ဇော်ဝင်းရှိန် (စီးပွားရေးလုပ်ငန်းရှင်)
ဦးဇော်ဝင်းရှိန် (၁၅ နိုဝင်ဘာ ၁၉၇၈ ဖွား) သည် [၁] မြန်မာ လူငယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ [၂] အသက် ၁၉ နှစ် အရွယ် နှင့် မိဘများ၏ လက်ငုတ်လက်ရင်းဆန်စပါးရောင်းဝယ်တင်ပို့မှုမှတဆင့် စီးပွားရေးလောကထဲ သို့ ခြေချလာသူဖြစ်သည်။သူသည်လယ်ယာထွက်ကုန်ကူးသန်းရောင်းဝယ်တင်ပို့မှု အပါအဝင် ဆောက်လုပ်ရေး၊ငွေကြေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍ နှင့် စက်မှုမြို့တော် အစရှိသည်တို့ ပါဝင်သော Ayeyar Hinthar Holdings Group ၏ တည်ထောင်သူလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် ထင်ရှားကျော်ကြားခဲ့သော စီးပွားရေးလုပ်ငန်းရှင်များထဲမှ အသက်အငယ်ဆုံးဟု ဆိုနိုင်သည့် ဦးဇော်ဝင်းရှိန်သည် နိုင်ငံရေးအပြောင်းအလဲများကြားတွင်ပင် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။ လက်ရှိ စစ်ကောင်စီခေတ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့် အလှူပွဲများတွင် ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ အကြီးအကဲ ဦးဇော်ဝင်းရှိန်ကို မကြာခဏ တွေ့မြင်ရလေ့ရှိသည်။ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးများအထိ စစ်ကောင်စီအား လှူဒါန်းသူများစာရင်းတွင် ၎င်းသည် အမြဲလိုလို ပါဝင်လေ့ရှိသည်။ အသက် ၅၀ မပြည့်သေးသော်လည်း မြန်မာနိုင်ငံတွင် ဘဏ်နှင့် ဆက်သွယ်ရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းစီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်း၏ အောင်မြင်မှုသည် နိုင်ငံ၏ ခေတ်အဆက်ဆက် အပြောင်းအလဲများကြားတွင်ပါ အဆင်ပြေအောင် နေထိုင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။[၃] ငယ်ဘဝနှင့်ပညာရေးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် နိုင်ငံခြားဘာသာတက္ကသိုလ် ဒီပလိုမာသင်တန်း၊ ပထမနှစ်(တရုတ်ဘာသာ) နှင့် ကျောင်းထွက်ခဲ့ကာ ဖခင်ဖြစ်သူ၏ မိသားစု စီးပွားရေးလုပ်ငန်း ဖြစ်သော ဆန်စပါးကဏ္ဍသို့ ဝင်ရောက်သည်။[၄] စီးပွားရေးနယ်ပယ်သို့ဝင်ရောက်လာခြင်း၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အလူမီနီယမ် လုပ်ငန်းအား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စပ်တူလုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း အား စတင်သည်။ယင်းနောက် Ayeyar Hinthar Trading Co., Ltd [၅]ကို ရင်းနှီးသော သူငယ်ချင်းတစ်ဦးနှင့် တည်ထောင်သည်။ နှစ်အနည်းငယ်အတွင်း ထိုကုမ္ပဏီသည် မြန်မာပြည်၏ အကြီးမားဆုံးဆန်တင်ပို့နိုင်သည့် ကုမ္ပဏီစာရင်းဝင် ဖြစ်လာခဲ့ပြီး[၆][၇][၈][၉] နောက်ပိုင်းတွင် ၎င်း၏စီးပွားရေး လုပ်ငန်းများအားလုံးကို စုစည်း၍ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့သည်။ ဝိတိုရိယဆေးရုံ[၁၀] အား လုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆရာဝန်များ နှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်ဇွန်လ ၂၅ရက်တွင်ရန်ကုန်မြို့၌တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်စက်မှုမြို့တော်အား[၁၁] တည်ထောင်ခဲ့သည့်အပြင်[၁၂][၁၃][၁၄]၂၀၁၄ ခုနှစ်တွင် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် စတင် တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်းအားဆောင်ရွက်သည်။ ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ် ရေကာတာ စီမံကိန်း အပိုင်း ၃ ကိုလည်း ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation တို့နှင့်အတူ လုပ်ပိုင်ခွင့်ရရှိခဲ့သူလည်းဖြစ်သည်။ ဇော်ဝင်းရှိန်သည်[၁၅] ရန်ကုန်စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းကို လုပ်ကိုင်နေသူလည်းဖြစ်သည်။[၁၆] [၁၇][၁၈] [၁၉] နဝတခေတ်မှ စီးပွားရေး အခြေခံနဝတခေတ်တွင် ဦးဇော်ဝင်းရှိန်သည် သာမန်ဆန်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးအဖြစ် စတင်ခဲ့သည်။ သို့သော် စစ်ထောက်ချုပ်တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သားနှင့် ရင်းနှီးမှုရလာပြီးနောက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းလုပ်ငန်းကို လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ထို့နောက် စစ်ထောက်ချုပ်၏သားနှင့် ပူးပေါင်းကာ ဆန်တင်ပို့ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စားအုန်းဆီတင်သွင်းခြင်းနှင့် စစ်တပ်နှင့်ဆိုင်သော လုပ်ငန်းများကို လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ခရိုနီအသေးစားအဖြစ် စတင်ရပ်တည်နိုင်ခဲ့သည်။ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အနားယူသွားပြီးနောက် စစ်ထောက်ချုပ်ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့်လည်း ဆက်လက်အဆင်ပြေခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏သားနှင့် အကျိုးတူပူးပေါင်းကာ စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ ထပ်မံရရှိခဲ့ပြီးနောက် ပိုမိုချမ်းသာလာခဲ့သည်။[၃] ဦးသိန်းစိန်အစိုးရလက်ထက် အောင်မြင်မှုများနဝတခေတ်တွင် ခရိုနီအသေးစားဖြစ်လာသော ဧရာဟင်္သာကုမ္ပဏီအုပ်စု အကြီးအကဲ ဦးဇော်ဝင်းရှိန်သည် သမ္မတ ဦးသိန်းစိန်ခေတ်တွင်လည်း ဆက်လက်အဆင်ပြေခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် "စူပါဝန်ကြီး" ဟုခေါ်ကြသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ နောက်လိုက်လုပ်ခဲ့ပြီး ဦးစိုးသိန်း သွားသည့် ခရီးစဉ်တော်တော်များများတွင် ဦးဇော်ဝင်းရှိန် လိုက်ပါလေ့ရှိသည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်ခေတ်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပူးပေါင်းကာ အစိုးရပိုင်လေလံများကို ရယူနိုင်ခဲ့သည်။ အစိုးရပိုင်မြေကွက်များကိုလည်း တန်ဖိုးနည်းစွာဖြင့် ရရှိခဲ့သည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ရန်ကုန်မြို့ရှိ စစ်သမိုင်းပြတိုက် မြေနေရာအား လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် A Bank အမည်ဖြင့် ဘဏ်လုပ်ငန်းတစ်ခု လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ဦးဇော်ဝင်းရှိန်တို့သည် ရင်းနှီးသောသူများဖြစ်သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ လယ်မြေများကို စက်မှုဇုန်မြေအဖြစ် ပြောင်းလဲကာ ပုသိမ်စက်မှုမြို့တော်ကို တည်ဆောက်နိုင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ သားကိုလည်း ဧရာဟင်္သာကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။[၃] NLD အစိုးရလက်ထက်တွင် ဆက်လက်ထွန်းကားခြင်းစစ်ဗိုလ်ချုပ်များနှင့် အဆင်ပြေခဲ့သော ဦးဇော်ဝင်းရှိန်သည် NLD အစိုးရလက်ထက်တွင်လည်း ဆက်လက်အဆင်ပြေအောင် နေထိုင်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်နှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။ ထို့အပြင် NLD အစိုးရလက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးကျော်ဝင်းမှာ ဦးဇော်ဝင်းရှိန်၏ ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည့် လူရင်းတစ်ဦးဖြစ်သည်။ ဦးဇော်ဝင်းရှိန် ရွေးချယ်ပေးသည့်သူများသာ ဝန်ကြီး ဦးကျော်ဝင်း၏ ပြည်ပခရီးစဉ်များတွင် လိုက်ပါခွင့်ရရှိသည်အထိ ဩဇာညောင်းခဲ့သည်။ ဝန်ကြီး ဦးကျော်ဝင်း ကျင်းပသည့် နေပြည်တော် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဦးဇော်ဝင်းရှိန်က တစ်ဖက်လှည့်ဖြင့် စပွန်ဆာပေးခဲ့ရာ အဆိုပါကိစ္စ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဝန်ကြီး ဦးကျော်ဝင်း ရာထူးမှ အနားပေးခံခဲ့ရသည်။ NLD အစိုးရလက်ထက်တွင် ဦးဇော်ဝင်းရှိန်သည် လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့သည်။ ဥပမာအားဖြင့် A Bank တစ်ခုတည်းသာ ကော်မာရှယ်ဘဏ်လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ်စီမံကိန်း အပိုင်း (၃) ကိုလည်း လုပ်ပိုင်ခွင့်ရရှိခဲ့သည်။[၃] စစ်ကောင်စီခေတ်တွင် လွှမ်းမိုးမှုနေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမအတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြုလုပ်သော မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တွေ့ဆုံပွဲသို့ ဇော်ဝင်းရှိန် တက်ရောက်ခဲ့သည်။ထိုသို့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း သူသည် အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရသည်။ [၂၀][၂၁] NLD အစိုးရလက်ထက်တွင် အထူးအခွင့်အရေးများ ရခဲ့သော ဦးဇော်ဝင်းရှိန်သည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေတ်တွင်လည်း ဆက်လက်အဆင်ပြေခဲ့သည်။ ဦးဇော်ဝင်းရှိန်သည် စစ်ကောင်စီခေတ်ဦးတွင် လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဆင်ပြေခဲ့သည်။ ထို့အပြင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်လည်း ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ လက်ရှိ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့်လည်း ဆက်ဆံရေးကောင်းသည့်အတွက် စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများကို ဆက်လက်လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ စစ်ကောင်စီခေတ်တွင် စီးပွားရေးလုပ်ငန်းရှင်များအားလုံး အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးပမ်းခဲ့ကြသည့် အော်ရီဒူးတယ်လီကွန်းကုမ္ပဏီကို ဦးဇော်ဝင်းရှိန်တစ်ဦးတည်းသာ ဝယ်ယူခွင့်ရရှိခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံး ဘဏ်နှင့် ဆက်သွယ်ရေးကုမ္ပဏီပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ဦးဇော်ဝင်းရှိန်သည် ခေတ်အဆက်ဆက် ပိုမိုချမ်းသာကြွယ်ဝလာခဲ့ပြီး လက်ရှိ စစ်ကောင်စီခေတ်တွင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အပြိုင် စစ်ကောင်စီကို လှူဒါန်းထောက်ပံ့နိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။[၃] မိသားစုဘဝဇော်ဝင်းရှိန်သည် ဇနီးဖြစ်သူ ဒေါ်ရွှေယင်းမာနှင့် လက်ထပ်ခဲ့ပြီး သမီး ၃ဦးထွန်းကားခဲ့သည်။ ဂုဏ်ပြုခံရခြင်း၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂၁၅/ ၂၀၂၂) ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသည်။ [၂၂] ကိုးကား
|
Portal di Ensiklopedia Dunia