ဝင်းမြင့် (နိုင်ငံတော်သမ္မတ)
ဦးဝင်းမြင့် (၈ နိုဝင်ဘာ ၁၉၅၁ မွေးဖွား) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁] အစောပိုင်းဘဝဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။[၂] ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ကို ရရှိခဲ့သည်။[၃] ဝန်ထမ်းဘဝဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃][၄][၂] နိုင်ငံရေးဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။[၄] ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။[၃] ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။[၅] နိုင်ငံတော်သမ္မတနိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။[၄]မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတဖြစ်လာသည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဦးဝင်းမြင့်သည် နိုင်ငံခြားသား ၅၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး အပါအဝင် အကျဉ်းသား ၈၅၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။[၆] ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အခြားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၂၁ မေလ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့် တရားရုံး၌ စတင်ရုံးထုတ်သည်။[၇] အောက်တိုဘာ ၁၁ ရက်နေ့တွင် နေပြည်တော်တရားသူကြီးက ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်ရန် တရားစွဲချက်တင်ခဲ့သည်။[၈] အောက်တိုဘာ ၁၂ ရက်၌ ဦးဝင်းမြင့်၏ ထွက်ဆိုချက်တွင် အာဏာသိမ်းယူစဉ်က တပ်မတော် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးနှစ်ဦးသည် ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှနုတ်ထွက်စေလိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။[၉] ၂၀၂၁ ဒီဇင်ဘာ ၆ရက်နေ့ တွင် ဦးဝင်းမြင့်အား နေပြည်တော်အထူးတရားရုံးက ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် နှင့် သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄နှစ်ချမှတ်ခဲ့သည်။[၁၀] [၁၁]ထိုနေ့ ညနေပိုင်းမှာပင် စစ်ကောင်စီက ဦးဝင်းမြင့် အပေါ်ချမှတ်ခံထားရသည့် ထောင် (၄) နှစ်ထဲမှ ထောင်(၂) နှစ် လျှော့ပေါ့ကြောင်း စာထုတ်သည်။[၁၂] ၂၀၂၂ စက်တင်ဘာ ၂ရက်တွင် ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်အမှုဖြင့် ထောင်ဒဏ် (၃) နှစ်၊ [၁၃] ၂၀၂၂ ဒီဇင်ဘာ ၃၀ရက် တွင် ရဟတ်ယာဉ်ဝယ်ယူ၊ငှားရမ်းသည့်ကိစ္စနှင့် စပ်လျဉ်းသည့် အဂတိအမှု(၅)မှုဖြင့် ထောင်(၇) နှစ်[၁၄] ချမှတ်ခံခဲ့ရ၍ ကျခံရသည့် ထောင်ဒဏ်မှာ စုစုပေါင်း ထောင် ၁၂ နှစ်အထိ ရှိခဲ့သည်။ နေပြည်တော်ရှိ သီးခြားနေရာတစ်ခုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားရာမှ ၂၀၂၃ ဇန်နဝါရီ ၁၄ တွင် ဦးဝင်းမြင့်အား တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေအကျဉ်းချခဲ့သည်။[၁၅] ၂၀၂၃ ဩဂုတ် ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည်။[၁၆][၁၇] ကိုးကား
|
Portal di Ensiklopedia Dunia