လာဟိုးမြို့
လာဟိုးမြို့ သည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး နိုင်ငံအတွင်း ကရာချိမြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်ကာ ကမ္ဘာပေါ်တွင်လည်း လူဦးရေအများဆုံး မြို့ပြနေရာတွင် အဆင့် ၁၈ ရှိသည်။[၅] ပါကစ္စတန်နိုင်ငံ၏ အချမ်းသာဆုံး မြို့တော်တစ်ခု ဖြစ်ပြီး ၂၀၁၇ တွင် ဝယ်ယူနိုင်စွမ်းအား ကွားခြားမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည် ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၆၅.၁၄ ဘီလီယံမျှ တန်ဖိုး ရှိသည်။[၄] လာဟိုးသည် ပန်ဂျပ်ဒေသ တစ်ခုလုံးတွင် အကြီးဆုံးနှင့် သမိုင်းယဉ်ကျေးမှု အချက်အချာ ဌာနတစ်ခုလည်း ဖြစ်သည်။[၆][၇][၈][၉] ထို့ပြင် ပါကစ္စတန်နိုင်ငံတွင် လူမှုရေးအရ အပွင့်လင်းဆုံး၊[၁၀] ရှေ့အရောက်ဆုံး [၁၁]နှင့် အဆင့်အတန်း မခွဲခြားဆုံး မြို့တစ်မြို့ ဖြစ်သည်။[၁၂] လာဟိုးမြို့၏ မူလအစသည် ရှေးပဝေသဏီကတည်းကပင် ဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်တွင် မင်းဆက်များစွာက အုပ်ချုပ်ခဲ့ကြပြီး အလယ်ခေတ်ကာလက ဟိန္ဒူရှာဟီမင်းဆက်၊ ဂတ်ဇ်နဗစ်မင်းဆက်၊ ဂူရစ်မင်းဆက် နှင့် ဒေလီစူလတန် တို့ ဖြစ်ကြသည်။ လာဟိုးသည် ၁၆ ရာစု နှောင်းပိုင်း မှ ၁၈ ရာစု အစောပိုင်း ကြား မဂိုမင်းဆက် အုပ်ချုပ်စဉ် အချိန်တွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီး မြို့တော်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ၁၇၃၉ ခုနှစ်တွင် မြို့တော်အား အက်ဖ်ရှရစ်မင်းဆက်၏ ဘုရင် နဒါရှား၏ တပ်များမှ သိမ်းပိုက်ခဲ့ပြီး အာဖဂန် နှင့် ဆစ်ခ်တို့အားပြိုင်မှုကြားတွင် ယိုယွင်းပျက်စီးခဲ့ရသည်။ ၁၉ ရာစု အစောပိုင်းတွင် ဆစ်ခ်တိုင်းပြည်၏ မြို့တော်ဖြစ်ခဲ့ပြီး ယခင်က ပျောက်ကွယ်ခဲ့သော ကြီးမြတ်မှုများ ပြန်လည်ရရှိခဲ့သည်။ ထို့နောက်တွင် လာဟိုးအား ဗြိတိသျှ အင်ပိုင်ယာ အတွင်းသို့ သွတ်သွင်းခဲ့ပြီး ဗြိတိသျှ ပန်ဂျပ်၏ မြို့တော် အဖြစ် ထားရှိခဲ့သည်။ [၁၃] လာဟိုးသည် အိန္ဒိယ နှင့် ပါကစ္စတန်တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ဗဟိုချက် ဖြစ်ခဲ့ပြီး အိန္ဒိယ လွတ်လပ်ရေး ကြေညာရာမြို့ နှင့် ပါကစ္စတန်နိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ကြေညာရာမြို့လည်း ဖြစ်ခဲ့သည်။ ပါကစ္စတန် လွတ်လပ်ရေး မရရှိမီ အိန္ဒိယမှ ခွဲထွက်စဉ်၌ လာဟိုးတွင် အဆိုးရွားဆုံး အကြမ်းဖက်မှုများ ကြုံတွေ့ခဲ့ရသည်။ ပါကစ္စတန် လှုပ်ရှားမှု အောင်မြင်ပြီး ၁၉၄၇ လွတ်လပ်ရေး ရပြီးနောက်တွင် လာဟိုးအား ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၏ မြို့တော် အဖြစ် ကြေညာခဲ့သည်။ လာဟိုးသည် ပါကစ္စတန်နိုင်ငံပေါ်တွင် ယဉ်ကျေးမှုလွှမ်းမိုးခြင်း အများအပြား ရှိသည်။ လာဟိုးသည် ပါကစ္စတန် ထုတ်ဝေရေးလုပ်ငန်း၏ အဓိက ဌာန ဖြစ်ပြီး ပါကစ္စတန် စာပေအသိုင်းအဝိုင်း၏ ရှေ့ဆောင်နေရာ အဖြစ် ရှိနေဆဲဖြစ်သည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံ၏ ပညာရေးအတွက် အဓိက ဌာနလည်း ဖြစ်ပြီး [၁၄] ပါကစ္စတန်နိုင်ငံ၏ ဦးဆောင် တက္ကသိုလ် အချို့သည် လာဟိုးတွင် ရှိသည်။ [၁၅] လာဟိုးသည် ပါကစ္စတန် ရုပ်ရှင်လုပ်ငန်းဖြစ်သော "လောလီးဝုတ်" ၏ အခြေစိုက်ရာ နေရာလည်း ဖြစ်ပြီး ကောဝါလီ ဂီတ ၏ အဓိက နေရာလည်း ဖြစ်သည်။[၁၆] ပါကစ္စတန် ခရီးသွားလုပ်ငန်း၏ အဓိက နေရာလည်း ဖြစ်ပြီး [၁၆][၁၇] အဓိက လာရောက်လည်ပတ်ရာ နေရာများဖြစ်သော တံတိုင်းမြို့တော်၊ ကျော်ကြားသော ဘတ်ဒ်ရှာဟီ နှင့် ဝါဇီခန် ဗလီများ၊ ဆစ်ခ်ဘုရားကျောင်းများ ရှိသည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာစာရင်းဝင်သော လာဟိုး ခံတပ် နှင့် ရှာလမာဥယျာဉ်တို့ တည်ရှိရာ နေရာလည်း ဖြစ်သည်။[၁၇]
ကိုးကား
|
Portal di Ensiklopedia Dunia