ရွှေဇံအောင်
ရွှေဇံအောင် (၂၀ ဇန်နဝါရီ ၁၈၇၁-၁၁ မေ ၁၉၃၂) သည် ရခိုင်လူမျိုး ဖြစ်ပြီး ဗုဒ္ဓအဘိဓမ္မာ ကို ပထမဦးဆုံး အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ ဖြစ်သည်။[၁] အနောက်နိုင်ငံများသို့ ဗုဒ္ဓအဘိဓမ္မာ အား စတင်မျိုးစေ့ချခဲ့သူ အဖြစ်လည်း ထင်ရှားသည်။[၂] ယင်းအပြင် ဗြိတိသျှအစိုးရခေတ် တွင် မြန်မာအမျိုးသားထဲ ပထမဆုံး ယစ်မျိုးမင်းကြီး အဖြစ် ခန့်အပ်ခံရသူလည်းဖြစ်သည်။ ဘဝဖြတ်သန်းမှုဦးရွှေဇံအောင်ကို ၁၂၃၂ ခုနှစ်၊ ပြာသိုလကွယ်နေ့ (၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့) တွင် ရခိုင်ပြည်၊ စစ်တွေမြို့၌ ဖွားမြင်သည်။ ခရိုင်ရာဇဝတ် ဦးရွှေသားနှင့် ဒေါ်အဖြူဇံတို့၏ သားသမီး ၄ ယောက်တွင် သားအကြီးဆုံး ဖြစ်သည်။ ဦးရွှေဇံအောင်သည် ၁၈၈၁ ခုနှစ်မှ စ၍ စစ်တွေမြို့ရှိ အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ရာ ၁၈၈၅ ခုတွင် အလယ်တန်း စကော်လားရှစ်ဆု ရသည်။ ထို့နောက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပညာသင်ရာ ၁၈၈၇ ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သည်။ ၁၈၉၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ ရသည်။ ဆရာကြီးသည် ၁၈၉၂ ခုနှစ်တွင် ပညာရေး ဌာန၌ ပညာအုပ် အဖြစ် စတင် အမှုထမ်းသည်။ ထို့နောက် မြေစာရင်း ဌာနတွင် ဆက်လက် အမှုထမ်းရာ ၁၉ဝ၂ ခုတွင် မြို့အုပ်တန်း၊ ၁၉ဝရ ခုတွင် ဝန်ထောက်တန်း အဆင့်သို့ ရောက်သည်။ ၁၉ဝ၉ ခုနှစ်တွင် ရန်ကုန် ကောလိပ်တော်ရုံး၌ အခွန်ဝန် အဖြစ် ထမ်းရွက်စဉ် ကျူးကျော် နေထိုင်သူများကို မြေခွန်တော် စည်းကြပ်ရေး အတွက် အထူး တာဝန် ယူရသည်။ထိုစဉ်က ဖြေရှင်း ရန် အလွန်ခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်သည့် ကျူးကျော်နေထိုင်သူများအား နေရာချထား၍ မြီခွန်တော် စည်းကြပ်ရေးနှင့် စပ်လျဉ်း၍ အကြံပေးချက်များကို ဗြိတိသျှအစိုးရက အထူးနှစ်သက် လက်ခံခဲ့သည်။ သူ၏ စာအုပ်ပြာ ခေါ် အစီရင်ခံစာကို သက်ဆိုင်ရာ အစိုးရအရာရှိ များက အထူးအမှီသဟဲပြု၍ ဖတ်ရှုခဲ့ကြရသည်။ ၁၉၁၂ ခုနှစ်တွင် တွံတေးတူးမြောင်း ဖောက်လုပ်ရန် အတွက် မြေသိမ်းအရာရှိ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ ၁၉၁၃ ခုနှစ်တွင် သံလျင်မြို့၌ မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အထူးစုံစမ်းရေး အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်း ခံရသည်။ ၁၉၁၄ ခုတွင် မြေဘက်ဌာန၌ ထူးချွန်စွာ ဆောင်ရွက်မှု အတွက် ဗြိတိသျှအစိုးရက ဦးရွှေဇံအောင်ကို အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့်သည်။ ၁၉၁၈ ခုနှစ်တွင် ကျောက်တန်းမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် တာဝန် ထမ်းဆောင်ရသည်။ ဟံသာဝတီ ခရိုင်ဝန် အဖြစ် နှစ်ကြိမ် ထမ်းရွက်ပြီးနောက် ၁၉၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာတော် မင်းကြီး၏ အတွင်းဝန် အဖြစ် ယာယီ ထမ်းရွက်ရသည်။ ထို့နောက် သထုံ ခရိုင်ဝန် အဖြစ် ပြောင်းရွှေ့ ထမ်းဆောင်သည်။ ၁၉၂၃ ခုနှစ်တွင် ကေ-အက်စ်-အမ် (ကျက်သရေဆောင် ရွှေစလွယ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့် ခံရသည်။ အိန္ဒိယနိုင်ငံ မြူနီစီပယ် အခွန်တော်များ ကောက်ခံရေး ဆိုင်ရာ စုံစမ်းမှု ကော်မတီဝင် အဖြစ်လည်း ဆောင်ရွက်ရသည်။ ထို့နောက် မြန်မာ အမျိုးသားထဲမှ ပထမဆုံး ယစ်မျိုး မင်းကြီး အဖြစ် ခန့်ထားခြင်း ခံရသည်။ ဤသို့ တာဝန် အမျိုးမျိုးကို ထမ်းဆောင်ပြီးနောက် ၁၉၂၆ ခုနှစ်တွင် ကျန်းမာရေး အရ အငြိမ်းစားယူသည်။ စာပေဘဝဖြတ်သန်းမှုဦးရွှေဇံအောင်သည် အလုပ်တာဝန် ထမ်းဆောင်ရင်း စာပေ ကျမ်းဂန်များကို လေ့လာ ဆည်းပူးသည်။ ၁၈၉၅ ခုနှစ်မှ စ၍ ဆရာတော် ဦးဂန္ဓမာ ထံ၌ အဘိဓမ္မာ တရားတော်ကို လေ့လာ သင်ယူသည်။ လယ်တီ ဆရာတော် ထံတွင်လည်း မပြတ် ဆည်းကပ်ကာ ဆည်းပူးသည်။ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ လက်တင်၊ စာပေ ကျမ်းဂန်များကို လေ့လာ တတ်ကျွမ်းသည်။ ၁၉ဝဝ ပြည့်နှစ်ခန့်က ဗုဒ္ဓသာသနာတော် ထွန်းကားရေး အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော "ဗုဒ္ဓဝါဒ" မဂ္ဂဇင်းတွင် အဘိဓမ္မာ တရားတော် အကြောင်း ပါဝင် ရေးသားခဲ့သည်။ ထိုမဂ္ဂဇင်းကို ကြီးမှူး ထုတ်ဝေသော ရှင်အာနန္ဒာ မေတ္တေယျကို အကြောင်းပြု၍ လန်ဒန် ပါဠိ အသင်းကြီး ဥက္ကဋ္ဌ မစ္စစ်ရစ်ဒေးဗစ်နှင့် ရင်းနှီးသွားပြီး ညှိနှိုင်း တိုင်ပင်ကာ 'အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်ကျမ်း)' ကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။ယင်းအပြင် မစ္စစ် ရစ်ဒေးဗစ်နှင့် လယ်တီ ဆရာတော်တို့၏ ဗုဒ္ဓ အဘိဓမ္မာနှင့် စပ်လျဉ်းသော အမေး၊ အဖြေများကို ဦးရွှေဇံအောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးသည်။ဆရာကြီးသည် အဘိဓမ္မတ္ထသင်္ဂဟသဂြိုဟ်ကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး မစ္စစ်ရစ်ဒေးဗစ်ထံ ပို့လိုက်ရာ ယင်းစာမူကို မစ္စစ်ရစ်ဒေးဗစ်နှင့် ဦးရွှေဇံအောင် တို့ အပြန်ပြန်အလှန်လှန် စစ်ဆေးပြင်ဆင်ပြီး ဗုဒ္ဓဝါဒမဂ္ဂဇင်း The Buddhism Magazine တွင် ဦးရွှေဇံအောင် ရေးသားသော ဆောင်းပါးကို နိဒါန်းအဖြစ်ထည့်ကာ ၁၉၁၀-ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။ စာအုပ်ထွက်လာသည်နှင့် တပြိုင်နက် တစ်ကမ္ဘာလုံးမှ ပညာရှိများ၏ ချီးကျူးလက်ခံခြင်း ခံရသည်။[၃] ဦးရွှေဇံအောင်သည် မြန်မာနိုင်ငံမှ ဗုဒ္ဓကျမ်းစာများကို နိုင်ငံခြားသားများ ဖတ်ရှုလေ့လာနိုင်ရန် ရေးသားရုံမက အနောက်နိုင်ငံ ကျမ်းတစ်ဆောင်ဖြစ်သော ပါမောက္ခ ဂျီဗန်း၏ လောဂျစ်ကျမ်းကို မှီငြမ်းပြု၍ 'တက္ကိယ နယဒီပနီ' အမည်ရှိ ယုတ္တိဗေဒ ကျမ်းကို ရေးသား ပြုစုသည်။ ဂျီဗန်း၏ ကျမ်းကို သဘောနှင့် အစီအစဉ် လောက်သာ မှီး၍ ဝေါဟာရ သုံးနှုန်းပုံ၊ ဥဒါဟရုဏ် ဆောင်ပုံတို့မှာမူ မြန်မာဆန်သည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁-ခုနှစ်မှ ၁၉၂၀-ခုနှစ်အတွင်း ဆောင်းပါးပေါင်း ၃၅-ခုကို ပါဝင်ရေးသားခဲ့သည်။ ဆောင်းပါးအများစုသည် ဗုဒ္ဓအဘိဓမ္မာများသာ ဖြစ်သည်။ ဆရာကြီးသည် ကျမ်းကြီးကျမ်းခိုင် တို့ကိုသာမက လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတုကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍လည်း စာအုပ် ၇-အုပ်ကို ပြုစုနိုင်ခဲ့သည်။ ထို့ပြင် အထက်တန်းကျသော ဆေးပညာ အတွေးအခေါ်များ ပါဝင်သော ဇရာလက္ခဏာဒိ ဒီပနီကျမ်း၊ 'ဂန်းနော့' ၏ ရူပဗေဒကျမ်းကို မြန်မာပြန်သော ရူပဒီပနီကျမ်း၊ သိုးဆောင်း ဘာသာ 'အနတ္တမီ' ကျမ်း၊ 'ဖီဇီ အော်လိုဂျီ’' ကျမ်းများကို မဟာ သတိပဋ္ဌာနသုတ် ပါဠိတော် အဋ္ဌကထာတို့မှ ဒွတ္တိ သကာယ အကြောင်းများနှင့် ညှိနှိုင်း ရေးသားသော 'ကာယင်္ဂကိစ္စ သင်္ဂဟဒီပနီကျမ်း'၊ အနောက်တိုင်း မှော်ပညာ ကျမ်းတကျမ်းကို မြန်မာပြန်သော 'ဝိဇ္ဇာမယိဒ္ဓိ ဒီပနီကျမ်း' တို့ကို ပြုစုခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း 'ယမက ခေါ် ယမိုက်ကျမ်း'၊ 'ကထာဝတ္ထု ကျမ်း'၊ 'အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်)' တို့ကို ရေးသားခဲ့သည်။[၄] 'လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေ ရတု' ကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။နောက်ဆုံး ပြုစုသော 'လူမျိုး တစ်ရာ့တစ်ပါး' ကျမ်းမှာ ပြီးမြောက်သော်လည်း ပုံနှိပ် ထုတ်ဝေခြင်း မပြုဖြစ်ကြောင်း သိရသည်။ ထိုမျှမက မြန်မာအဆွေ ကုမ္ပဏီက ရိုက်ကူးသော မြတဘက် ဇာတ်ကားကိုလည်း ဦးရွှေဇံအောင်က ဇာတ်ညွှန်း ရေးသားခဲ့သည်။ ထင်ရှားစကား၁၉၂၄-ခုနှစ် က မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းများ အတွက် သင်ခန်းစာများ ရွေးချယ်သတ်မှတ်ရေး ကော်မတီ တွင် ပြောကြားခဲ့သော အောက်ပါ ရခိုင်ဘာသာစကားဖြင့် မှတ်တမ်းတင်ခဲ့သော မှတ်ချက် သည် ထင်ရှားခဲ့သည်။ ကျွန်တော့်အနီနန့် အရှိတိုင်း အနောက်တိုင်း စာအုပ်တိကို အတော်များများ ဖတ်ပြီးပါဗျာယ်။ ကျွန်တော်ရို့ မြန်မာနိုင်ငံ၏ လောကနီတိလောက် ကောင်းရေကျမ်း မတွိ့ဖူးသိမ့်ပါ၊ မြန်မာစာပီကို အထင်မသေးဖို့ လိုပါရေ ပြုစုခဲ့သည့်စာအုပ်များ၁။ ဇရာလက္ခဏာဒိ ဒီပနီကျမ်း ၂။ တက္ကိယနယ ဒီပနီကျမ်း ၃။ ကာယင်္ဂသမ္ဘာရ ဒီပနီကျမ်း ၄။ ရူပ ဒီပနီကျမ်း ၅။ ယမကခေါ် ယမိုက်ကျမ်း (အင်္ဂလိပ်ဘာသာ) ၆။ ကထာဝတ္ထု (အင်္ဂလိပ်ဘာသာ) ၇။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း(အင်္ဂလိပ်ဘာသာ) ဘဝနိဂုံးမြန်မာ - အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် ကျွမ်းကျင် နှံ့စပ်သော ပညာရှင် ဖြစ်သည့် အလျောက် ဆရာကြီး ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်က ဒီလစ် (စာပေ ပါရဂူ) ဘွဲ့ ချီးမြှင့်သည်။ သို့သော် ဘွဲ့နှင်းသဘင် ကျင်းပရန် ၁ဝ ရက်ခန့် အလို ၁၂၉၄ ခု၊ ကဆုန်လဆန်း ၇ ရက် (၁၉၃၂ ခု၊ မေလ ၁၁ ရက်) တွင် ဆရာကြီး ဦးရွှေဇံအောင် ကွယ်လွန် အနိစ္စရောက်သည်။ ကျမ်းကိုးစာရင်း
ကိုးကား
|
Portal di Ensiklopedia Dunia