အီသာလူသာမန်တို့၏ အမြင်တွင် ကျွန်ုပ်တို့၏ ကမ္ဘာနှင့်တကွ နေ လ ကြယ် ဂြိုဟ် စသည့် ကောင်းကင်တန်ဆာများ သွားလာ တည်ရှိလျက် ရှိသော ဤအာကာသကြီးသည် အရာဝတ္ထု ဆို၍ လုံးဝ ကင်းမဲ့သော ပလာသက်သက် လဟာပြင်အတိ သာလျှင် ဖြစ်လေသည်။ သို့ရာတွင် သိပ္ပံပညာရှင်ကြီးများကမူ လဟာပြင်ဟု ထင်ရသော အာကာသကြီး တစ်ခုလုံးကို အီသာဟု ဆိုအပ်သော ပစ္စည်းတစ်ခုက နေရာ အနှံ့အပြား ပြည့်နှက် ဖုံးလွှမ်းထားသည်ဟု ယုံကြည်ယူဆခဲ့ကြလေသည်။ ဤယူဆချက်သည် ဝှိုင်ဂင်းခေါ် ဒတ်ချ်လူမျိုး သိပ္ပံပညာရှင် ကြီးတစ်ဦး၏ အလင်းနှင့်သက်ဆိုင်သော အဆို တစ်ရပ်မှ ပေါက်ဖွားလာခဲ့လေသည်။ ပုံပမာ-ကြိုးခပ်ရှည်ရှည်ကို လူနှစ်ယောက်သည် ကြိုးစတစ်ဖက်စီကိုင်ပြီး ရပ်နေကြသည် ဆိုပါစို့၊ အကယ်၍ တစ်ယောက်က ကြိုးစကို ကိုင်ရုံကိုင်ထား ပြီးလျှင် ကျန်တစ်ယောက်က မိမိ လက်ထဲရှိ ကြိုးစကို လှုပ်ခါ ပေးလိုက်မည် ဆိုပါက ကြိုးသည် လှုပ်ပေးလိုက်သည့် ကြိုးစ ဘက်မှ အခြား တစ်ဖက်သို့ လှိုင်းကဲ့သို့ ကွေ့ကောက်လှုပ်ရှား သွားသည်ကို သတိထား ကြည့်သူတိုင်း တွေ့ကြ ရပေလိမ့်မည်။ ဤနေရာတွင် တစ်ဖက်မှတစ်ဖက်သို့ ရွှေ့သွား သည်မှာ လှိုင်းများသာလျှင်ဖြစ်၍ ကြိုးမှာမူ ပိုနေမြဲ ကျားနေ မြဲပင် ဖြစ်သည်။ လှိုင်းများ ရွှေ့သွားခြင်းကြောင့်သာ တစ်ဖက်မှ လှုပ်ခါပေးမှုကို အခြား တစ်ဖက်မှ သိရှိခံစားရခြင်းဖြစ်၍ အကယ်၍ ကြားခံပစ္စည်းဖြစ်သော ကြိုးသာမရှိခဲ့ပါက မည်သည့်နည်းနှင့်မျှ ဤသို့ သိရှိခံစားနိုင်မည် မဟုတ်ချေ။ ဤအတိုင်းပင် နေမှ ထွက်ပေါ်လာသော အလင်းလှိုင်းများသည် လည်း အလွန်ကျယ်ပြောသည့် အာကာသကြီးကို ကျော် ဖြတ်၍ ကျွန်ုပ်တို့၏ ကမ္ဘာပေါ်သို့ ရောက်လာကြ ရသည်။ ဤသို့ ရောက်လာနိုင်ခြင်းမှာ အာကာသထဲတွင် ကြားခံပစ္စည်း တစ်ခုခု ရှိသောကြောင့်ဖြစ်၏ဟု ဝှိုင်းဂင်းက ယူဆပြီးလျှင် ထိုပစ္စည်းကို အီသာဟူ၍ မှည့်ခေါ်ခဲ့လေသည်။ သိပ္ပံပညာရှင်ကြီးတို့သည် အာကာသကြီးအတွင်း၌ အလင်းတစ်ခုသာမဟုတ်၊ အပူ၊ ဂရက်ဗစ်တီ ဆွဲအားစသည့် အရာများလည်း ကူးသန်းနေကြသောကြောင့် ဝှိုင်းဂင်း၏အဆိုမှာ အလွန်ယုတ္တိရှိတန်သည်ဟု ယူဆကြလေသည်။ ထိုကြောင့် အာကာသကြီး အတွင်းတွင် အီသာဖြင့် ပြည့်နှက်လျက် ရှိသည် ဟူသော အဆိုကို အစဉ်အဆက် လက်ခံယုံကြည်လာ ခဲ့လေသည်။
ကိုးကား
|
Portal di Ensiklopedia Dunia