ဧရာဝတီတံတား (ရတနာသိင်္ဃ)
ဧရာဝတီတံတား (ရတနာသိင်္ဃ)သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အနီး နွယ်ငြိမ်းကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့ကို ဆက်သွယ်ပေးထားသည့် ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်သည်။ တံတားကြီးသည် ဦးသိန်းစိန် အစိုးရလက်ထက် ဖွင့်လှစ်သော ပေ ၁၈ဝ အထက် တံတားကြီးများအနက် ၃၉ စင်းမြောက် တံတားကြီး ဖြစ်သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဧရာဝတီမြစ်ပေါ်တွင် ၁၄ စင်းမြောက် တည်ဆောက်ပြီးစီးခဲ့သည့် တံတားကြီးတစ်စင်းဖြစ်သည်။ သမိုင်းကြောင်းဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁၄)က ၂ဝ၁ဝ ခုနှစ် ဧပြီ ၁၆ ရက်မှ စတင်၍ ဆောက်လုပ်ခဲ့သည်။ အုတ်မြစ်နှင့် တံတားတိုင် လုပ်ငန်းများအားလုံး ၂ဝ၁ဝ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြီးစီးခဲ့သည်။ တံတားသံပေါင် တပ်ဆင်ခြင်းလုပ်ငန်းကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ကျောက်မြောင်းဘက်ကမ်းမှ စတင်တပ်ဆင် ခဲ့ရာ၊ RP2 တိုင်ကျော်လွန်ပြီး RP3 တိုင်ပေါ်သို့ရောက်ရန် ၁၆ မီတာအလို၌ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိသော အင်အားပြင်း ငလျင်ဒဏ်ကြောင့် RP1 နှင့် RP2 ကြား တံတားသံပေါင် နှစ်ခန်းရေထဲသို့ ပြုတ်ကျပျက်စီး သွားခဲ့သည်။ တံတားသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၃ ခုနှစ် မေ ၁၉ ရက် တွင် သံပေါင်ခြောက်ခန်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့သည်။[၁] တံတားအချက်အလက်များတံတားကြီးမှာ နှစ်လမ်းသွား ကားလမ်းတံတား ဖြစ်ပြီး တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား ကားလမ်းနှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ပါသည်။ ပင်မတံတားအရှည် ၂၂၁၈ ပေ၊ ရွှေဘိုဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၆၆ ပေနှင့် စဉ့်ကူးဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၆ ပေရှိပြီး စုစုပေါင်းတံတားအရှည်မှာ ပေ ၂၄၈ဝ ရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေမှာ အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၄၇ ပေ ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။ တံတားအောက်ထည်မှာ ၁ ဒသမ ၅ မီတာအချင်းရှိ သံကူကွန်ကရစ် လွန်တူးပိုင်တိုင်အုတ်မြစ်နှင့် သံကူကွန်ကရစ်တိုင် ကိုယ်ထည်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိ သံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းဖြစ်သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia