရှိသော ဥများကို မြေပြင်ပေါ်တွင် အုချတတ်သည်။ ဥများတွင် အစက်များ ပါရှိသည်။ ရစ်၏အသားမှာ အလွန်နူးညံ့၍ အရသာရှိသဖြင့် လူကြိုက်များသည်။ ရစ်ဥများမှာမူ သေးငယ်သဖြင့် အသုံးမဝင်လှချေ။ ထိုကြောင့် ရစ်ငှက်တို့ကို အသားအတွက် မွေးမြူထားကြသည်။ ရစ်ကြီးမျိုးစိတ်ပေါင်း ၂၃ မျိုး ရှိသည်။ ယင်းတို့သည် ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် ကြိုးစားရာတွင် ပျံခြင်းထက် ပြေးခြင်းကို ပို၍ နှစ်သက်ကြသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia