၁၉၆၇ စစ်တွေ ဆန်ပြဿနာ
၁၉၆၇ စစ်တွေ ဆန်ပြဿနာ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ် ၁၉၆၇ ခုနှစ် မိုးရာသီတွင် ရခိုင်ပြည်နယ်၌ စားနပ်ရိက္ခာ ရှားပါးပြီး အငတ်ဘေးကြုံရသဖြင့် ဩဂုတ် ၁၃ ရက်နေ့တွင် စစ်တွေမြို့လမ်းမပေါ်သို့ ထွက်ကာ ဆန်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ပြည်သူများကို စစ်တပ်က သေနတ်ဖြင့် ပစ်သဖြင့် လူပေါင်း ၂ဝဝ ကျော်သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။[၄][၅][၆] အဆိုပါ ဩဂုတ် ၁၃ ရက်နေ့ကို စစ်တွေ ဆန်ပြဿနာနေ့ အဖြစ် သတ်မှတ်ကာ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင် ကျင်းပကြသည်။[၄][၇] ဖြစ်စဉ်၁၉၆၇ ခုနှစ်တွင် ရခိုင်ပြည်၌ ရာသီဥတုမကောင်းမွန်၍ စိုက်ပျိုးပင်များမဖြစ်ထွန်းသည့်အတွက် ဆန်စပါးမှာလည်း အထွက်နည်းသွားခဲ့သည်။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် ရခိုင်ဒေသစပါးအထွက်နူန်း ကျဆင်းမည်ကိုသိရှိလျက် နိုင်ငံခြားသို့ စပါးတင်းရေပြည့်မီအောင် ရောင်းချနိုင်ရေးကိုသာ ဦးစားပေးခဲ့သဖြင့် ဒေသတွင်း ဝမ်းစာမဖူလုံဖြစ်ခဲ့ရသည်။[၈] ထိုကြောင့် ရခိုင်ပြည်ရှိ အခြေခံလူထုမှာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ကြုံတွေ့ခဲ့ရသည်။ စစ်တွေမြို့ရှိ ဆန်ဂိုထောင်များတွင် ဆန်အပြည့်ရှိသော်လည်း အစိုးရမှ ဆန်ရောင်းချမပေးခြင်း၊ လူတစ်ယောက်လျှင် နို့ဆီဗူးဖြင့် ၁၄ ဗူးသာ ရောင်းချပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံခြားသို့တင်ပို့ရန် ဆန်ဂိုဒေါင်များ၌ လှောင်ထားသောဆန်များကို ရောင်းချပေးရန် ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်ပြည်သူလူထုသည် "ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစားရခိုင်သား" ဟု ဟစ်ကြွေးကာ[၃] ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထိုသို့ ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့သည်ကို အစိုးရမှ လိုက်လျောခြင်း မရှိသည့်အပြင် ခလရ ၂၀ တပ်ရင်းမှူးက ပစ်မိန့်ပေးနှိမ်နှင်းခဲ့သဖြင့် ဒေသခံရခိုင်ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရသည်။[၈]
ကိုးကား
|
Portal di Ensiklopedia Dunia