ဟော်မုန်း![]() ဗဟုကလာပ်စည်း သက်ရှိများ၌ ပါရှိသော ဟော်မုန်း သို့မဟုတ် ကိုယ်တွင်းဓာတ်နှိုး (ὁρμῶν; "ရွေ့လျားစေသော" ဟု အနက်ရ) (အင်္ဂလိပ်: hormone) ဟူသည်မှာ - ၎င်းသက်ရှိ၏ အတုံ့အမူများ (behaviors) နှင့် (သတ္တဝါများတွင်လျှင်) စိတ်ခင်းသရုပ်များ (psychology) အလိုက် ပါဝင်နှုန်ထား၊ အချိုးအစား အမျိုးမျိုးနှင့် ပါဝင်နေသည်ကို တွေ့ရသည့်၊ မိမိတို့ကို ထုတ်လုပ်လိုက်ရာ နေရာမှ အင်္ဂါတွင်း၌လည်းကောင်း၊ အင်္ဂါခြားသို့လည်းကောင်း ရောက်ရှိ၍ ဆဲလ်နှိုးဆွမှု (Cell Signaling) ပြုလုပ်နိုင်သည့်၊ သက်ရှိနွယ် မော်လီကျူး အမျိုးအစားများ ဖြစ်၏။[၁] သတ္တဝါ (လူနှင့် တိရစ္ဆာန်များ)၊ အပင်၊ မှို တို့အားလုံး၏ သဘာဝပြည့် ဖွံ့ဖြိုးမှု ဖြစ်စဉ်များတွင် ဤ ဟော်မုန်း (ကိုယ်တွင်းဓာတ်နှိုး)များ လိုအပ်သည်။ "မိမိကို ထုတ်လုပ်လိုက်ရာ ကိုယ်တွင်းနေရာမှ ကွာလှမ်းသည့် အခြားနေရာများ၌ ကိုယ်တွင်းဓာတ်ပြုမှုများကို သွားရောက်နှိုးဆွနိုင်သည့် ကိုယ်တွင်းထုတ် မော်လီကျူးများ" ကို "ဟော်မုန်း (ကိုယ်တွင်းဓာတ်နှိုး)" ဟု အနက်ဖွင့်ဆိုထားသဖြင့် များစွာသော အမျိုးအစားများကို စာရင်းဝင်အဖြစ် တွေ့ရသည်။ ဥပမာသာဓကသတ္တဝါတို့တွင် ခန္ဓာကိုယ် မည်သို့ မည်သည့်အချိန်တွင် ကြီးထွားရမည်ကို ဟော်မုန်းတို့က ညွန်ကြားထိန်းချုပ်သည်။ အမျိုးသမီးများ မည်သည့်အချိန်တွင် အပျိုဖော်ဝင်မည် စသည်တို့ကိုလည်း ဟော်မုန်းက ထိန်းချုပ်သည်။ မည်သည့်အချိန်တွင် သင်ကိုယ်ဝန်ဆောင်နိုင်မည်ကိုလည်း သတ်မှတ်ပေးပြီး ကျွန်တော်တို့ရဲ့ သန္ဓေတားဆေးများကို ကိုယ်ဝန်မရအောင် ပြုလုပ်ပေးသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေချိန်တွင် ရာသီမလာအောင် ပြုလုပ်ပေးပြီး ကလေးမွေးဖွားပြီးနောက် နိ့ထွက်စေရန် ပြုလုပ်ပေးသည်။ အမျိုးသမီး၏ မျိုးပွားမှု ကာလအပိုင်းအခြား ကုန်ဆုံးသွားသည့်နောက် ခန္ဓာကိုယ်တွင်းမှ အက်စ်ထြိုဂျင်၊ ပရိုဂျတ်စ်ထြုန်း ဟော်မုန်းများ နည်းပါသွားပြီး ဥကြွေခြင်း၊ ရာသီလားခြင်းကဲ့သို့သော လုပ်ဆောင်ချက်များ ရပ်တန့်သွားသည်။ ဤသည်ကို သွေးဆုံးခြင်ဟုခေါ်သည်။
လူ၊ သတ္တဝါတို့အတွင်းရှိ ဟော်မုန်းအချို့ဟော်မုန်းသည် ခန္ဓာကိုယ်၏ အချို့အင်္ဂါများမှဖြစ်လာကြသောဓာတ်ပစ္စည်းများဖြစ်၍ ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများကို ပြုပြင်ပေးကြသည်။ အချို့အင်္ဂါများမှစစ်ထွက်လာကြသောဟော်မုန်းများသည် ခန္ဓာကိုယ်အတွင်း လှည့်လည်ပြီးလျှင် ကိုယ်တွင်း ဓာတ်ပြုဖြစ်စဉ်များကို ဝင်ရောက် တိုးမြှင့်ပေး၊ ပြုပြင်ပေးနိုင်သည်။ အချို့ဟော်မုန်းများသည် အထူးအင်္ဂါများကိုအရေးကြီးသော အကျိုးသက်ရောက်မှုများကိုဖြစ်စေ၍ ကျန်ဟော်မုန်းများကမူ ခန္ဓာကိုယ်တစ်ခု လုံးကိုအကျိုးသက်ရောက်စေသည်။ ဟော်မုန်းသည်အင်္ဂါတစ်ခုကိုပို၍လှုပ်ရှား တက်ကြွစေသော ပစ္စည်းတစ်မျိုးဖြစ်လေသည်။ ဓာတ်ပြုဖြစ်စဉ်များကို နှေးကွေးစေသော အတွင်းစစ်ထွက်ရည်ကိုမူ ကယ်လုန်ဟုခေါ်သည်။ အင်ဒိုကရင်းခေါ်ပြွန်မဲ့ဂလင်းများမှစစ်ထွက်လာကြသော ဟော်မုန်းများကို လူသိများသည်။ ထိုပြွန်မဲ့ဂလင်းများမှာ ဦးနောက် အောက်အတတ်၊ ရှေ့ဦးနောက်အထက်တတ်၊ သိုင်းရွိုက်(ဒိုင်း ပုံ)၊ ပါရာသိုင်းရွိုက်(ဒိုင်းမှီ)၊ သိုင်းမတ်၊
ကျောက်ကပ်စီး၊ လင်ဂါဟန်ကျွန်းကွက်များနှင့် လိင် အင်္ဂါ(ဥအိမ်နှင့်ဝှေး) ဂလင်းများဖြစ်သည်။ ထိုဂလင်းများမှ
ဟော်မုန်းများက ရုပ်ဖြစ်ပျက်မှုများ၊ ကြီးထွားမှုများ၊ ယောက်ျားနှင့်မိန်းမတို့၏ ကွဲပြားမှုများနှင့် မျိုးပွားစေမှုများကို
ထိန်းသိမ်း ပေးကြလေသည်။အင်ဒိုဂရင်းများသည်တံတွေးသို့မဟုတ်ချွေးဂလင်းများ နှင့်မတူဘဲယင်းတို့၌ပြွန်များမရှိကြ ချေ။ ယင်းတို့ကယင်းတို့၏ စစ်ထွက်ရည်များကိုသွေး၊ သို့မဟုတ်သွေးဖြူများအတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားစေကြသည်။ ထိုသွေးသို့မဟုတ် သွေးဖြူများမှတစ်ဖန် ဟော်မုန်းများ(စစ်ထွက်ရည်) ကို ခန္ဓာကိုယ်အတွင်းသို့ပြန့်နှံ့သွားစေလေသည်။ ဦးနှောက်အောက်အတတ်ကဟော်မုန်း အမျိုးပေါင်းခြောက်ခု၊သို့မဟုတ်ထိုထက်မကကိုထုတ်ပေးသည်ဟု
ယူဆကြ၍ ကျောက်ကပ်စီးနှင့် လိင်အင်္ဂါ (ဥအိမ်နှင့်ဝှေး) များကမူအနည်းဆုံးနှစ်မျိုး စိစစ်ထွက်ပေးသည်ဟု
ယူဆကြသည်။ သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်သာမက လင်ဂါဟန်ကျွန်းကွက်များကမူဟော်မုန်းတစ်မျိုးတည်းစီကို
စစ်ထွက်ပေးသည်ဟုယူဆကြလေသည်။ အင်္ဂါတစ်ခုခုက ဟော်မုန်းနည်းလွန်းစွာ၊ သို့မဟုတ်
များလွန်းစွာ စစ်ထွက်ပေးလျှင်ခန္ဓာကိုယ်၏လှုပ်ရှား တတ်ကြွမှုသည်မှန်မှန်ကန်ကန်အမှုကိုမဆောင်ရွက်နိုင်တော့ချေ။ ထိုအခါတွင်လူသည်နေ မကောင်း ဖြစ်လာပြီးလျှင်ခန္ဓာကိုယ်၏ ကြီးထွားမှုသည်လည်းမူမမှန်ဖြစ်လာလေတော့သည်။ စစ်ထွက်လာသောဟော်မုန်းနည်းလွန်းလျှင်ဟိုင်ပိုဖန်းရှင်း ဖြစ်သည်ဟုဆို၍ များလွန်းသောအခါတွင်မူ ဟိုင်ပါဖန်းရှင်း ဖြစ်သည်ဟုဆိုကြသည်။ ဟိုက်ပိုဖန်းရှင်းဖြစ်သောအခါကုသသည့်နည်းအမျိုးမျိုး
ရှိရာ တစ်နည်းမှာအခြားလူ၏ခန္ဓာကိုယ်မှဖြစ်စေ၊ တိရစ္ဆာန်တစ်မျိုးမျိုးမှဖြစ်စေတစ်ရှုးကိုယူပြီးလျှင်ကူးဆက်
ပေးသည့်နည်းဖြစ်သည်။ အခြားတစ်နည်းမှာတစ်နေရာရာမှ ရရှိသောဟော်မုန်းကိုထည့်ပေးခြင်းဖြစ်၍ထိုနည်းကိုအစားထည့် ပေး၍ကုခြင်းသို့မဟုတ်အင်္ဂါရသကုထုံးနည်းဟုခေါ်သည်။ ဟော်မုန်းကိုတိရစ္ဆာန်၏ဂလင်းများမှပြုပြင်၍သော်လည်းကောင်း၊ သို့မဟုတ် ဂလင်းများမှပြုလုပ်ယူသည့် ဩဇာများမှ သော်လည်းကောင်းလုပ်ယူနိုင်လေသည်။ ဓာတုဗေဒပညာရှင်များကမူ ဓာတ်စမ်းခန်းအတွင်း၌ သိုင်းရော့ဆင်၊ အက်ပီနက်ဖရင်နှင့်အချို့လိင်နှင့်ဆိုင်သောဟော်မုန်းများကို ဖန်တီးယူကြသည်။ သို့ဖြင့်ဟော်မုန်းနည်းသောလူနာများသည်
ဟော်မုန်းသန့်သန့်များကိုရယူနိုင်ကြသည်။ ထို့ပြင် အခြားလိင်နှင့်ဆိုင်သော ဟော်မုန်းများနှင့်အင်ဆူလင်သန့်သန့်များကိုလည်း ရရှိနိုင်ကြလေသည်။သိုင်းရွိုက်နှင့်အချို့လိင်နှင့်ဆိုင်သောဟော်မုန်းများကို
ပါးစပ်မှစားသုံးနိုင်၍ယင်းတို့ကို အစာ အိမ်နှင့်အူများမှတစ်ဆင့် စုပ်ယူသွားနိုင်သည်။ အခြားဟော်မုန်း အမြောက်အမြားကိုမူ ဟိုက်ပိုဒါမစ်ပြွန်ဖြင့်ထိုးသွင်းပေးရလေသည်။ ဦးနှောက်အောက် အတတ်၏ နောက်ပိုင်းအဖုမှ ဟော်မုန်းကိုမူ နှာခေါင်း ၏ကျိချွဲမြှေးများမှတစ်ဆင့်စုပ်ယူခြင်းဖြင့်ရရှိနိုင်လေသည်။ဟိုင်ပါဖန်းရှင်းခေါ် ဟော်မုန်းအထွက်များလွန်းလျှင် ခွဲစိတ်ကုသနည်းဖြင့်ဂလင်းတစ်စိတ်တစ်ဒေသကိုထုတ်ပယ် ပစ်ရန်လိုကောင်းလိုပေလိမ့်မည်။ သော်မုန်းနှင့်စပ်လျဉ်းသော အခြားကိစ္စများအတွက်အိပ်စရေးဖြင့်ကုသပေးခြင်းသည် ကောင်းမွန်ကြောင်းကိုလည်းတွေ့ရှိရသည်။သိုင်းရွိုက်ဂလင်းမှဟော်မုန်းကိုသိုင်းရော့ဆင်ဟုခေါ်၏။ လည်ပင်းကြီးနာသည်သိုင်းရွိုက်ဂလင်းတတ်ကြွလှုပ်ရှားလွန်ခြင်း ကြောင့်နှင့်ကျယ်ပြန့်လာခြင်းကြောင့်ဖြစ်ရခြင်း ဖြစ်သည်။ မစ်ဆီဒီးမား၊ သို့မဟုတ်ဆွံ့နာသည် သိုင်းရော့ဆင် စစ်ထွက်လာခြင်း နည်းပါးခြင်းကြောင့် ဖြစ်သည်။ သိုင်းရော့ဆင်နည်းပါးခြင်းကြောင့်ဖြစ်ရသည့်ရောဂါများအတွက် သိုင်းရွိုက်ပစ္စည်းကို ဆေးသောက်သကဲ့ သို့သောက်ပေးခြင်းဖြင့် ရောဂါများပျောက်ကင်းနိုင်ကြောင်းကို ၁၈၅၁ ခုနှစ် ကတည်းကပင်သိခဲ့ကြလေသည်။ ယခုအခါတွင်သိုင်းရော့ဆင်ကို ဓာတုဗေဒသဘောဖြင့် ဖော်စပ်နိုင်သည်ဖြစ်၍ ထိုပစ္စည်း ကိုရိုးရိုးဆေးများ စားသကဲ့သို့ စားခြင်းဖြင့်လည်းကောင်း၊ ထိုဆေးကိုထိုးဆေးအဖြစ်ဖြင့်လည်းကောင်းအသုံးပြုနိုင်လေသည်။ကျောက်ကပ်စီးဂလင်းများ၏ အတွင်းသားမှ အက်ပီနက်ဖရင်ခေါ် ဟော်မုန်းတစ်မျိုးကို စစ်ထုတ်ပေးသည်။ လူတစ်ဦးတစ်ယောက် ဒေါသထွက်သောအခါတွင်ဖြစ်စေ၊ ကြောက်ရွံ့လာသောအခါ တွင်ဖြစ်စေ အက်ပီနက်ဖရင်က သွေးဖိအားကိုတိုးစေပြီးလျှင် နှလုံးကိုတတ်ကြွစေသည်။ အကိုးအကား
|
Portal di Ensiklopedia Dunia