လှသိန်း

ဦးလှသိန်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၃၁ ဇန္နဝါရီ ၂၀၂၁
ယခင်လူဦး တင်အေး
ဆက်ခံသူဦး သိန်းစိုး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-02-23) ၂၃ ဖေဖော်ဝါရီ၊ ၁၉၄၈ (အသက် ၇၇)
မန္တလေးတိုင်း မြစ်သား
လူမျိုးမြန်မာ

ဦးလှသိန်း ( ၂၃ ဖေဖော်ဝါရီ ၁၉၄၈ ဖွား) []သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှ ၂၀၂၂ ဇန်နဝါရီ ၃၁ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

ဦးလှသိန်းသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မွေးဖွားခဲ့သည်။ ဆယ်တန်းအောင်မြင်ပြီး ဘူမိဗေဒဘာသာရပ်အထူးပြုဖြင့် တက္ကသိုလ်တက်ခဲ့သည်။ B.Sc(Q),M.Sc,DGS(Netherlands) ဘွဲ့များရရှိခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ခုနှစ် တွင် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် အဖြစ်မှ အငြိမ်းစားယူခဲ့သည်။[]

နိုင်ငံရေးလောကသို့ရောက်ရှိလာခြင်း

ဦးလှသိန်းသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ နိုင်ပြီးနောက် နိုင်ငံတော်သမ္မတဦးထင်ကျော် က ၎င်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်အဆိုပြုခဲ့ရာ ပြည်ထောင်စု လွှတ်တော်ကလည်း သဘောတူခဲ့သည့်အတွက် ဦးလှသိန်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[] [] အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် တပ်မတော်အပါအဝင် အတိုက်အခံများ၏ ဝေဖန်ခြင်းကို ခံရသည်။[] [] []

ဖမ်းဆီးထိန်းသိမ်းခံရခြင်း

ဦးလှသိန်း သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် အမှုဖွင့်ခံရသည်။[]ထိန်းသိမ်းခံရပြီး ၁နှစ်နှင့်၅လကျော်အကြာ ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးက ၎င်းအား ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်သည်။

၎င်းနှင့်အတူ အဖွဲ့ဝင် ဦးသန်းဌေး နှင့် ဦးမြင့်နိုင်တို့သည်လည်း ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခြင်းခံခဲ့ရသည့်အပြင် အဖွဲ့ဝင်ဟောင်း ၁၅ ဦး တို့ပါ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲဆိုခံခဲ့ရသည်။တရားစွဲခံရသည့် ၎င်းတို့ကို နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်ခဲ့ပြီး အမိန့်ချမှတ်အပြီးတွင် ရမည်းသင်းထောင်၌ အကျဉ်းချခဲ့သည်။ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး ကိုမူ အိုးဘိုထောင် သို့ ပြောင်းရွှေ့အကျဉ်းချခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် လွတ်ငြိမ်းဖြင့် ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့သည် ပြန်လွတ်လာခဲ့သည်။[]

အငြင်းပွားဖွယ်ရာကိစ္စရပ်များ

ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အား ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ထိန်းချုပ်မှုများကြားကပင် အောင်မြင်စွာကျင်းပပေးခဲ့သည်။ တပ်မတော်အပါအဝင် နိုင်ငံရေးအတိုက်အခံအင်အားစုများက အဆိုပါ ရွေးကောက်ပွဲကို တရားမျှတမှုမရှိဟု ဝေဖန်ကြသည်။[၁၀] ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများကမူ ရွေးကောက်ပွဲ၌ အားနည်းချက်အချို့ ရှိခဲ့သော်လည်း တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ် ပြုကြသည်။[၁၁] [၁၂]

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုရှိသည်ဆိုသော တပ်မတော်၏ စွပ်စွဲချက်အား ပြန်လည်စစ်ဆေးရန် နိုင်ငံတော်သမ္မတဦး ဝင်းမြင့် ထံတင်ပြခဲ့သေးသည်ဟုလည်းဆိုသည်။[၁၃] ထို့အပြင် ထောင်ဒဏ်ကျခံနေရစဉ် ပြစ်မှုများအပေါ်ဝန်ခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ အသနားခံစာ တင်ပြခဲ့သည့် ကိစ္စလည်း ရှိခဲ့သည်ဟုဆိုသည်။[၁၄]

မိသားစုဘဝ

ဇနီးနှင့် သား ၂ ယောက်တို့ရှိသည်။

ကိုးကား

  1. ကိုယ်ရေးရာဇဝင်များUEC Myanmar။ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်အောင် လုပ်မှာပါ – ဦးလှသိန်းDVB (၂၅ မတ် ၂၀၁၆)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ခန့်အပ်ရန် ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိ သဖြင့် ပြည်ထောင်စု လွှတ်တော်မှ သဘောတူXinhua (၂၈ မတ် ၂၀၁၆)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ် အဆိုပြုခံရသူ ဦးလှသိန်းနဲ့ မေးမြန်းချက်RFA Burmese (၂၅ မတ် ၂၀၁၆)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကိုဗစ်ဘေးနဲ့ ဝေဖန်မှုများကြားက ရွေးကောက်ပွဲကော်မရှင်BBC Burmese (၂ နိုဝင်ဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. UEC ဥက္ကဋ္ဌဦးလှသိန်း စိုးရိမ်စိတ်များနေကြောင်း ပြည်ခိုင်ဖြိုးပါတီဝေဖန်People Media (၁၉ နိုဝင်ဘာ ၂၀၁၉)။ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ စောင့်ကြည့်ရတော့မယ့် ရွေးကောက်ပွဲကော်မရှင်လုပ်ရပ်Eleven Media Group (၈ စက်တင်ဘာ ၂၀၁၉)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. UEC အဖွဲ့ခွဲ ဥက္ကဋ္ဌများကို အကျပ်ကိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေMyanmar Now (၁၂ ဇန်နဝါရီ ၂၀၂၂)။ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း ပြန်လွတ်VOA Burmese (၂၆ အောက်တိုဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ယခင်နဲ့ ယခု ရွေးကောက်ပွဲကော်မရှင်RFA Burmese (၂၃ အောက်တိုဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူများThe Irrawaddy (၂၉ ဒီဇင်ဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦး ထောင် ၃ နှစ်စီ ချခံရThe Irrawaddy (၇ ဇူလိုင် ၂၀၂၂)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့၏ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ဒဏ်ကျခံရမှုအပေါ် ဖြေလျော့ ကင်းလွတ်ခွင့်ပြုခဲ့သည့် ထုတ်ပြန်ချက်"၊ MWD Webportal၊ 2022-11-9။ 
  14. "UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့က ၎င်းတို့ကျခံနေရသည့် ထောင်ဒဏ်များအား အသက်အရွယ်ကြီးရင့်မှုနှင့် ကျန်းမာရေးအရ ဖြေလျှော့ပေးရန် အသနားခံစာတင်ပြခဲ့သဖြင့် ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း နစကထုတ်ပြန်"၊ Eleven Media Group၊ 2022-11-10။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya