ရော်ဘက်တိုး ဘာဂျို
ရော်ဘက်တိုး ဘာဂျို (အီတလီ: Roberto Baggio; အီတလီအသံထွက်: [roˈbɛrto ˈbaddʒo]; ၁၉၆၇ ဖေဖော်ဝါရီ ၁၈ မွေးဖွား)[မှတ်စု ၁] သည် အီတလီ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သည်။ အဓိကအားဖြင့် နောက်ချန်တိုက်စစ်မှူး (သို့) အလယ်တန်းတိုက်စစ်မှူး အဖြစ်ကစားခဲ့သည်။ သို့သော် တိုက်စစ်နေရာအချို့၌လည်း စွမ်းဆောင်ကစားနိုင်သည့် အစွမ်းရှိသည်။ [၆] အီတလီဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကဏ္ဍ၏ ယခင်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ နည်းစနစ်ပိုင်း အရည်အသွေးရှိသူ၊ ဖန်တီးနိုင်စွမ်းရှိသော အဓိကအခရာကစားသမား၊ တိုက်ရိုက်အလွတ်တည်ကန်ဘောများကို ကန်ရာတွင်ကျွမ်းကျင်သူ၊ အလိမ်အခေါက်များကို ကျွမ်းကျင်ပိုင်ပိုင်နိုင်သူ၊ ဂိုးသွင်းကောင်းသူဖြစ်သော ဘာဂျိုကို သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ကြသည်။[၁၉] ၁၉၉၉တွင် ဖီဖာ၏ အင်တာနက် မဲကောက်ယူမှု၌ ရာစုနှစ်၏ စတုတ္ထအဆင့်ဖြင့် ရပ်တည်ခဲ့ကာ[၂၀] ၂၀၀၂ ၌ ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း တွင်ရွေးချယ်ခြင်းခံရသည်။[၂၁] ၁၉၉၃တွင် ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ဘောလောန် ဒေါရ် (Ballon d'Or) ဟု ပြင်သစ်လိုခေါ်သော ရွှေဘောလုံးဆု ရရှိခဲ့၏။၂၀၀၄ ခုနှစ်၌ ပီလီရွေးချယ်သော သက်ရှိထင်ရှား ကမ္ဘာ့အကြီးကျယ်ဆုံး ကစားသမား 'ဖီဖာ၁၀၀' ၌ ၎င်းကို ရွေးချယ်ခဲ့သည်။[၂၂] ဘာဂျိုသည် အီတလီအမျိုးသားဘောလုံးအသင်းအတွက် ၅၆ပွဲ ကစားခဲ့ပြီး ၂၇ဂိုး သွင်းယူခဲ့ကာ အမျိုးသားအသင်းအတွက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ပူးတွဲကစားသမား (နောက်တစ်ဦးမှာ အလက်ဇန်ဒရို ဒဲလ် ပီယာရို) လည်း ဖြစ်သည်။ ၁၉၉၀ ကမ္ဘာ့ဖလား၌ ပါဝင်ခဲ့ကာ နှစ်ဂိုးသွင်းယူခဲ့သည်။ ၁၉၉၄ ကမ္ဘာ့ဖလားတွင် အီတလီအသင်းကို ဗိုလ်လုပွဲအထိ ဦးဆောင်ခေါ်သွားခဲ့၍ သွင်းဂိုးငါးဂိုးကို စွမ်းဆောင်ပေးခဲ့သည်။ ထိုပွဲ၌ ငွေဘောလုံးရရှိခဲ့ပြီး ဖီဖာ၏ အောလ်စတားအသင်း တွင်ရွေးချယ်ခံခဲ့ရသည်။ အီတလီအသင်းအတွက် ပြိုင်ပွဲတစ်လျှောက် ကြယ်ပွင့်ကစားသမားဖြစ်သော်လည်း နောက်ဆုံးဗိုလ်လုပွဲ၌ ဘရာဇီးအသင်းနှင့် အဆုံးအဖြတ် ပင်နယ်တီတွင် လွဲချော်ခဲ့လေသည်။[၇] ၁၉၉၈ ကမ္ဘာ့ဖလားတွင် ပါဝင်ခဲ့ကာ နှစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ထိုနှစ် ချန်ပီယံဖြစ်မည့် ပြင်သစ်အသင်းကို ကွာတားတွင် ရှုံးနိမ့်သဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ နိုင်ငံအသင်းအတွက် ကိုးဂိုးသွင်းယူပေးခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပါအိုးလို ရော့ဆီ (Paolo Rossi)၊ ခရစ်ရှန် ဗီယားရီ (Christian Vieri) တို့နှင့်အတူ ရပ်တည်လျက် ရှိ၏။[၂၃] ၂၀၀၂ တွင် ဘာဂျိုသည် နှစ်ပေါင်း ငါးဆယ်အတွင်း ဂိုးအရေအတွက် (၃၀၀) ကျော်သွင်းယူသော ပထမဆုံး အီတလီကစားသမားဖြစ်လာကာ ၂၀၀၄တွင် ၎င်းကစားသမားဘဝ၏ နောက်ဆုံးရာသီအတွင်း စီးရီးအေ၌ နှစ်သုံးဆယ်ကျော်အတွင်း ဂိုးပေါင်း (၂၀၀) ကျော်သွင်းယူသော သူဖြစ်လာ၍ စီးရီးအေ၌ လက်ရှိအချိန်အထိ သတ္တမမြောက် ဂိုးအများဆုံး (၂၀၅ ဂိုး) သွင်းသူဖြစ်သည်။[၂၄] ၁၉၉၀တွင် ဖြော်ရေန် တီးနာ (ဖီအိုရင်တီးနား)မှ ယူဗန်တပ်စ် (ဂျူဗင်တပ်) သို့ ကမ္ဘာ့စံချိန် ပြောင်းရွှေ့ကြေးဖြင့် ရွေ့ပြောင်းခဲ့သည်။[၂၅] ဘာဂျိုသည် စီးရီးအေဆု နှစ်ခု၊ ကိုပါအီတလီယာ၊ ယူအီးအက်ဖ်အေဖလား စသည်တို့ကို ရရှိခဲ့ပြီး ၎င်းကစားသမားသက်တမ်းတစ်လျှောက် အီတလီကလပ် ခုနှစ်ခုတွင် ကစားခဲ့သည်။ ဘာဂျိုကို အီတလီဘာသာစကားဖြင့် Il Divin Codino ("အံ့ဖွယ် မြင်းမြီးဆံပင်"), အဖြစ်အသိများသည်။ အကြောင်းမှာ ၎င်းသည် အားကစားသက်တမ်းအများစု၌ မြင်းမြီးပုံးဆံပင်ထားရှိခြင်း၊ အရည်အချင်းရှိခြင်း၊ ဗုဒ္ဓဘာသာ ယုံကြည်မှုများ ကြောင့်ဖြစ်သည်။[၂၆] ၂၀၀၂တွင် ဘာဂျိုကို ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး စေတနာသံတမန် (Goodwill Ambassador) အဖြစ် ရွေးချယ်ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်ရောက်သော် ရွှေခြေထောက်ဆု (Golden Foot) ကို ဦးဦးဖျားဖျားရရှိခဲ့သည်။ ၎င်း၏ လူ့အခွင့်ရေးလုပ်ဆောင်မှုများကို အသိအမှတ်ပြုသောအားဖြင့် ၂၀၁၀ နိုဘဲလ်ဆုရသူများရွေးချယ်သော 'ငြိမ်းချမ်ရေးလူသား' (Man of Peace) ဆုကို ရရှိခဲ့ပေသည်။ ၂၀၁၁တွင် 'အီတလီဘောလုံး ထင်ရှားကျော်ကြားသူများ' (Hall of fame) စာရင်းထဲသို့ ရွေးချယ်ခဲ့ကြသည်။ မှတ်စုကိုးကား
|
Portal di Ensiklopedia Dunia