ဇော်ဦး (ဒေါက်တာ)
ဒေါက်တာဇော်ဦးသည် မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ကဏ္ဍများတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ ပညာရေးဘဝဒေါက်တာဇော်ဦးသည် ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရန်ကုန် ဆေးတက္ကသိုလ် (၁) တွင် ပညာသင်ကြားခဲ့သည်။ အထက်တန်းကျောင်းသားဘဝနှင့် တက္ကသိုလ်ကျောင်းသားဘဝ နှစ်ခုစလုံးတွင် မြန်မာနိုင်ငံရှိ ထူးချွန်ကျောင်းသားများအား ချီးမြှင့်သော လူရည်ချွန်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည်။ ၎င်းသည် တက္ကသိုလ်ပညာရေးအတွက် နိုင်ငံတော်ပညာသင်ဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် မက်ဂွိုင်းယား ဖဲလိုးရှစ်ဆု ရရှိခဲ့ပြီးနောက် ကိုလံဘီယာတက္ကသိုလ်၊ နိုင်ငံတကာရေးရာနှင့် လူမှုရေးရာကျောင်း (School of International and Public Affairs) တွင် နှစ်နှစ်ပညာသင်ကြားကာ နိုင်ငံတကာလေ့လာရေးဆိုင်ရာ မဟာဘွဲ့ ကို ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ဖွံ့ဖြိုးမှုငွေကြေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေးမဟာဝိဇ္ဇာဘွဲ့ ကိုလည်း ထပ်မံရရှိခဲ့သည်။ အမေရိကန်တက္ကသိုလ်၊ နိုင်ငံတကာဝန်ဆောင်မှုကျောင်း (American University School of International Service) မှ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးစီးပွားရေးပညာရပ်များကို အထူးပြု၍ ပါရဂူဘွဲ့ ကို ရရှိထားသည်။[၁] နိုင်ငံရေးလှုပ်ရှားမှု၁၉၈၈ ခုနှစ်တွင် စစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည်။ စစ်အစိုးရ၏ ပြင်းထန်သော ဖိနှိပ်မှုကာလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဒုက္ခသည်များ၏ လူမှုရေးထောက်ပံ့ရေးလုပ်ငန်းများကို သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုစဉ်က ဒေါက်တာစိန်ဝင်း ဦးဆောင်သည် နဝတ/နအဖ အစိုးရ၏ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) ၏လက်အောက်ခံ Burma Fund ခေါ် မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် ဒါရိုက်တာလည်းဖြစ်ခဲ့သည်။[၂] အလုပ်အကိုင်၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ထိုမှတစ်ဆင့် ၂၀၁၁ ခုနှစ်တွင် မြန်မာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းအောက်ရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Myanmar Development Resource Institute - Centre for Economic and Social Development) ကို ဒေါက်တာဦးမြင့် ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပြီး အမှုဆောင်ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ချင်းမိုင်တက္ကသိုလ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းသို့ ပြန်လည်ရောက်ရှိစေခဲ့သည့် ဘက်စုံစီးပွားရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။[၂] ၂၀၁၃ ခုနှစ်တွင် ပဲရစ်၌ ကျင်းပသော ကြွေးရှင်များကလပ် (Paris Club) တွင် ကြွေးမြီသက်သာခွင့်ဆိုင်ရာ ညှိနှိုင်းမှုများအတွက် အဓိကညှိနှိုင်းသူ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့်အတူ သမိုင်းဝင်ညှိနှိုင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်း၏အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေးဘဏ်များနှင့် ပြန်လည်ဆက်ဆံခွင့်ရရှိကာ နိုင်ငံတကာဆက်ဆံရေးကို ပြန်လည်စတင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ထုတ်ယူသုံးစွဲသော စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကဏ္ဍ (Extractive Industry Transparency Initiative) တွင် အောင်မြင်စွာ ပေါင်းစပ်ပါဝင်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဒေါက်တာဇော်ဦးသည် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့်အတူ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးမူဘောင် (Framework for Economic and Social Development) ကို ပူးတွဲရေးဆွဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ပထမဆုံး အနည်းဆုံးလုပ်ခလစာ သတ်မှတ်ခြင်းကိုလည်း ဒီဇိုင်းရေးဆွဲခဲ့သည်။ ၎င်း၏ ထူးချွန်သော လုပ်ငန်းသက်တမ်းတစ်လျှောက်တွင် အမှုဆောင်နှင့် ဥပဒေပြု ကော်မရှင်နှင့် ကော်မတီများစွာတွင် လွတ်လပ်သော ကျွမ်းကျင်သူအဖြစ် ပါဝင်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာဇော်ဦးသည် လက်ရှိတွင် ရာထူးများစွာကို တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့အနက် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ (၂၀၁၂ ခုနှစ်မှစ၍) နှင့် မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) ၏ အမှုဆောင်မဟုတ်သော၊ လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင် (၂၀၁၆ ခုနှစ်မှစ၍) တို့ ပါဝင်သည်။ ၂၀၂၁ နောက်ပိုင်း လှုပ်ရှားမှု၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး စီးပွားရေးအကြံပေးအဖြစ် လုပ်နေခဲ့ရာက ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင် စစ်ကောင်စီအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းသော မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)တွင်လည်း ဒါရိုက်တာတဦးအဖြစ်ပါဝင်သည်။ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ ခေါင်းကိုင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ပင်ဖြစ်သည်။[၂] ၂၀၂၅ ခုနှစ်၊ မေ ၄ ရက်တွင် နစက အမိန်အမှတ် ၃၅/၂၀၂၅ အရ ဒေါက်တာဇော်ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။[၃] ဒေါက်တာဇော်ဦးသည် တစ်ပြိုင်နက်တည်းမှာပင် Bower Group Asia (BGA) ၏ အကြီးတန်းအကြံပေးတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia