သိန်းထွန်း (စီးပွားရေးလုပ်ငန်းရှင်)
ဦးသိန်းထွန်း (၂၆ မတ် ၁၉၃၇ - ၁၈ ဧပြီ ၂၀၂၂) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပက်(စ်)စီအချိုရည်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သူလည်းဖြစ်၍ Pepsi ဦးသိန်းထွန်းဟု လူသိများသည်။ [၁] ငယ်ဘဝ၁၉၃၇ ခု၊ မတ်လ ၂၆ ရက်တွင် စလင်းမြို့နယ်၊ တညောင်ရွာ၌ ဦးဘထွန်း၊ ဒေါ်သိန်းညွန့်တို့က မွေးသည်။ စီးပွားရေးလောကသို့ ဝင်ခြင်းအသက်၂၆ နှစ်အရွယ် ၁၉၆၀ကျော်ကာလများက ပို့ကုန်၊သွင်းကုန်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် စီးပွားရေးလောကသို့ စဝင်သည်။ ထိုစဉ်က အောင်ညွန့်ဆွေကုမ္ပဏီ ထောင်ကာ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်းနှင့် အာရှရှိ အခြားနေရာများသို့ သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။[၂] ၁၉၆၃ခု၊ မတ်လ ၁ ရက်တွင် ၎င်းကုမ္ပဏီ ပြည်သူပိုင်ပြုခံရ၍ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအား ခေတ္တနားခဲ့ပြီး ၁၉၇၈ ခုရောက်မှ စီးပွားရေးလောကသို့ ပြန်ဝင်သည်။ ၁၉၈၈ အရေးအခင်းပြီးနောက် ဦးသိန်းထွန်းသည် Pepsi ကုမ္ပဏီနှင့် ပူးပေါင်းရန် စတင်ကြိုးစားခဲ့ပြီး ၁၉၉၁ ခုတွင် Pepsi ကုမ္ပဏီနှင့် ၁၀-နှစ် စာချုပ်ပြုကာ မြန်မာဈေးကွက်သို့ Pepsi Cola၊ 7 Up နှင့် Mirinda စသည့် အချိုရည်များကို ထုတ်လုပ်ရောင်းချခဲ့သည်။[၃] ၁၉၉၇ ခုတွင် အမေရိကန်၏ ပိတ်ဆို့မှုစည်းမျဉ်းသစ်များကြောင့် ပက်စီကုမ္ပဏီမှာ မြန်မာ့ဈေးကွက်ကို စွန့်ခွါသွားသည်။ ၂၀၁၄ ခုတွင် မြန်မာဂိုးဒင်းစတားကုမ္ပဏီ၏ ရှယ်ယာ ၇၀% ကို ကိုရီးယားပိုင် လော့တေးကုမ္ပဏီအား ရောင်းချလိုက်၏။ ၁၉၉၄ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းဘဏ် ကိုစတင်တည်ထောင်ခဲ့သည်။[၄] ဘဏ်၏ အမြတ်အစွန်းများကို ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြန်လည်လှူဒါန်းခဲ့သည်။ ဦးသိန်းထွန်းသည် မြန်မာ့ရွှေကြယ်စင် တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဖြန့်ဖြူးရေး၊ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများဖြင့် စီးပွားရေးနယ်ပယ်အား တိုးချဲ့လာကာ ၂၀၁၄ ခုနှစ်အရောက်တွင် မြန်မာတိုင်းမ်ထုတ်ဝေသည့် Myanmar Consolidated Media ၏ ရှယ်ယာအများစုကို လွှဲယူသည်။ [၅] နှစ်စဉ် ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ကာ မြန်မာ့စွယ်စုံကျမ်းအား ပြင်လည်ပြင်ဆင်ရေးကိစ္စအပေါ် စာပေဗိမာန်နှင့်အတူ ပူးပေါင်း အားထည့်ဆောင်ရွက်နေသူဖြစ်သည်။ မြန်မာတိုင်းမ်၏ရှယ်ယာများအား ဝယ်ယူခဲ့ခြင်းက မိုက်မဲမှုတစ်ခုဟု ၂၀၁၈အတွင်း ဝန်ခံချက်ကလည်း မီဒီယာလောကအတွင်း ထင်ရှားသတင်းဖြစ်ခဲ့သည်။ [၆] ဦးသိန်းထွန်းကို ခရိုနီတစ်ဦး၊ ဗိုလ်ချုပ်ထွန်းကြည်အစရှိသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု ဖော်ညွှန်းကြသည်။ [၇] ၎င်းက ထိုသို့မဟုတ်ကြောင်း အမြဲတမ်းငြင်းဆန်လေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်လက်ထက် တန်ဖိုးထွားခဲ့သော သမ္မတရုံးဝန်ကြီးဦးစိုးသိန်းကိုယ်တိုင် ရေးသားခဲ့သော “ဒီမိုကရေစီနိုင်ငံသစ်နှင့် သမ္မတဦးသိန်းစိန်”စာအုပ်အား အကုန်အကျခံထုတ်ဝေခဲ့ဖူးသည်။ [၈] ပုဂ္ဂိုလ်ရေးဘဝနယ်လီသန်းနှင့် လက်ထပ်ရာ မျိုးဇော်ထွန်း(ကွယ်လွန်)၊ သန့်ဇင်ထွန်း (မန္တလေးနိုဗိုတယ်ဟိုတယ်နှင့် အယ်လ်ပီဟိုးဒင်းဂရု ဥက္ကဋ္ဌ)၊ မီမီထွန်း (မြန်မာဂိုးဒင်းစတားယမကာကုမ္ပဏီ ဒါရိုက်တာ)၊ ဦးဦးထွန်း (မြန်မာဂိုးဒင်းစတားယမကာကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး)၊ ဒေါ်ကြည်ကြည်ခိုင် ဟူသည့် သားသမီး ၅ ဦး ထွန်းကားသည်။ ဘဝနိဂုံး၂၀၂၂ ခု၊ ဧပြီလ ၁၈ ရက်၊ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ဘန်ကောက်မြို့၊ ဘာမွန်ကရက်ဆေးရုံတွင် လွန်သည်။ ရရှိခဲ့သော နိုင်ငံတကာဆုများPepsi Cola International နှင့် အင်္ဂလန်နိုင်ငံတို့ ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံးထုတ်လုပ်သူဆု၊ စီးပွားရေး လုပ်ငန်းအုပ်ချုပ်မှု ထူးချွန်ဆုတို့ ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia