အုန်းကြိုင် (ဟံသာဝတီ)
ဦးအုံးကြိုင် (သို့) ဟံသာဝတီ ဦးအုံးကြိုင် သည် မြန်မာနိုင်ငံသား သတင်းစာဆရာတစ်ဦးဖြစ်၍ သတင်းလောကအတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ဘဝအကျဉ်းဦးအုန်းကြိုင်ကို ၁၉၂၆ ဇွန် ၁၆ တွင် ဦးဘိုးဆင်နှင့် ဒေါ်နှင်းကျင်တို့မှ အင်းစိန်မြို့ ဈေးကုန်းရပ်ကွက်၌ ဖွားမြင်ခဲ့သည်။ အင်းစိန် အစိုးရမူလတန်းကျောင်း၊ အင်းစိန် အစိုးရဟိုက်စကူးကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၄၄ ခုနှစ်တွင် (၁၀)တန်း စာမေးပွဲကို အောင်မြင်ခဲ့၏ ။ ထို့နောက် ၁၉၄၅-၄၆ ခုနှစ် ထီးတန်းကောလိပ်တွင် ပညာသင်ကြားခဲ့ကာ ၁၉၅၂-၅၃ ခု ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာနယ်ဇင်းပညာ ဒီပလိုမာ (BA.Dip in Journalism) ဘွဲ့ရရှိခဲ့သည်။ သတင်းထောက်အလုပ်ကို ဝါသနာပါသောကြောင့် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ နိုဝင်ဘာ၂၉၊ (၂၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ပြန်လည်ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတွင် သတင်းထောက်အဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၅၀-၅၁ ခုနှစ်တွင် နိုင်ငံရေးသတင်းထောက်တာဝန်အပြင် အယ်ဒီတာအဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ ထိုသို့ ဟံသာဝတီသတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်စဉ် ၁၉၅၄ နှင့်၁၉၆၀ နှစ်များ၌ သတင်းစာတိုက်ပိုင်ရှင် ဗြိတိသျှဘားမား သူဌေးကြီး ဦးညွန့် ချီးမြှင့်သော “သတင်းထူးချွန် ရွှေကလောင်ဆု” ၂ နှစ်ကြိမ် ချီးမြှင့်ခြင်းခံခဲ့ရသည်။[၂] ဟံသာဝတီသတင်းစာ၌ ဟံသာဝတီ အုန်းကြိုင် ဟူသောကလောင်အမည်ကိုယူ၍ နိုင်ငံရေးသတင်းများ၊ သတင်းဆောင်းပါးများ များစွာရေးသားခဲ့သည်။ ၁၉၆၂ နှစ်ဦးပိုင်း ဇန်နဝါရီလကုန်တွင် ဟံသာဝတီသတင်းစာမှ နုတ်ထွက်ခဲ့၍ ၁၉၆၃ ခုနှစ်တွင် ခေတ်သစ္စာသတင်းစာတိုက်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ကာ ခေတ်သစ္စာသတင်းစာကို အမည်ပြောင်းလဲ၍ ထုတ်ဝေသော အမျိုးသားသတင်းစာ တိုက်တွင် ဂါးဒီယန်းဦးစိန်ဝင်း နှင့်အတူတွဲ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးသည်အထိ ဗိုလ်ချုပ်တို့နှင့်ပတ်သက်သော သတင်းများကို လိုက်လံ၍ သတင်းယူခဲ့သူတစ်ဦးလည်းဖြစ်သည်။ ထို့နောက် သတင်းစာလောကမှ အနားယူပြီးခဲ့ကာ ၂၀၀၀ ပြည့်နှစ်မှစ၍ မြို့တော်သတင်းစာနှင့် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ ရောင်ပြန်မဂ္ဂဇင်းတို့တွင် အခန်းဆက် ဆောင်းပါးရှည်များကို ရေးသားခဲ့သည်။ ထို့အပြင် သူရဇ္ဇ၊ ဂမ္ဘီရ သုတရသစုံ မဂ္ဂဇင်းများတွင်လည်း ဟံသာဝတီ ဦးအုန်းကြိုင် အမည်ဖြင့် ဘာသာရေးနှင့် ဂမ္ဘီရ ပညာရပ်ဆိုင်ရာ ဆောင်းပါးများရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ကကုသန္ဓ မြတ်ဗုဒ္ဓ၏ ဇီဝမာနက သကေသဓာတုဝင် သာဓုဆံတော်ရှင်စေတီတော်သမိုင်း တစ်စောင်ကို ဓာတ်ပုံမှတ်တမ်းများပြု၍ သမိုင်းအထောက်အထားများဖြင့် ပြုစုရေးသားခဲ့သည်။ ၂၀၀၆ ခုနှစ်မှစ၍ ဓမ္မဝီရစာပေတိုက်၏ ဓမ္မဝီရဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဟံသာဝတီ ဦးအုန်းကြိုင်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ပထမအကြိမ် သက်တမ်းဖြစ်သည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သတင်းမီဒီယာကောင်စီဝင်နှင့် ဒုတိယဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့၍ ဒုတိယအကြိမ် သက်တမ်း ၂၀၁၈ ခုနှစ်မှ ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ယင်းသို့တာဝန်ထမ်းဆောင်စဉ် သတင်းရယူခွင့်ဆိုင်ရာ မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ၊ သတင်းသိပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းပေါ်ထွက်ရေး ဆွေးနွေးမှုများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သကဲ့သို့ အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီများကွန်ရက်တွင်လည်း ဒုတိယဥက္ကဋ္ဌ တာဝန်ကိုပါ ထမ်းဆောင်ပြီး အရှေ့တောင်အာရှဒေသအတွင်း သတင်းမီဒီယာကောင်စီများအကြား ကွန်ရက်ဆက်သွယ်ရေးကိစ္စရပ်များတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့လေသည်။[၃] ကွယ်လွန်ခြင်းကိုဗစ်ရောဂါ ကြောင့် ကုသခံခဲ့ရပြီး ပျောက်ကင်းသည့်အတွက် ဆေးရုံဆင်းခါနီးတွင် အစာအိမ်ရောဂါဖြစ်သောကြောင့် အမှတ် (၁) တပ်မတော် စစ်ဆေးရုံကြီး (ကုတင် ၁၀၀၀) တွင် ကုသမှုခံယူရင်း အစာလမ်းကြောင်း အူခေါက်သည့် ရောဂါဖြင့် ၂၀၂၀ အောက်တိုလာ (၂၃) တွင် ကွယ်လွန်ခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia