ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန် အကျဉ်းသား
ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန် အကျဉ်းသား (အင်္ဂလိပ်: Harry Potter and the Prisoner of Azkaban ၊ ဟယ်ရီပေါ်တာနှင့် ဝိဉာဉ်နှုတ်အကျဉ်းသား စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်၍၊ ဟယ်ရီပေါ်တာ စာအုပ်အတွဲတွင် တတိယမြောက် ဖြစ်သည်။ ထိုစာအုပ်သည် မှော်ဆရာလူငယ်လေး ဟယ်ရီပေါ်တာ၏ ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ရသော တတိယနှစ်ကျောင်းသားဘဝအကြောင်း ဖြစ်သည်။ ဟယ်ရီသည် သူ၏ သူငယ်ချင်းများ ဖြစ်သည့် ရော်နယ် ဝီစလီနှင့် ဟာမိုင်ယွန်းနီ ဂရန်ဂျာတို့နှင့်အတူ သူတို့အနေဖြင့် ဗော်လ်ဒီမော့၏ ပူးပေါင်းမဟာမိတ်ဟောင်းတစ်ယောက်ဟု ယုံကြည်ကြသည့် အက်ဇခါဘန် မှော်အကျဉ်းထောင်ကြီးမှ ထွက်ပြေးလွတ်မြောက်လာသော ဆီးရီးယပ်စ် ဘလက် အမည်ရှိသူအား စုံစမ်းဖော်ထုတ်သည့် ဇာတ်လမ်း ဖြစ်သည်။ ထိုစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက်မှ ထုတ်ဝေခဲ့၍ ၊ အမေရိကန်ပြည်ထောင်စုတွင်မူ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် စကောလာ့စတစ်မှ ထုတ်ဝေဖြန့်ချိခဲ့လေသည်။[၁][၂][၃][၄] ရိုးလင်းအနေဖြင့် စတင်ရေးသားချိန်မှ တစ်နှစ်ခန့်အကြာတွင် ပြီးဆုံးနိုင်ခဲ့ခြင်းကြောင့် ထိုစာအုပ်မှာ ရေးရလွယ်ကူသည်ကို တွေ့ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းတွင် စာအုပ်စတင်ထုတ်ဝေပြီး သုံးရက်အကြာကာလ အတွင်းမှာပင် နိုင်ငံအဝန်း အုပ်ရေ ၆၈၀၀၀ ခန့် ရောင်းချနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံအတွင်း အုပ်ရေ သုံးသန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။[၅] အဆိုပါ စာအုပ်သည် ၁၉၉၉ ခုနှစ်အတွက် ဝှိုက်ဘရက်ဒ်ကလေးများစာပေဆု (Whitbread Children's Book Award)၊ ဘရမ်စတုက်ကာဆု (Bram Stoker Award) နှင့် ၂၀၀၀ ခုနှစ်အတွက် လိုကပ်စ် အကောင်းဆုံး ဆန်းကြယ်စိတ်ကူးယဉ်ဝတ္ထုရှည်ဆု (Locus Award for Best Fantasy Novel) တို့ကို ရရှိခဲ့ပေသည်။ ထို့အပြင် ဟူဂိုဆု အပါအဝင် ဆုများစွာတွင် ဆန်ခါတင်စာရင်းဝင်ခဲ့သေးသည်။ ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန် အကျဉ်းသား ရုပ်ရှင်ဇာတ်ကားကို ၂၀၀၄ ခုနှစ်တွင် ပြသခဲ့ပြီး၊ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၉၆ သန်းကျော် ရရှိခဲ့၏။ ဝေဖန်ရေးများတွင် ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သည်။ ဝတ္ထုကို အခြေခံသော ဗွီဒီယိုဂိမ်းများလည်း မရေမရာ ပေါ်ထွက်လာခဲ့ပြီး၊ အများစုမှာ ကျေနပ်အားရဖွယ် သုံးသပ်ချက်များ ရရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia