ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့
ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့ (အင်္ဂလိပ်: Harry Potter and the Order of the Phoenix) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်၍၊ ထိုဝတ္ထုသည် ဟယ်ရီပေါ်တာ စာအုပ်အတွဲတွင် ပဉ္စမမြောက် စာအုပ် ဖြစ်သည်။ ထိုစာအုပ်သည် အဓိကဇာတ်ဆောင် ဟယ်ရီပေါ်တာ၏ ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ရသော ပဉ္စမနှစ်ကျောင်းသားဘဝ ဇာတ်ကြောင်းဖြစ်၍ ရန်သူ ဗော်လ်ဒီမော့၏ တိတ်တဆိတ်ပြန်လာမှု၊ အိုဒဗလျူအယ်လ် စာမေးပွဲများ၊ အဟန့်အတားတစ်ခု ဖြစ်နေသော မှော်ဝန်ကြီးဌာန စသည့် အကြောင်းကိစ္စများ ပါဝင်သော ဇာတ်လမ်းပင်ဖြစ်သည်။ ထိုစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက်မှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စကောလာ့စတစ်မှလည်းကောင်း၊ ကနေဒါတွင် ရိန်းကို့စ်မှလည်းကောင်း ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်းမှာပင် အုပ်ရေငါးသန်းခန့်အထိ ရောင်းချနိုင်ခဲ့သည်။ ဤစာအုပ်သည် စာအုပ်စီးရီးထဲတွင် အရှည်ဆုံးသောစာအုပ် ဖြစ်ပေသည်။ ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့ စာအုပ်သည် အမေရိကန်စာကြည့်တိုက်အဖွဲ့အစည်းမှ ရွေးချယ်ချီးမြှင့်သော အရွယ်ရောက်လူငယ်များအတွက် အကောင်းဆုံးစာအုပ်ဆု (American Library Association Best Book for Young Adults) ကို ၂၀၀၃ ခုနှစ်အတွက် ဆွတ်ခူးနိုင်ခဲ့သည့်အပြင်၊ အခြားဆုတံဆိပ်များကိုလည်း လက်ခံရရှိခဲ့သေးသည်။ အဆိုပါစာအုပ်မှာ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့သော ရုပ်ရှင်ဇာတ်ကားအဖြစ်သာမက၊ အီလက်ထရွန်နစ် အာ့တ်စ် ဖန်တီးသော ဗွီဒီယိုဂိမ်း အဖြစ်လည်း အောင်မြင်ခဲ့လေသည်။ |
Portal di Ensiklopedia Dunia