အမျိုးသားနေ့
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည်။ ကိုလိုနီ နယ်ချဲ့ ပညာရေးအင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီပညာရေးသည် ဗမာနိုင်ငံ၌ (၁၉၂၀) ပြည့်နှစ်အထိ ယင်းတို့အတွက် အခိုင်းအစေ ကျိုးနွံသော မြန်မာလူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။ ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ(university) ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန်ကောလိပ်)ကောလိပ်သာရှိ၍ ယင်းတို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ်ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတမ်းများမှာ ကလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့်အတိုင်း သင်ကြားရသဖြင့် ဗမာ တက်လူငယ်များနှင့် အံမဝင် ထိုအခါ ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေးသည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။ "ဝိုင်အမ်ဘီအေ"က ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော် ဗမာပြည်အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူးဟန်တား (Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေရေးဆွဲရေး ကျွမ်းကျင်သည့် ကော်မတီတရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းလိုက်၏။ ကော်မတီဝင် ဦးရေ ၃၀ နီးပါးမျှရှိ၍ ဝိုင်အမ်ဘီအေ မှ ဝတ်လုံတော်ရ ဦးမေအောင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘဖေ (ဘီအေ)၊ ဦးကွမ်း (ဘီအေ)ပုသိမ်၊ ဦးဘလှိုင် (ဘီအေ) နှင့် ဦးအမ် အမ်အုံးခိုင်တို့ ခြောက်ဦးသာပါ၏။ ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေးသည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား ဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိကထားသည့် တခုတည်းသောကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန် တက္ကသိုလ်ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ (၁၉၂၀) ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။ တက္ကသိုလ် ဥပဒေယူနီဘာစီတီဟူ၍ မြန်မာနိုင်ငံတွင် ဤတကျောင်းသာ ရှိရမည် ဟူ၍လည်းကောင်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ် တကျောင်းသာ ရှိရမည် ဟူ၍လည်းကောင်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟုလည်းကောင်း စသည့် ကန့်သတ်ချက်များအပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ဝင်ရောက် သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်း စားများသာ ဖြစ်စေရမည်ဟုလည်းကောင်း စသော မလိုလားအပ်သည့် ကန့်သတ် ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။ သို့ဖြစ်လေရာ ယင်းယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့ ၏ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စား တို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။ တနှစ်လျှင် အနည်းဆုံးငွေ၆၀၀ ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ ၅၀ ကျပ်ကျော် မတတ်နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည် မဟုတ်ပေ။ ထိုခေတ် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ ၆၀၀ ကျပ်ဟူသည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် ၅၀ ကျပ်မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏လခသည် ၃၀ ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။ အစိုးရစာရင်းများအရဆိုလျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ ၁၂ ကျပ်ဖြစ်၍ အမြင့်ဆုံး လစာမှာ ၇၅ ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင် ၂၀ ကျပ်ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန် မဝင်ကြသော အချိန် ဖြစ်သည်။ ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်းပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်းသား မိဘများကလည်း မကျေမနပ် ဖြစ်လာကြသည်။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့် နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာ ရယ်ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာစီတီး အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသားကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်းအတည် ပြုလိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမကမန္တလေး၊မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထုအစည်းအဝေးများ ခေါ်ကာ ကန့်ကွက် ကြလေသည်။ ကျောင်းသားများ၏ ရှေ့ဦးဆုံး လှုပ်ရှားမှုဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဘာစီတီ အက်ဥပဒေနှင့် အညီ ရန်ကုန်ကောလိပ်အား ယူနီဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်သည်။ သို့ဖြင့် ကောလိပ် ကျောင်းသားများထဲမှ သံတွဲကိုဘဦးကို ခေါင်းဆောင် အဖြစ် တင်မြှောက်ကာ စည်းဝေးကန့်ကွက်လာကြသည်။ ယူနီဘာစီတီ အက်ဥပဒေကို မပြင်ဆင်ဘဲ ယခုအတိုင်း အတည်ပြုရန် လုပ်ဆောင်ပါကကျောင်းသားနှင့် ပြည်သူတွဲ၍ ရှေ့သို့ တလှမ်းတိုးရလိမ့်မည်ဟု ဆုံးဖြတ်တောင်းဆို လိုက်ကြသည်။ ထိုအခါ မူလကြေညာထားသော ယူနီဘာစီတီ ဖွင့်ပွဲကို ဘုရင်ခံသည် ရက်ပြောင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့သို့ရွေ့လိုက်လေသည်။ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (တန်ဆောင်မုန်းလဆုတ် ၈ ရက် သီပေါဘုရင် ပါတော်မူနေ့) နံနက် ၁၁ နာရီအချိန် ကောလိပ်ကျောင်းသားကြီး (၁၁) ဦးသည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ဗောဓိပင် အရှေ့တွင် လျှို့ဝှက်စုဝေး ဆွေးနွေးပွဲတရပ်ကို ရှစ်နာရီမျှ ကြာအောင် ပြုလုပ်၍ အမိနိုင်ငံ၏ ဂုဏ်သိက္ခာ ကယ်တင်ရေးအတွက် ကောလိပ်ကျောင်းသားများ သပိတ်မှောက်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ အဖွဲ့ဝင် (၁၁)ဦးပါ အမြုတေ သပိတ်ကော်မတီကို ဖွဲ့စည်းကြသည်။
ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသား ၄၀၀ကျော်သည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅နာရီတွင် ဗဟန်း ဦးအရိယကျောင်းတိုက်၌ တက္ကသိုလ် ဥပဒေ တိုက်ဖျက်ရေးအတွက် သပိတ်မှောက်ကြရန် ယေဘုယျအားဖြင့် သဘောမျှကြသော်လည်း အစိုးရထံ မိမိတို့ လိုအပ်ရာ တောင်းဆို၍ အစိုးရက ငြင်းပယ်သည့် အခါမှ သပိတ်မှောက်ကြရန် သို့မဟုတ် သပိတ်မှောက်ပြီးမှ အစိုးရထံ လိုအပ်ချက်ကို တောင်းဆိုရန် အယူအဆ ကွဲကြ၏။ သို့ရာတွင်သပိတ်မှောက်ပြီးနောက် လိုအပ်ချက်တောင်းရန် ဘက်မှ အများစုဖြစ်သဖြင့် အားလုံး သဘောတူ သပိတ်မှောက်ကြမည်ဖြစ်ကြောင်း ဆုံးဖြတ်ကြ၏။ နောက်တနေ့ဖြစ်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့(မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ တက္ကသိုလ် အက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့်သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။ သပိတ်တိုက်ပွဲရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူကျောင်းသားများကလည်းနောင်တော် ကောလိပ်ကျောင်းသားကြီးများ၏ သပိတ်တိုက်ပွဲသို့ထောက်ခံသည့်အနေဖြင့် ဗဟန်းသပိတ်စခန်းသို့ ချီတက်လာကြသည်။ မြို့လူထု တရပ်လုံးကလည်း မားမားရပ်ကာ ကူညီ ထောက်ပံ့ကြလေသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ကောလိပ်ကျောင်းသားကြီးများ အစည်းအဝေးမှ နောက်ထပ် (၁၅)ဦး ပါဝင်သော ယူနီဘာစီတီ သပိတ်မှောက်ကောင်စီ ခေါ် (၂၆)ဦး အဖွဲ့ ဖြစ်၍ လာခဲ့သည်။
ကောလိပ် အာဏာပိုင်များသည် ကျောင်းသား သပိတ်ကြီး၏အရေးဆိုချက်များကို စဉ်းစားရန်ဝေးစွ၊ ဒီဇင်ဘာ ၂၃ ရက်အတွင်း ကျောင်းပြန်မတက်က ကျောင်းမှ နုတ်ပယ်ပစ်မည်ဟု ကြေညာပြန်ရာ သပိတ်မှောက် ကျောင်းသားကြီးများက မိမိတို့၏ အမည်စာရင်း များကိုကျောင်းသားစာရင်းမှ အပြီးတိုင်ပယ်ထုတ်ပါမည့် အကြောင်းအာဏာပိုင်တို့ထံသို့ စာပြန်ကာ တုံ့ပြန်လိုက်လေသည်။ ဒီဇင်ဘာ၂၉ ရက်နေ့တွင် ဂျီစီဘီအေ အသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်းသားများကို အစိုးရ ကျောင်းများနှင့် အစိုးရ အထောက်ပံ့ခံကျောင်းများ သို့ ပြန်လည်မတက်ကြရန် တိုက်တွန်း နှိုးဆော်ချက် တစ်ရပ်ထုတ်ပြန် စေခဲ့လေသည်။ အမျိုးသားကျောင်း၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမီကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန်အခွင့်အရေး ရခဲ့ကြ၏။ အမျိုးသားကောလိပ်ကြီးကိုလည်း စေတနာ့ဝန်ထမ်း ပါမောက္ခဆရာကြီးများ ဖြစ်ကြသော
ဗဟန်းကောလိပ် ဟု အမည်တွင်သော အမျိုးသားကောလိပ်ကို ဝိုင်းဝန်းတည်ထောင် ဖွင့်လှစ်ကြသည်။ မြန်မာ့သမိုင်းနှင့် မြန်မာစာကို အလေးထား၍ သင်ကြားပေးသည်။ အမျိုးသားရေး အစဉ်အလာများကို တန်ဖိုးထားတတ်အောင်၊ ကျွမ်းကျင်တတ်မြောက်အောင်ဖော်ထုတ်သင်ကြားပေးသဖြင့် ယင်းပညာရေးကို သခင်ပညာရေး ဟုခေါ်ဝေါ်သုံးနှုန်းကြသည်။ [၁] ပေါ်ပေါက်လာခြင်းဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှု အနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင် ကြိုးစားရာမှ အမျိုးသားနေ့ ပေါ်လာရသည်။ ၁၉၂၁-ခုနှစ် မန္တလေး၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်ရေး စတင်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးကြရာတွင် အင်္ဂလိပ် သူရိယသတင်းစာမှ ဦးတုတ်ကြီး တင်ပြသည့် သီပေါမင်း နန်းကျသည့် ပါတော်မူနေ့၊ ပျဉ်းမနား ဧလာမှ ဦးဒွေး တင်ပြသည့် ဦးဥတ္တမ ထောင်ကျသောနေ့၊ ပထမ ကျောင်းသားသပိတ်တွင် ပါဝင်သည့် ကိုမြင့် တင်ပြ ဆွေးနွေးသည့် ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်လက်နက် စတင် စွဲကိုင် တော်လှန်သည့်နေ့၊ တစ်နေ့နေ့ကို သတ်မှတ်ရန် အကြမ်း သဘောတူကြသည်။ ထို့နောက် ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ - ၁၈ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ၁၉၂၀ ပြည့်နှစ် ၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်၍ အတည်ပြု ပေးခဲ့သည်။ ထိုနေ့သည် အုပ်ချုပ်သူ နယ်ချဲ့ အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့၊ အမျိုးသား တော်လှန်ရေး စတင်သည့်နေ့ ဖြစ်ခြင်းတို့ကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြု ခဲ့ကြခြင်း ဖြစ်သည်။ ထိုနေ့သည် အင်္ဂလိပ် နယ်ချဲ့အစိုးရ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ ဟုလည်း ခေါ်ကြသေးသည်။ ရက်သတ်မှတ်ရာတွင်ပင် အမျိုးသားနေ့၏ အဓိပ္ပာယ် ပြည့်စုံ ပေါ်လွင် ပီပြင်စေရန် တက္ကသိုလ်ဥပဒေ ကို သပိတ်မှောက်သော အင်္ဂလိပ်ရက် ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက် ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ဟု တမင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမျိုးသားရေး လက္ခဏာသည် ပို၍ ပေါ်လွင်ထင်ရှားစေခဲ့သည်။
နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာ၊ အမျိုးသားပညာရေးကို တောင်းဆို ဖော်ပြသော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းတွင်အရေးပါသော လှုပ်ရှားမှုကြီး ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ တစ်ပြည်လုံး အတိုင်းအတာဖြင့် ကျင်းပလေသည်။ အမျိုးသားနေ့အုပ်ချုပ်သူ နယ်ချဲ့အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့ကို နောင်လာနောင်သား အမျိုးသားတို့ အမှတ်တရ ရှိစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်း ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ခရစ် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝရက်နေ့ တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများ သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေ ဖြင့် သပိတ်မှောက်သောနေ့ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသို့ သပိတ်မှောက်လိုက်ခြင်းသည် မြန်မာနိုင်ငံကို ဗြိတိသျှ နယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသား တော်လှန်ရေး ကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ထိုသပိတ်ကြီးမှ တဖွား ဖွား ပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲခဲ့ရာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်ဟု ဆိုလျှင် မလွဲချေ။ ထိုကြောင့် လွတ်လပ်ရေး ရရှိပြီး သည့်တိုင် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကိုပင် အမျိုးသားနေ့အဖြစ် ဆက်လက် အသိအမှတ် ပြုခဲ့လေသည်။ ဗြိတိသျှလက်တွင်းသို့ မြန်မာနိုင်ငံ သက်ဆင်းရပြီးနောက် မြန်မာလူထုသည် လက်နက်ကိုင်၍တစ်သွယ်၊ စည်းဝေးပွဲများ အကြိမ်ကြိမ် ပြုလုပ်၍တစ်မျိုး၊ မြန်မာ့ကိုယ်စားလှယ်များကို ဗြိတိသျှအစိုးရ ကိုယ်စားလှယ်များနှင့် အရေးဆိုရန် စေလွှတ်၍ တစ်ဖုံ နည်းမျိုးစုံတို့ဖြင့် လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ သော်လည်း တကယ် ထိထိရောက်ရောက် အုံကြွဆန္ဒပြမှုကား ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော ကောလိပ်သပိတ်ပင် ဖြစ်သည်။ ဗြိတိသျှအစိုးရသည် သူတို့၏ နယ်ချဲ့ရာ၌ အကောင်းဆုံး သော လက်နက်တစ်ခု ဖြစ်သည့် ပညာရေး စနစ်သစ် တက္ကသိုလ်အက်ဥပဒေကြမ်းကြီးကို ၁၉၂ဝ ပြည့်နှစ် ဇွန်လတွင် တိုင်းပြည်မှ ဝေဖန်လေ့လာနိုင်ရန် ထုတ်ပြန် ကြေညာသည်။ ထိုဥပဒေကြမ်းတွင် ပါရှိသောအချက်များဖြစ်သည့်
ကိုးကား
|
Portal di Ensiklopedia Dunia