လစ်လီယာ့စ် အမ်းစထရောင်း
လစ်လီယာ့စ် အိဗ်လင်း အမ်းစထရောင်း (အင်္ဂလိပ်: Lilias Eveline Armstrong[မှတ်စု ၁]) သည် အင်္ဂလိပ် သဒ္ဒဗေဒ (အသံထွက်ပညာရပ်) ပညာရှင်တစ်ဦးဖြစ်သည်။ လန်ဒန် တက္ကသိုလ်ကောလိပ် (University College London) ကျောင်းတွင် အလုပ်လုပ်ကိုင်ခဲ့၍ ထို၌ တက္ကသိုလ် အကြီးတန်းကထိကရာထူး (Reader) ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆိုမာလီဘာသာစကား၊ ကစ်ကူးယူးဘာသာစကားများ၏ တက်ကျသံ၊ သဒ္ဒဗေဒနှင့် လေယူလေသိမ်း စသော အားထုတ်လုပ်ကိုင်မှုများကြောင့် အမ်းစထရောင်းကို လူသိအများဆုံးဖြစ်သည်။ အင်္ဂလိပ်လေယူလေသိမ်း စာအုပ်ကို အီဒါ စီ ဝါ့ဒ် နှင့် တွဲဖက်ပြုစု၍ နှစ်ပေါင်း (၅၀) ကြာကြာ ရိုက်နှိပ်ထုတ်ဝေရသည့် စာအုပ်ဖြစ်ခဲ့လေသည်။ သူမသည် ဆိုမာလီ၊ ကစ်ကူးယူး ဘာသာစကားများ၌ တက်ကျသံများကို ပထမဆုံး အသေးစိတ် ဖော်ပြချက်အချို့ကို ထောက်ပံ့ပေးခဲ့၏။ အင်္ဂလန်မြောက်ပိုင်းတွင် ကြီးပြင်းခဲ့သော အမ်းစထရောင်းသည် လိဒ်စ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၏။ ယင်းတက္ကသိုလ်တွင် ပြင်သစ်၊ လက်တင်ဘာသာစကားများကို လေ့လာခဲ့၍ လန်ဒန်ဆင်ခြေဖုံးရှိ မူလတန်းကျောင်းတွင် ခေတ္တမျှ ပြင်သစ်စာသင်ကြားခဲ့သည်။ ထို့နောက် တက္ကသိုလ်ကောလိပ်ကျောင်းမှ ဒန်းညာ ဂျုံးဇ်ဦးဆောင်သော သဒ္ဒဗေဒဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူမ၏ ထင်ရှားသောလက်ရာများမှာ ၁၉၂၆ ခုနှစ်ကထွက်ရှိသော "A Handbook of English Intonation" (အင်္ဂလိပ် လေယူလေသိမ်း လက်စွဲ) စာအုပ်ဖြစ်၍ ဝါ့ဒ် နှင့်အတူ ပူတွဲရေးသားခဲ့သည်။ ထို့နောက် "The Phonetic Structure of Somali" (ဆိုမာလီဘာသာစကား သဒ္ဒဗေဒ တည်ဆောက်ပုံ, ၁၉၃၄) နှင့် "The Phonetic and Tonal Structure of Kikuyu" (ကစ်ကူးယူးဘာသာစကား သဒ္ဒဗေဒ တည်ဆောက်ပုံ, ၁၉၄၀) တို့ဖြစ်ကြသည်။ မြန်မာဘာသာစကား သဒ္ဒဗေဒတည်ဆောက်ပုံနှင့် သဘောတရားများကို ဦးဖေမောင်တင်နှင့် တွဲဖက်၍ "A Burmese Phonetic Reader" ဟူသောအမည်ဖြင့် ထုတ်ဝေခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာကြာ နိုင်ငံတကာသဒ္ဒဗေဒအသင်း၏ ဂျာနယ်ဖြစ်သော Le Maître Phonétique ၏ လက်ထောက်စာတည်းမှူးလည်းဖြစ်သည်။ ၁၉၃၇ တွင် လေဖြတ်သောကြောင့် အသက် (၅၅) တွသ် ကွယ်လွန်ခဲ့သည်။ ဂျုံးစ်က သူမ၏ နာရေးသတင်းတွင် "ကမ္ဘာပေါ်ရှိ အကောင်းဆုံး သဒ္ဒဗေဒပညာရှင်များအနက် တစ်ဦး" ဖြစ်သည်ဟူ၍ ရေးသားခဲ့သည်။[၁] လက်ရာစာပေအချို့
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia