ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေသည့် အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ် (California Institute of Technology) ကို ၁၈၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကဲလ်တက်ချ် (Caltech)[၅] ဟု အတိုကောက်ခေါ်သော ဤနည်းပညာတက္ကသိုလ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ပါဆာဒီနာမြို့ (Pasadena)တွင် တည်ရှိသော ဘွဲ့လွန်တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမိုင်းကြောင်းကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (Caltech) ဖြစ်လာမည့်ကျောင်းကို ၁၈၉၁ ခုနှစ်တွင် စီးပွားရေးသမားနှင့် နိုင်ငံရေးသမားဖြစ်သူ အေမွန်စ် ဂျီ ထရု (ပ်) (Amos G. Throop) က သက်မွေးပညာကျောင်းအဖြစ် စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က ကျောင်းနာမည်ကို ထရု (ပ်) တက္ကသိုလ် သို့မဟုတ် ထရု (ပ်) ပေါ်လီတက္ကနစ် အင်စတီကျု ဟု ခေါ်ဝေါ်ခဲ့သည်။ သိပ္ပံသုတေသနအစပျိုးကာလ၁၉၀၇ ခုနှစ်တွင် ကျောင်းကို ဖျက်သိမ်းပြီး ပေါ်လီတက္ကနစ်ကျောင်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုကာလသည် အမေရိကန်ပြည်ထောင်စု၌ သိပ္ပံနည်းကျ သုတေသနများ စတင်အစပျိုးသည့်အချိန်ဖြစ်ပြီး ချီကာဂိုတက္ကသိုလ်မှ အာကာသနက္ခတ်ဗေဒပညာရှင် ဂျော့ အယ်လာရီ ဟေလ်း (George Ellery Hale) က ၁၉၀၇ ခုနှစ်တွင် ထရု (ပ်) ၏ ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။ ဟေလ်းသည် ပညာရှင် ဂျိမ်းစ် အေ. ဘီ. ရှာရာ ကို ခေါ်ယူခန့်အပ်ပြီး ရန်ပုံငွေရှာဖွေစေခဲ့သည်။ ရှာရာသည် စီးပွားရေးသမားတစ်ဦးဖြစ်သော ချားလ်စ် ဂိတ်စ် ထံမှ ဂိတ်စ်ဓာတ်ခွဲခန်း တည်ထောင်ရန်အတွက် ဒေါ်လာ ၂၅,၀၀၀ ရရှိခဲ့သည်။ ကျောင်းတည်နေရာ ပြောင်းရွှေ့ခြင်းနှင့် အမည်ပြောင်းလဲခြင်း၁၉၁၀ ပြည့်နှစ်တွင် ထရု (ပ်) ကျောင်းသည် လက်ရှိတည်နေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၁၁ ခုနှစ် ထရု (ပ်) အင်စတီကျုဖွင့်ပွဲတွင် သီအိုဒို ရုစဗဲ့စ် က မိန့်ခွန်းပြောကြားခဲ့သည်။ ထိုနှစ်မှာပင် ကျောင်းအမည်ကိုလည်း ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ် ဟု အမည်ပေးခဲ့သည်။ ပထမကမ္ဘာစစ်ကာလ ပံ့ပိုးမှုနှင့် သိပ္ပံသုတေသန တိုးချဲ့ခြင်းပထမကမ္ဘာစစ်အတွင်းတွင် ဟေလ်းသည် အမျိုးသားသုတေသနကောင်စီ ကို စုစည်းတည်ထောင်ခဲ့ပြီး စစ်ရေးဆိုင်ရာ သိပ္ပံအခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့သည်။ ထိုသို့ ကူညီရန်အတွက် အစိုးရထံမှ ရန်ပုံငွေ ဒေါ်လာ ၁ သန်း ရရှိခဲ့သည်။ ဤသို့ဖြင့် ဟေလ်းသည် သိပ္ပံသုတေသနနှင့် နိုင်ငံတော်ဆိုင်ရာလုပ်ငန်းများတွင် ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ရရှိသော ရန်ပုံငွေများမှ ရူပဗေဒသုတေသနများ ဆောင်ရွက်ပြီး နော်မန် ဘရစ်ဂျ် ဓာတ်ခွဲခန်း ကိုလည်း ထူထောင်နိုင်ခဲ့သည်။ ပထမကမ္ဘာစစ်ကာလအတွင်းတွင် ဟေလ်း၊ နွိုင်းစ် နှင့် မီလီကန်တို့သည် အမျိုးသားသုတေသနဓာတ်ခွဲခန်း၌ အလုပ်လုပ်ကိုင်ရင်း Caltech ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။ ထင်ရှားကျော်ကြားလာခြင်းနှင့် ဌာနအသစ်များ တည်ထောင်ခြင်းကယ်လီဖိုးနီးယားတောင်ပိုင်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် Caltech သည် နာမည်ကျော်ကြားလာခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် Caltech ကျောင်းဆင်းဖြစ်သော မီလီကန် သည် ရူပဗေဒဖြင့် နိုဘယ်ဆုရရှိခဲ့ပြီး ပိုမိုကျော်ကြားလာခဲ့ကာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ စသည့် အခြေခံသိပ္ပံဘာသာရပ်များကိုလည်း သေချာစွာ သင်ကြားပေးခဲ့သည်။ တစ်ပြိုင်တည်းမှာပင် အင်္ဂလိပ်စာ၊ သမိုင်း၊ စီးပွားရေး စသည်တို့ကိုလည်း သင်ကြားပေးခဲ့ပြီး တက္ကသိုလ်အဆင့်နှင့် လျော်ညီသော ဌာနအသစ်များကိုလည်း ထူထောင်နိုင်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ဝီလျံ ဘင်းနက် မွန်ရို ကို ငှားရမ်းပြီး ပထဝီဌာန ကို ထူထောင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် နာမည်ကျော် ဇီဝဗေဒပညာရှင် သောမတ် ဟန့် မော်ဂန် ၏ ဦးဆောင်မှုဖြင့် ဇီဝဗေဒဌာန ကို ထူထောင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် အာကာသသိပ္ပံ၊ ဒုံးပျံသိပ္ပံ နှင့် ၁၉၃၀ ခုနှစ်တွင် ခရက်ဟော့ဖ် ရေကြောင်းဓာတ်ခွဲခန်း စသည်တို့ကို ထူထောင်ခဲ့သည်။ မီလီကန်၏ ကျော်ကြားမှုကြောင့် Caltech ကို မီလီကန်ကျောင်း ဟုပင် ခေါ်ဆိုခဲ့ကြသည်။ မီလီကန်သည် Caltech တွင် ဧည့်ပညာရှင် အစီအစဉ် ကို စတင်ခဲ့ပြီး ထိုအစီအစဉ်ဖြင့် နာမည်ကျော် သိပ္ပံပညာရှင်များဖြစ်သော ပေါလ် ဒိုင်ရပ်၊ အာဝင် ရှရိုဒင်ဂါ၊ ဝါနာ ဟိုင်စင်ဘာ့ဂ်၊ ဟန်းဒရစ် လောရင့်ဇ်၊ နီး ဘိုး စသည်တို့ Caltech သို့ လာရောက်ခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် သိပ္ပံပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း သည် Caltech သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး နှိုင်းရသီအိုရီနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၃၂ မှ ၁၉၃၃ ခုနှစ်အထိ ဧည့်ပါမောက္ခအဖြစ် အိုင်းစတိုင်းသည် Caltech သို့ နောက်တစ်ကြိမ် ပြန်လည်လာရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလနှင့် စစ်ပြီးခေတ် တိုးချဲ့မှုများဒုတိယကမ္ဘာစစ်ကာလအတွင်းတွင် ရေကြောင်းကောလိပ် သင်တန်းကျောင်း အစီအစဉ် လက်ခံသင်ကြားပေးသော ကောလိပ်နှင့် တက္ကသိုလ် ၁၃၁ ခုအနက် Caltech လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ အမေရိကန်ရေတပ်ကလည်း Caltech တွင် အမျိုးသားကာကွယ်ရေးသုတေသနကော်မတီ အရာရှိရုံးကို ဖွင့်လှစ်ထားရှိခဲ့သည်။ Caltech ၏ ဥက္ကဋ္ဌ လီ အေ ဒူဘရစ်ဂျ် (Lee A. DuBridge) (၁၉၄၆-၁၉၆၈) လက်ထက်အတွင်းတွင် တက္ကသိုလ်ပရဝုဏ်သည်လည်း နှစ်ဆကျယ်ဝန်းလာခဲ့သည်။ ဖက်ဒရယ်ရန်ပုံငွေကိုလည်း လက်ခံခဲ့ပြီး ဓာတုဇီဝဗေဒ၊ ဂြိုဟ်ကမ္ဘာသိပ္ပံ၊ နျူကလီးယားရူပဗေဒ၊ ဘူမိဓာတုဗေဒ စသည့် ဘာသာရပ်များကို တိုးချဲ့စေခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် တက္ကသိုလ်အနီးရှိ ပလိုမာတောင်ပေါ်တွင် လက်မ ၂၀၀ ရှိသော တယ်လီစကုပ်ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အားအကောင်းဆုံး တယ်လီစကုပ်အဖြစ် နှစ် ၄၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့သည်။ ကျောင်းသူများ စတင်လက်ခံခြင်းCaltech ဥက္ကဋ္ဌ ဟာရိုး ဘရောင်း လက်ထက် ၁၉၇၀ ပြည့်နှစ်မှစတင်၍ Caltech သည် မိန်းကလေးကျောင်းသူများကို ဘွဲ့ကြိုတန်းတွင် စတင်လက်ခံခဲ့သည်။ ကျောင်းဝင်ခွင့်ရသူများ၏ ၁၄ ရာခိုင်နှုန်းမှာ မိန်းကလေးများ ဖြစ်လာခဲ့သည်။ ခေတ်သစ် ကဲလ်တက်ချ်၂၀၀၀ ပြည့်နှစ်မှစတင်၍ ခေတ်သစ် Caltech တွင် အိုင်းစတိုင်း စာတမ်းများ စီမံကိန်း ကို စတင်ခဲ့ပြီး အိုင်းစတိုင်းနှင့် အခြားပညာရှင်များ၏ စာတမ်းများကို ပြန်လည်စုစည်းခြင်း၊ ထိန်းသိမ်းခြင်း၊ ဘာသာပြန်ခြင်း၊ ထုတ်ဝေခြင်းများ လုပ်ဆောင်သည့် စီမံကိန်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် Caltech ဘွဲ့ကြိုတန်း လူငယ်သစ်လွင်များအနက် ၄၂ ရာခိုင်နှုန်းမှာ မိန်းကလေးများ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် Caltech သည် လောရင့် ဘာကလေ အမျိုးသားဓာတ်ခွဲခန်း နှင့် ပါတနာပူးပေါင်းဆောင်ရွက်ခဲ့ပြီး သုတေသနများစွာ ပြုလုပ်လျက်ရှိသည်။ ကျောင်းပရိဝုဏ်ကဲလ်တက်ချ်ရဲ့ ကျောင်းပရိဝုဏ်ဟာ ၁၂၄ ဧက ကျယ်ဝန်းပါတယ်။ ၁၉၁၇ မှာ ဟေးလ်က ဗိသုကာ ဘာထရန် ဂွတ်ဟု ကို ငှားရမ်းပြီး ၂၂ ဧကပေါ်မှာ တည်ဆောက်မယ့် မာစတာ ပလန်ကို ရေးဆွဲစေပါတယ်။ ဂွတ်ဟုက ရူပဗေဒဆောင်၊ ဒက်ဘနီ ခန်းမတို့ အပါအဝင် အဆောက်အဦးများစွာရဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲရာမှာ ဒေသတွင်း ရာသီဥတု၊ ကျောင်းဆောင်များရဲ့ သဘောလက္ခဏာနဲ့ ဟေးလ်ရဲ့ ပညာရေး ဒဿနများကို ထင်ဟပ်စေခဲ့ပါတယ်။ ဂွတ်ဟုရဲ့ ဒီဇိုင်းလက်ရာဟာ တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ စပိန် မစ်ရှင် အစဉ်အလာ ဗိသုကာအဖြစ် လွှမ်းမိုးခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဆန်ဖရန်စစ္စကို ငလျင်ဟာ ကဲလ်တက်ချ်ကိုလည်း ထိခိုက်ခဲ့ပါတယ်။ ခေတ်ဟောင်း အဆောက်အဦး ၂ ခုဖြစ်တဲ့ ထရု (ပ်) ခန်းမနဲ့ ဂွတ်ဟု ဒီဇိုင်းထုတ်ခဲ့တဲ့ ကယ်လ်ဘာစတန် အခမ်းအနားအဆောက်အဦးတို့ အက်ကွဲပြိုကျမှုများ ရှိခဲ့ကြောင်း အင်ဂျင်နီယာများက တွေ့ရှိခဲ့ပါတယ်။ ပညာရေးလက်ရှိ ကဲလ်တက်ချ်မှာ အဓိက ပညာရေးဌာနကြီး ၆ ခုရှိပါတယ်။ ဇီဝဗေဒနှင့် ဇီဝဗေဒဆိုင်ရာ အင်ဂျင်နီယာ ဌာန၊ ဓာတုဗေဒနှင့် ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာနှင့် အသုံးချ သိပ္ပံ၊ ဘူမိဗေဒနှင့် ဂြိုဟ်ကမ္ဘာ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုသိပ္ပံ၊ ဓာတုဗေဒ၊ သင်္ချာနှင့် နက္ခတ်ဗေဒဌာနတို့ ဖြစ်ပါတယ်။ ပါမောက္ခ၊ နည်းပြ၊ တွဲဖက် သုတေသီ၊ စာကြည့်တိုက်မှူး စတာတွေကို မဲစနစ်နဲ့ ရွေးချယ်ပါတယ်။ ကဲလ်တက်ချ် ပညာရေးဝန်ထမ်းများဟာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ ပညာရေး စံသတ်မှတ်ခြင်း၊ ဝင်ခွင့်စိစစ်ခြင်း စတာတွေ တာဝန်ယူရပါတယ်။ အချိန်ပြည့် ခန့်အပ်ထားတဲ့ ပါမောက္ခများဟာ သင်ကြားပို့ချခြင်း၊ သုတေသနပြုခြင်း၊ ကျောင်းသားများကို အကြံပေးခြင်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ယူခြင်းများ လုပ်ဆောင်ကြရပါတယ်။ ကဲလ်တက်ချ်မှာ ၄ နှစ် ဘွဲ့ကြိုတန်း အနည်းငယ်သာ ရှိပါတယ်။ အများစုကတော့ သုတေသန အထူးပြု ဘွဲ့လွန် ဘာသာရပ်တွေကိုသာ သင်ကြားနေပါတယ်။ ကဲလ်တက်ချ်ဟာ တိုင်းမ် အဆင့်မြင့် ပညာရေး သတ်မှတ်ချက်အရ ၂၀၁၁ ခုနှစ် ကတည်းက ကမ္ဘာ့ အဆင့် ၁ ဖြစ်ပါတယ်။ ကဲလ်တက်ချ်ဟာ အင်ဂျင်နီယာနှင့် နည်းပညာ၊ ရူပဗေဒ ဘာသာရပ် နှစ်မျိုးမှာ အထူးသဖြင့် ကမ္ဘာ့ ထိပ်တန်း စာရင်းဝင် တက္ကသိုလ်တစ်ခုပါ။ ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်အရ သိပ္ပံ သုတေသနမှာ ကဲလ်တက်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အဆင့် ၇ ဖြစ်ပါတယ်။ ဘွဲ့လွန်တန်းတွေကတော့ ပါရဂူ ကျောင်းသားတွေ များပါတယ်။ ဓာတုဗေဒ၊ ရုပဗေဒ၊ ဇီဝဗေဒ၊ နည်းပညာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ၊ သင်္ချာ စတဲ့ နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ ကဲလ်တက်ချ်ဟာ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ကက်ခ် ဆေးပညာကျောင်း၊ ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ဒေးဗစ် ဂက်ဖန် ဆေးပညာကျောင်း ၂ ခုနဲ့ ချိတ်ဆက်ပြီး ဆေးပညာ ပါရဂူဘွဲ့လည်း ပေးအပ်ပါတယ်။ ထင်ရှားကျော်ကြားသူများ၂၀၁၅ ခုနှစ်အထိ စာရင်းအရတော့ ကဲလ်တက်ချ်ကျောင်းဆင်း နိုဘယ်ဆု ရရှိသူ ၃၄ ဦး ရှိပါတယ်။ ကဲလ်တက်ချ် ကျောင်းထွက် ၂၀ ဦး၊ လာရောက် သင်ကြားသူ ပါမောက္ခ ၁၄ ဦး၊ ပါမောက္ခ ၄ ဦးတို့ ဖြစ်ပါတယ်။ တကယ်တမ်း နိုဘယ်ဆုရတာ ၃၅ ခု ဖြစ်ပေမယ့် လီနပ်စ် ပေါ်လင် တဦးတည်းက ဓာတုဗေဒရော ငြိမ်းချမ်းရေးဆုပါ ရရှိတာကြောင့် ၃၄ ဦးလို့ ရေတွက်ရတာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား သိပ္ပံ ဆုရသူက ၅၈ ဦးရှိပြီး၊ အမျိုးသား နည်းပညာ ဆုရ ၁၃ ဦး ရှိပါတယ်။ အမေရိကန်နဲ့ ကမ္ဘာတလွှားမှာ ကဲလ်တက်ချ် ကျောင်းထွက် သက်ရှိထင်ရှားရှိသူ ၂ သောင်း ၂ ထောင် ၉ ရာကျော် ရှိပါတယ်။ သိပ္ပံနည်းပညာ နယ်ပယ်အရပ်ရပ်မှာ ထူးချွန်ထင်ရှားသူတွေ များစွာပဲ ရှိပါတယ်။ ဤတက္ကသိုလ်သည် ဌာနပေါင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းထားပြီး သိပ္ပံပညာ၊ အင်ဂျင်နီယာ ဘာသာရပ် စူးစမ်းရှာဖွေခြင်း နှင့် ပညာရေး ဘာသာများကို အဓိကထား သင်ကြားပေးသည်။ ကျောင်းသား ၂၃၀၀ ခန့် တက်ရောက်လျက် ရှိပြီး ၃၁ဦး သော နိုဘယ်ဆုရှင်များကို မွေးထုတ်ခဲ့သည်။ ထို့အပြင် ကယ်တက်မှ နာဆာ နှင့် အခြား ဆက်သွယ်ရေးကွန်ယက်များ၊ အာကာသ ဆိုင်ရာ စမ်းသက် လေ့လာမှုများ လုပ်ဆောင်သည်။[၆] အကိုးအကား
|
Portal di Ensiklopedia Dunia