ဝိစိတ္တ၊ အရှင်(မနာပဒါယီ)ဆရာတော်သည် နိုင်ငံကျော် ဓမ္မကထိက တစ်ပါးဖြစ်သည်။ ၁၃၃၆ခု၊ ပြာသိုလ်လဆန်း (၄)ရက်၊ (၁၅-၁-၁၉၇၅) ဗုဒ္ဓဟူးနေ့ တွင်၊ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အုပ်ဝင်းကျေးရွာ၊ ခမည်းတော် ဦးတင်မောင်၊ မယ်တော် ဒေါ်ခင်ထွေးတို့မှ မွေးဖွားသည့် တတိယမြောက် သားရတနာ ဖြစ်သည်။ ၁၃၄၈ခု၊ တန်ခူးလဆန်း (၃)ရက် (၁၉၈၂)၊ စနေနေ့တွင် ဘဒ္ဒန္တသီလာစာရကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုကာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး ၁၃၅၆ခု၊ တန်ဆောင်မုန်းလဆန်း (၃)ရက် (၅-၁၁-၁၉၉၄)၊ စနေနေ့တွင် ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက်၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက် သီရိဇေယျုံကျောင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်း ဓမ္မာလင်္ကာရ ပရိယတ္တိစာသင်တိုက်၊ ခရမ်းမြို့၊ ပါဠိတက္ကသိုလ်ကိုင်းကုန်းကျောင်းတိုက်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်တို့တွင် ပရိယတ္တိစာပေများကို ဓမ္မာစရိယတန်းအထိ အဆင့်ဆင့် လေ့လာသင်ယူခဲ့သည်။ ၁၃၅၆ (၁၉၉၄)ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်ပြီး ဓမ္မာစရိယကျမ်းစာများနှင့် လောကီပညာရပ်များကို လေ့လာသင်ယူကာ ၁၉၉၈ခုနှစ်တွင် သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism)ဘွဲ့ကို ရရှိသည်။ ၂၀၀၁ခုနှစ်မှ စတင်ကာ သာသနတက္ကသီလ မဟာဓမ္မစရိယ M.A (Buddhism) ဘွဲ့အတွက် ဘွဲ့ယူ ကျမ်းစာရေးသား ပြုစုရင်း တစ်ဘက်မှလည်း ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာနတွင် နည်းပြတာဝန်၊ သာသနာ့တက္ကသိုလ် ရခိုင်ပြည်နယ်ကျောင်းဆောင်၏ အဆောင်မှူးတာဝန်နှင့် ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၏ အင်္ဂလိပ်စာဆရာတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ပဋိပတ်အလုပ်အနေဖြင့် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် ၁၉၉၈ခုနှစ်တွင် တစ်ကြိမ် (၁၀ရက်တရားစခန်း)၊ ၁၉၉၉ခုနှစ်တွင် တစ်ကြိမ် (၁၀ရက်တရားစခန်း)၊ ၂၀၀၁ခုနှစ်တွင် တစ်ကြိမ် (၄၅ရက်တရားစခန်း)များ ဝင်ရောက်ကာ ဝိပဿနာတရား အားထုတ်ခဲ့သည်။ ၂၀၀၄ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံ၊ Geumgang Universityတွင် အစိုးရပညာသင်ဆုဖြင့် ကျောင်းတက်ကာ ကိုရီးယားဘာသာစကားနှင့် ကိုရီးယားဗုဒ္ဓဘာသာကို လေ့လာသင်ယူခဲ့သည်။ ၂၀၀၉ခုနှစ် နှစ်စမှ စတင်၍ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်း၏ ပဓာန နာယကတာဝန်ကို ထမ်းဆောင်ရင်း၊ တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင်လည်း စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းဟူသော အမည်ဖြင့် နိုင်ငံခြား သာသနာပြုကျောင်းတစ်ကျောင်းကို ဦးဆောင်တည်ထောင်၍ နာယကဆရာတော်အဖြစ် တာဝန်ယူကာ မြန်မာ၊ ကိုရီးယား သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၈ ခုနှစ်မှစ၍ မနာပဒါယီဟူသော အမည်ဖြင့် ဘာသာရေး ပညာပေးဆောင်းပါးများကို အင်တာနက် စာမျက်နှာများတွင် ရေးသားရင်း ၂၀၁၀ခုနှစ်တွင် “မချစ်မမုန်း အကောင်းဆုံး”ဟူသော အမည်ဖြင့် ပထမဆုံး လုံးချင်းစာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ အခြားသောစာပေများလည်း ရေးသားပြီးဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းနှင့် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတို့၏ ပဓာနနာယက ဆရာတော်အဖြစ် တာဝန်ယူကာ တရားဟော တရားပြ၊ စာရေးစာချ စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ရင်း http://www.venvicitta.com http://cafe.naver.com/cittasukha ဟူသော အင်တာနက် စာမျက်နှာတို့မှလည်း ဓမ္မစာပေများ ရေးသားကာ ကမ္ဘာအရပ်ရပ်ရှိ မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အွန်လိုင်းသာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက် ရှိသည့်အပြင် မျိုးဆက်သစ် လူငယ်လူရွယ်များအား ဓမ္မအမွေနှင့် ပညာအမွေများ ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့တွင် ပညာဒါန ကျောင်းဖွင့်လှစ်ပေးရန် ကြိုးစားအကောင်အထည် ဖော်လျက်ရှိသည်။ ၁၃၈၅-ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းသော "ဓမ္မကထိကဗဟုဇနဟိတဓရ"ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။[၁] |
Portal di Ensiklopedia Dunia