ဟယ်ရီပေါ်တာနှင့် မီးကလပ်
ဟယ်ရီပေါ်တာနှင့် မီးကလပ် (အင်္ဂလိပ်: Harry Potter and the Goblet of Fire ၊ ဟယ်ရီပေါ်တာနှင့် မီးတောက်ခွက် စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်၍၊ ထိုဝတ္ထုသည် ဟယ်ရီပေါ်တာ စာအုပ်အတွဲတွင် စတုတ္ထမြောက် ဖြစ်သည်။ ထိုစာအုပ်သည် မှော်ဆရာလူငယ်လေး ဟယ်ရီပေါ်တာ၏ ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ရသော စတုတ္ထနှစ် ကျောင်းသားဘဝ၊ ဟယ်ရီအနေဖြင့် အားထုတ်ရုန်းကန် ကြိုးစားယှဉ်ပြိုင်ရမည်ဖြစ်သည့် ကျောင်းပေါင်းစုံသုံးပွင့်ဆိုင်အားကစားပြိုင်ပွဲကြီးသို့ သူ့နာမည်အား အခြားတစ်ဦးမှ တိတ်တဆိတ်စာရင်းသွင်းလိုက်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှု စသည့်ဇာတ်ကြောင်းများ ဖြစ်သည်။ ထိုစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက်မှ လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စကောလာ့စတစ်မှ လည်းကောင်း ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ ဟယ်ရီပေါ်တာ စာအုပ်အတွဲတွင် ပထမဆုံးအဖြစ် နှစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း ဖြန့်ချိနိုင်ခဲ့သော စာအုပ်ဖြစ်ပေသည်။ အဆိုပါ စာအုပ်သည် ၂၀၀၁ ခုနှစ်အတွင်း ဟူဂိုဆုကိုရရှိခဲ့ရာ၊ ထိုဆု ရရှိဖူးသော တစ်ခုတည်းသော ဟယ်ရီပေါ်တာစာအုပ် ဖြစ်သည်။ ဤဝတ္ထုစာအုပ်ကို အခြေခံ၍ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသခဲ့သော ဟယ်ရီပေါ်တာနှင့် မီးကလပ် ရုပ်ရှင်ဇာတ်ကားနှင့် အီလက်ထရွန်နစ် အာ့တ်စ် ၏ ဟယ်ရီပေါ်တာနှင့် မီးကလပ် ဗွီဒီယိုဂိမ်းတို့လည်း ထွက်ရှိခဲ့သည်။ |
Portal di Ensiklopedia Dunia