အေးမောင် (လွှတ်တော်ကိုယ်စားလှယ်)
ဒေါက်တာအေးမောင် သည် ရခိုင်လူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ထို့ပြင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောချက်များကြောင့် နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရကာ ၂၀၂၁ ဖေဖော်ဝါရီ ၁၂ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အစောပိုင်းဘဝဒေါက်တာအေးမောင်ကို ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အဖ ဦးမောင်လှစိန် အမိ ဒေါ်သွင်ညိုဖြူတို့မှ ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ အခြခံပညာကို ရသေ့တောင်မြို့နယ် အထက (၅) နှင့် စစ်တွေမြို့ အထက (၂) တို့တွင် သင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေ အထက (၂) မှ ဂုဏ်ထူး ၃ ဘာသာဖြင့် ၁ဝ တန်းအောင်သည်။ ရန်ကုန် အင်းစိန်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍ ၁၉၈၄ ခုနှစ်အထိ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစတင်၍ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဒေါ်မြမြသက် (လက်ရှိ အငြိမ်းစား ကျောင်းဆရာမ) နှင့် အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားသည်။ ရခိုင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု (တက္ကသိုလ်များ၊ ရန်ကုန်) အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင်ဝင် ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း၏ ကနဦးတည်ထောင်သူထဲတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ နိုင်ငံရေး လုပ်ကိုင်ခြင်း၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂ဝ၁ဝ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို တည်ထောင်ခဲ့ရာမှ စတင်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာများ အားလုံးကို ဒေါက်တာအေးမောင်၏ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် နေရာ ၄၄ နေရာအနက် ၃၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ဒေါက်တာအေးမောင်သည်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခြင်းပါတီအတွင်း သဘောထား ကွဲလွဲမှုများကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ခဲ့သည်။[၂] သို့သော်လည်း နုတ်ထွက်စာတင်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ ဆွေးနွေးလျက်ရှိပြီး ဆုံးဖြတ်ချက် မချရနိုင်သေးဟု ဆိုသည်။[၃] ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခြင်း၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်သည် သားဖြစ်သူ ဦးတင်မောင်ဝင်းနှင့် အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။[၄][၅] ဖမ်းဆီးထိန်းသိမ်းခံရခြင်း၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ တောင်ရင်းတိုင်းရပ်ကွက်၊ စေတီယင်္ဂဏကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ဒေါက်တာအေးမောင်အား တရားစွဲဆိုရန် ရခိုင်ပြည်နယ် အစိုးရက ဆုံးဖြတ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။[၆] ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း1:15မိနစ်တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၇] ယင်းနောက် ရုံးချိန်းပေါင်း ၄၀ ခန့်ဖြင့် ကြားနာစစ်ဆေးပြီး ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။ ယင်းနောက် ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ ပြည်သူ့လွှတ်တောက်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရခြင်းမှ ပယ်ဖျက်ကြောင်းကြေညာခဲ့သည်။ ၂၀၂၀ ခုနှစ် မေလ ၁၈ရက်နေ့တွင် ကိုယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ပြီး နောင်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရှိကြောင်း မြန်မာနိုင်ငံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းမှ တရားမျှတခြင်းမရှိကြောင်း နှင့် ယင်းကြောင့် နိုင်ငံရေးအရ မလိုလားအပ်သည့် ပြဿနာများ ကြီးထွားလာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။[၈] သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၂ရက် ဖေဖော်ဝါရီ ၂၀၂၁တွင် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဒေါက်တာအေးမောင်သည် ပြန်လည်လွတ်မြောက်လာခဲ့သည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia