ဝုဒ်ဘတ်ဖဲလိုး အမျိုးသားဥယျာဉ်
ဝုဒ်ဘတ်ဖဲလိုး အမျိုးသားဥယျာဉ်သည် ကနေဒါနိုင်ငံတွင် အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်ပြီး ၄၄,၈၀၇ km2 (၁၇,၃၀၀ sq mi) ရှိသည်။ အယ်လဗားတားပြည်နယ် အရှေ့မြောက်ပိုင်း နှင့် အနောက်မြောက်ဒေသပြည်နယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ဥယျာဉ်၏ အရွယ်အစားသည် ဆွစ်ဇာလန်နိုင်ငံ တစ်နိုင်ငံလုံးထက်ပင် ပို၍ ကြီးမားပြီး[၁] ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်သည်။ [၂] ထိုဥယျာဉ်ကို ၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အုပ်စုအားဖြင့် အရွယ်အစားအကြီးမားဆုံး လွတ်လပ်စွာ သွားလာနေကြသော ဝုဒ်ဘိုင်ဆွန်ကျွဲအုပ်ကို ထိန်းသိမ်းရန် ဖြစ်ပြီး လက်ရှိတွင် ကောင်ရေ ၅,၀၀၀ ကျော်မျှ ရှိမည်ဟု ခန့်မှန်းရသည်။ [၃] ဝုပင်းဗျိုင်းတို့၏ အသိုက်ဖွဲ့ရာ နေရာနှစ်ခုအနက် တစ်ခုဖြစ်သည်။ ထိုဥယျာဉ်သည် အနိမ့်ဆုံးနေရာ လစ်တဲ ဘတ်ဖဲလိုးမြစ်နေရာတွင် ၁၈၃ m (၆၀၀ ft) ရှိပြီး အမြင့်ဆုံးနေရာ ကာရီဘိုးတောင်တန်း နေရာတွင် ၉၄၅ m (၃,၁၀၀ ft) ရှိသည်။ ဥယျာဉ်၏ ဌာနချုပ်မှာ ဖို့စမစ်မြို့တွင် ရှိပြီး ရုံးခွဲအသေးစားမှာ အယ်လဗားတားပြည်နယ်ရှိ ဖို့ချစ်ပီဝိုင်ယန်မြို့ တွင် ရှိသည်။ ထိုဥယျာဉ်အတွင်း ကမ္ဘာပေါ်တွင် အကြီးဆုံးတစ်ခုဖြစ်သော ရေချိုမြစ်ဝှမ်းဒေသဖြစ်သည့် ပိစ်-အာသာဘာစကာမြစ်ဝကျွန်းပေါ်ဒေသ ပါဝင်ပြီး ပိစ်မြစ်၊ အာသာဘာစကာမြစ်နှင့် ဘတ်ရှ်မြစ်တို့ စုပေါင်း၍ ပေါ်ထွန်းနေခြင်း ဖြစ်သည်။ ဥယျာဉ်၏ အရှေ့မြောက်ပိုင်းရှိ ကာ့စ်တွင်းကြောင့်လည်း လူသိများသည်။ အယ်လဗားတား၏ အကြီးဆုံး ရေထွက်ဖြစ်သော (ထုထည်အားဖြင့် တစ်စက္ကန့်လျှင် ၈ ကုဗမီတာမျှ ထုတ်ပေးသော) နီယွန်ကန် ရေထွက်သည် ဂျက်ဖစ်ရှ်မြစ်၏ မြစ်အောက်ပိုင်းတွင် တည်ရှိသည်။[၄] ဝုဒ်ဘတ်ဖဲလိုး အမျိုးသား ဥယျာဉ်သည် အာသာဘာစကာ သဲရေနံမြေ၏ မြောက်ဘက်တည့်တည့်တွင် တည်ရှိသည်။ ၁၉၈၃ခုနှစ်တွင် ကမ္ဘာပေါ်တွင် အကြီးဆုံး မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုဖြစ်သည့် ပိစ်-အာသာဘာစကာ မြစ်ဝကျွန်းပေါ်ဒေသ၏ ဇီဝဆိုင်ရာ မျိုးကွဲများကြောင့်လည်းကောင်း ဘိုင်ဆွန်ကျွဲကောင်ရိုင်း ဦးရေကြောင့်လည်းကောင်း ထိုဒေသအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။[၅] ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်တွင် ကနေဒါ တော်ဝင်အာကာသအဖွဲ့မှ ဝုဒ်ဘတ်ဖဲလိုး အမျိုးသားဥယျာဉ်အား ကနေဒါ၏ နောက်ဆုံးနှင့် ကမ္ဘာ့အကြီးဆုံး အမှောင်ကောင်းကင် ထိန်းသိမ်းရေးဒေသ အဖြစ် သတ်မှတ်ခဲ့သည်။ ပါ့ခ်ကနေဒါမှ ထိုသို့သတ်မှတ်ခြင်းကြောင့် ဥယျာဉ်အတွင်းရှိ များပြားလှစွာသော လင်းနို့များ၊ ညသိမ်းငှက်များနှင့် ဇီးကွက်များ၏ ညဘက်ဂေဟစနစ်ကို ထိန်းသိမ်းရာတွင် လည်းကောင်း လာရောက်လည်ပတ်သူများ အနေနှင့် ဥတ္တရအလင်းတန်းများကို ကြည့်ရှုရာတွင်လည်းကောင်း အထောက်အကူဖြစ်လိမ့်မည်ဟု ဆိုသည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia