ပေါင်းပင်ပုံဥပမာ (အင်္ဂလိပ်: The Parable of the Weeds or Tares) သည် ယေရှုခရစ် မိန့်ကြားခဲ့သော ထင်ရှားသည့် ပုံဥပမာများထဲမှ တစ်ခုဖြစ်သည်။ ဤပုံဥပမာသည် မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၃၊ အငယ် ၂၄ မှ ၄၃ တွင် ပါရှိသည်။ ဤပုံဥပမာကို ကောင်းကင်နိုင်ငံတော် ၏ သဘောသဘာဝနှင့် လောကအဆုံး၌ ဖြစ်ပေါ်လာမည့် နောက်ဆုံးတရားစီရင်ခြင်း အကြောင်းကို ရှင်းလင်းစွာ သွန်သင်ရန် အသုံးပြုခဲ့သည်။
ပုံဥပမာ၏ အကြောင်းအရာ
ပုံဥပမာသည် လယ်မြေ၌ ကောင်းသောမျိုးစေ့ကို ကြဲသောသူ (အိမ်ရှင်) အကြောင်းဖြင့် စတင်သည်။ လူများ အိပ်ပျော်နေစဉ်၊ ရန်သူ (မာရ်နတ်) က ထိုလယ်၌ပင် ပေါင်းပင် (အင်္ဂလိပ်ဘာသာကျမ်းများတွင် tares, darnel, cockle ဟု အမျိုးမျိုး ဘာသာပြန်ကြသည်) မျိုးစေ့များကို ကြဲ၍ သွားလေသည်။ ပေါင်းပင်များသည် စပါးပင်များနှင့် ရုပ်ချင်းဆင်တူသဖြင့် အစပိုင်းတွင် ခွဲခြားရန် ခက်ခဲသည်။
စပါးပင်များ အသီးအနှံ ထွက်လာသောအခါ ပေါင်းပင်များလည်း ထင်ရှားလာသည်။ ထိုအခါ ကျွန်တို့က အိမ်ရှင်အား ပေါင်းပင်များကို ရွေးနှုတ်ပစ်ရန် ခွင့်တောင်းကြသည်။ သို့သော် အိမ်ရှင်က "ပေါင်းပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုပါ ရောနှော၍ နှုတ်မိမည်ကို စိုးရိမ်သောကြောင့် စပါးရိတ်သည့်အချိန် (ရိတ်သိမ်းချိန်) ရောက်သည်အထိ အပင်နှစ်မျိုးလုံး အတူတကွ ကြီးပွားပါစေ" ဟု မိန့်ကြားခဲ့သည်။ ရိတ်သိမ်းချိန်ရောက်မှ ပေါင်းပင်များကို ရှေ့ဦးစွာ ရွေးနှုတ်၍ မီးရှို့ရန်နှင့် စပါးကိုမူ ကျီ၌ စုသိမ်းသွင်းထားရန် ရိတ်သိမ်းသူများအား စီရင်မည်ဟု ပြောကြားခဲ့သည်။
ပုံဥပမာ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်
မဿဲခရစ်ဝင်ကျမ်း၏ နောက်ပိုင်းကျမ်းပိုဒ်များ (အခန်းကြီး ၁၃၊ အငယ် ၃၆-၄၃) တွင် ယေရှုကိုယ်တိုင် ပုံဥပမာ၏ အနက်အဓိပ္ပာယ်ကို ရှင်းပြထားသည်-
- ကောင်းသောမျိုးစေ့ကို ကြဲသောသူ: လူသား (ယေရှုခရစ်)
- လယ်: ဤလောက
- ကောင်းသောမျိုးစေ့ (စပါး): နိုင်ငံတော်သားများ (ဘုရားသခင်၏ သားသမီးများ)
- တောမျိုးစေ့ (ပေါင်းပင်): နတ်ဆိုး၏သားများ (မာရ်နတ်နှင့် သက်ဆိုင်သူများ)
- တောမျိုးစေ့ကို ကြဲသောရန်သူ: မာရ်နတ်
- စပါးရိတ်သောကာလ: ဤကမ္ဘာကုန်သောကာလ (လောကအဆုံး)
- စပါးရိတ်သောသူ: ကောင်းကင်တမန်များ
သွန်သင်ချက်
ဤပုံဥပမာသည် အောက်ပါအဓိကအချက်များကို သွန်သင်သည်-
- ကောင်းသူနှင့် ဆိုးသူများ အတူယှဉ်တွဲနေထိုင်ခြင်း: ဤလောကတွင် ဘုရားသခင်ကို ယုံကြည်သူများနှင့် မယုံကြည်သူများ၊ ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများသည် တရားစီရင်ရာနေ့ မရောက်မချင်း အတူတကွ နေထိုင်သွားကြမည်။
- ဘုရားသခင်၏ သည်းခံခြင်း: ဘုရားသခင်သည် ဆိုးယုတ်သူများကို ချက်ချင်းဖယ်ရှားပစ်ခြင်းမပြုဘဲ သည်းခံတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ချက်ချင်းဖယ်ရှားပါက အပြစ်ကင်းသူများပါ ထိခိုက်မိနိုင်သောကြောင့်ဖြစ်သည်။ ၎င်းသည် လူတို့ နောင်တရရန် အခွင့်အရေး ပေးထားခြင်းကိုလည်း ရည်ညွှန်းသည်။
- နောက်ဆုံးတရားစီရင်ခြင်း၏ မလွဲမသွေ ဖြစ်ပေါ်လာခြင်း: လောကအဆုံး၌ ဘုရားသခင်၏ တရားစီရင်ခြင်းသည် မလွဲမသွေ ဖြစ်ပေါ်လာမည်။ ကောင်းကင်တမန်များသည် ကောင်းသူနှင့်ဆိုးသူကို ခွဲခြားကြမည်။
- ဒဏ်စီရင်ခြင်း: မတရားသောသူများကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြမည် (ငရဲ)။
- ဆုလာဘ်: ဖြောင့်မတ်သောသူတို့သည် မိမိတို့အဘ၏ နိုင်ငံတော်၌ နေထွန်းလင်းသကဲ့သို့ ထွန်းလင်းကြမည်။
ခြုံငုံ၍ဆိုရသော် ပေါင်းပင်ပုံဥပမာသည် ဘုရားသခင်၏ သည်းခံခြင်း၊ နောက်ဆုံးတရားစီရင်ခြင်း၏ ပြတ်သားမှုနှင့် ထိုအချိန်မရောက်မီ လူတို့အား မိမိတို့၏ အသက်တာကို ပြင်ဆင်ရန် အရေးကြီးပုံကို သတိပေး နှိုးဆော်ခြင်းဖြစ်သည်။ ဤပုံဥပမာ၏ အတိုချုံးပုံစံကို ခရစ်ယာန်ကျမ်းစာဝင် မဟုတ်သည့် ဂေါစပယ်လ်အော့ဖ်သောမတ်စ် (Gospel of Thomas) တွင်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် မပါဝင်ဘဲ တွေ့ရှိနိုင်သည်။
ကျမ်းပိုဒ်
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၃၊ အငယ် ၂၄ မှ ၃၀, သမ္မာကျမ်းစာ
၂၄ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။
၂၅ လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့်လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ကြဲ၍ သွားလေ၏။
၂၆ အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊
၂၇ ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ် လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊
၂၈ အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊
၂၉ အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကိုရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။
၃၀ စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၁၃၊ အငယ် ၃၆ မှ ၄၃), သမ္မာကျမ်းစာ
၃၆ ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဟော်ပြတော်မူပါဟု လျှောက်ကြလျှင်၊
၃၇ ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။
၃၈ လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။
၃၉ တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။
၄၀ တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။
၄၁ လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊
၄၂ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။
၄၃ ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ။
|
---|
ခရစ်ဝင်ကျမ်းမှ ပုံဥပမာများ |
- ကုန်ကျစရိတ်ကိုတွက်ချက်ခြင်း
- ကောင်းသောရှမာရိလူ
- ကောင်းသောသိုးထိန်း
- ခွင့်မလွှတ်တတ်သောကျွန်
- ကြီးစွာသောပွဲ
- ကြီးထွားလာသောမျိုးစေ့
- ကျမ်းတတ်
- ဂျုံစပါးစေ့
- ငွေအသပြာ/တလန်
- ညဉ့်အခါလာသော မိတ်ဆွေ
- တဆေး
- သားနှစ်ယောက်
- သခင်နှင့်ကျွန်
- သတို့သမီးဆယ်ယောက်
- သစ်ပင်နှင့်အသီး
- သစ္စာရှိသောကျွန်
- သူဌေးနှင့်လာဇရု
- သိုးနှင့်ဆိတ်
- စစ်မှန်သောစပျစ်နွယ်ပင်
- ဆိုးသောလယ်လုပ်သားများ
- စပျစ်ခြံ၌အလုပ်လုပ်သောသူများ
- မတရားသောတရားသူကြီး
- မတရားသောဘဏ္ဍာစိုး
- မင်္ဂလာပွဲ
- မိုက်မဲသောသူဌေး
- မုန်ညင်းစေ့
- မျက်စိထဲကအမှိုက်နှင့်သစ်လုံး
- မျိုးစေ့ကြဲသူ
- ဝှက်ထားသောဘဏ္ဍာ
- အကြွေးတင်သောသူနှစ်ယောက်
- အညွန့်ထွက်သောသင်္ဘောပင်
- အသစ်သောစပျစ်ရည်နှင့်ဟောင်းသောစပျစ်ရည်အိတ်
- အသီးမသီးသောသင်္ဘောပင်
- အားကြီးသောသူ
- အဖိုးတန်ပုလဲ
- အခွန်ခံနှင့်ဖာရိရှဲ
- ဥာဏ်ပညာရှိသောဆောက်လုပ်သူနှင့်မိုက်မဲသောဆောက်လုပ်သူ
- ပိုက်ကွန်ဆွဲခြင်း
- ပေါင်းပင်
- ပျောက်သောဒင်္ဂါး
- ပျောက်သောသား
- ပျောက်သောသိုး
- ပုံးအောက်ကမီးခွက်
|
---|