မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အင်္ဂလိပ်: Myanmar Press Council; MPC) သည် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများကို ထိန်းကျောင်းကြီးကြပ်သော အဖွဲ့အစည်းတစ်ခုဖြစ်၍ မီဒီယာဆိုင်ရာအမှုအခင်းများကို စုံစမ်းစစ်ဆေး ဖြေရှင်းပေးရသော အဖွဲ့တစ်ခုလည်းဖြစ်သည်။ အဖွဲ့သည် သတင်းမီဒီယာကျင့်ဝတ်များကို ရေးဆွဲရန်၊ မြန်မာ့မီဒီယာအဝန်းအဝိုင်းအတွင်း မီဒီယာနှင့်သက်ဆိုင်သောသူ (သတင်းထောက်စသည်) များ၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့ကိုကာကွယ်ရန် စသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြသည်။[၁] မူလက ကောင်စီကို ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ပေးခန့်အပ်သောသူ (၂၀) ဦးဖြင့်စတင်ဖွဲ့စည်းခဲ့၍ ဥက္ကဋ္ဌမှာ တရားရုံးချုပ်တရားသူကြီး ဦးခင်မောင်လေးဖြစ်ကာ ရည်ရွယ်ချက်သည် ဆင်ဆာဖြတ်တောက်ခြင်းများ ရပ်ဆိုင်းပြီးနောက် သတင်းမီဒီယာကိစ္စရပ်များကို ကောင်းစွာလည်ပတ်လှုပ်ရှားနိုင်စေရန်ဖြစ်၏ ။[၁][၂] ထို့နောက် လွတ်လပ်သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ၂၀၁၈ အောက်တိုဘာ ၃၀ တွင် (၂၉) ဦးဖြင့် အသစ်တဖန်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဟံသာဝတီဦးအုန်းကြိုင်မှ ဆောင်ရွက်ခဲ့သည်။[၃] ၂၀၂၁ တပ်မတော်က အာဏာသိမ်းယူခြင်းပြီးနောက် သတင်းမီဒီယာများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အာဏာသိမ်းအစိုးရဟု သုံးနှုန်းခြင်းမပြုရန် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာကောင်စီနှင့် သတင်းစာတိုက်အချို့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့လေသည်။ ထိုသို့ဖိအားပေးခြင်းခံရပြီးနောက် သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၆ ဦးအနက် ၂၄ ဦးအထိ နုတ်ထွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ၌ ကောင်စီဝင်နှစ်ဦးသာ ကျန်ရှိခဲ့သည်။[၄] ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် တွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖြင့် ကောင်စီအသစ်အား ရွေးချယ်ကြသည်။ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ထိုအဖွဲ့ သက်တမ်းပြည့်မြောက်ခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက် တွင် နောက်ထပ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အသစ် ကို ထပ်မံရွေးချယ် ဖွဲ့စည်းသည်။ ဒေါက်တာ တင်ထွန်းဦး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia