ကျန်းကျိခဲ
ကျန်းကျိခဲ(ရိုးရှင်းတရုတ်: 张继科; ရိုးရာတရုတ်: 張繼科; ပင်ယင်: Zhāng Jìkē) သည် ၁၉၈၈-ခုနှစ် ဖေဖော်ဝါရီလ ၁၆-ရက်နေ့တွင် မွေးဖွားခဲ့သည့် တရုတ်လူမျိုး စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက် ဖြစ်သည်။[၁][၄] ကျန်းကျိခဲသည် ၂၀၁၂-ခုနှစ် လန်ဒန်အိုလံပစ်တွင် စားပွဲတင်တင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ကို အနိုင်ရရှိပြီး၊ စတုတ္ထမြောက် စားပွဲတင်တင်းနစ် တံခွန်စိုက်ဆုရှင် (Grand Slam)တစ်ယောက် ဖြစ်လာခဲ့သည်။[၅] သူ၏အရင် ပထမ ၃-ဦးမှာ ၁၉၉၂-ခုနှစ်တွင် Jan-Ove Waldner၊ ၁၉၉၉-ခုနှစ်တွင် Liu Guoliangနှင့် ၂၀၀၀-ခုနှစ်တွင် Kong Linghui တို့ဖြစ်ကြသည်။ ကျန်းကျိခဲသည် တံခွန်စိုက်ဆု (Grand Slam)ကို ၄၄၅ ရက်အတွင်း အရယူနိုင်ခဲ့သူ ဖြစ်သည်။ သူသည် ပထမဦးဆုံး ၂၀၁၁-ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်ကို ရရှိပြီးနောက်၊ ၂၀၁၁-ခုနှစ် ကမ္ဘာ့ဖလား ရွှေတံဆိပ်နှင့် ၂၀၁၂-ခုနှစ် လန်ဒန်အိုလံပစ် ရွှေတံဆိပ်တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့သည်။ ပထမဆုံး တံခွန်စိုက်ဆု (Grand Slam)ရရှိပြီးနောက်၊ သူသည် ၂၀၁၃-ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်နှင့် ၂၀၁၄-ခုနှစ် ကမ္ဘာ့ဖလား ရွှေတံဆိပ်တို့ကို ဆက်လက်ရယူနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် စားပွဲတင်တင်းနစ် တံခွန်စိုက်ဆုရှင်ဖြစ်လာရန် ၂၀၁၆-ခုနှစ် အိုလံပစ်ရွှေတံဆိပ်သာကျန်တော့သော်လည်း၊ အဆိုပါပြိုင်ပွဲတွင် မာလုံကို ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်သာ ရရှိခဲ့သည်။ သူသည် စားပွဲတင်တင်းနစ်သမိုင်းတွင် အဓိကကျသောပြိုင်ပွဲများ၏ ရွှေတံဆိပ် ၅-ခုအထိ ရရှိခဲ့ပြီး၊ အဆိုပါပြိုင်ပွဲများတွင် ရွှေတံဆိပ် အများဆုံးကို ဆွတ်ခူးနိုင်ခဲ့သော အမျိုးသားကစားသမားသုံးဦးအနက်မှ တစ်ဦး ဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် အဆိုပါ အဓိကရွှေတံဆိပ် ၅-ဆုကို ဆက်တိုက်ရရှိခဲ့သော စံချိန်ကို တင်ထားသူ တစ်ဦးတည်းသော စားပွဲတင်တင်းနစ်ကစားသမားလည်း ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia