မေထုန်အကျင့်–မေထုန်ဝတ္ထု-၌ ယုတ်မာစွာ ကျင့်ခြင်း။[၁] ကာမေသုမိစ္ဆာစာရ၏ တရားကိုယ်ကား မေထုန်မှီဝဲလိုသဖြင့် ကာယ ကံမြောက် မသွားလာထိုက်သောသူ၌မှီဝဲလွန် ကျူးကြောင်း စေတနာတည်း။
ကာမေသုမိစ္ဆာစာရ ကံမြောက်စေသော အင်္ဂါ (၄) ချက်
(၁) မသွားလာအပ်သော မိန်းမဖြစ်ခြင်း။
(၂) ထိုမိန်းမကို မှီဝဲလိုသော စိတ်ရှိခြင်း။
(၃) မှီဝဲရန်လုံ့လ ပြုခြင်း။
(၄) သာယာခြင်း။
ကျူးလွန်ရာတွင် အထက်ပါအင်္ဂါ (၄) ရပ်စလုံးနှင့်ကိုက်ညီပါက ကာမေသုမိစ္ဆာစာရကံ မြောက်ပါသည်။[၂]
မသွားလာ၊ မကျူးလွန် အပ်သော မိန်းမ (၂၀)
၁။ မာတုရက္ခိတ = မိခင်အုပ်ထိန်းသောမိန်းမ။
၂။ ပိတုရက္ခိတ = ဖခင်အုပ်ထိန်းသောမိန်းမ။
၃။ မာတာပိတုရက္ခိတ = မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ။
၄။ ဘာတုရက္ခိတ = မောင်ကြီး၊ မောင်ငယ် အုပ်ထိန်းသောမိန်းမ။
၅။ ဘဂိနီရက္ခိတ = အစ်မ ညီမ အုပ်ထိန်းသောမိန်းမ။
၆။ ဉာတိရက္ခိတ = သွေးသားစပ်သူ ဆွေမျိုးအုပ်ထိန်းသောမိန်းမ။
၇။ ဂေါတ္တရက္ခိတ = အမျိုးအနွယ်က အုပ်ထိန်းသောမိန်းမ။
၈။ ဓမ္မရက္ခိတ = တရားကျင့်ဖော် အုပ်ထိန်းသောမိန်းမ။ [၃]
ဤရှစ်ဦးသော မိန်းမတို့ကား အပျို များသာဖြစ်သည်။ ကာမပိုင်လင်ယောက်ျားမရှိ၊ စောင့်ရှောက်သူသာ ရှိသည်။
ယောက်ျားသည် ထိုရှစ်ဦးသော မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။
(ထိုမိန်းမရှစ်ဦးကား ကာမေသုမိစ္ဆာစာရကံ မဖြစ်ပေါ်ပေ။) [၄]
၉။ သာရက္ခ = ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်း ခံရသော မိန်းမ။
၁၀။ ဓနက္ကီတ = ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ။
၁၁။ ဆန္ဒဝါသိနီ = အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ။
၁၂။ ဘောဂဝါသိနီ = ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသောမိန်းမ။
၁၃။ ပဋဝါသိနီ = အဝတ်တန်ဆာပေး၍ ပေါင်းသင်းနေသောမိန်းမ။
၁၄။ ဩဒပတ္တကိနီ = လူကြီးစုံရာနှင့် လက်ထပ်ပေါင်းသင်းနေသောမိန်းမ။
၁၅။ ဩဘဋစုမ္ဗဋာ = ထင်းခွေ၊ ရေခပ် လုပ်ကိုင်နေသော မိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ ပေါင်းသင်းနေသောမိန်းမ။
၁၆။ သပရိဒဏ္ဍ = ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့် ထုတ်ထားသော မိန်းမ။
၁၇။ ဒါသီဘရိယာ = ကျွန်လည်း ဟုတ်၊ မယားလည်း ဟုတ်သောမိန်းမ (မယားပြုခံရသော ကျွန်မ)
၁၈။ ကမ္မကာရီ = အလုပ်သမားလည်းဟုတ် ၊ မယားလည်းဟုတ်သောမိန်းမ (မယားပြုခံရသော အလုပ်သူမ)
၁၉။ ဓဇာဟဋာ = မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ
၂၀။ မုဟုတ္တိကာ = ခေတ္တငှားရမ်း ပေါင်းသင်းသောမိန်းမ။ (ပြည့်တန်ဆာမ၊ ယောက်ျား တစ်ယောက်က တစ်ပတ်ဖြင့်စေ၊ တစ်လဖြစ်စေ ငွေပေး၍ ပျော်ပါးနေသော ပြည့်တန်ဆာမ ကိုဆိုလိုသည်။ ထိုရက်၊ ထိုလ အတွင်း အခြားယောက်ျား တစ်ဦးနှင့် ပျော်ပါး လျှင် ပြည့်တန်ဆာမနှင့် ပျော်ပါးသော ယောက်ျားပါ ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။)
( အထက်ပါ မိန်းမ (၁၂) မျိုးသည် ကာမပိုင်လင်ယောက်ျား ရှိသောကြောင့် အခြားယောက်ျား တစ်ဦးနှင့်ပျော်ပါးလျှင် နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။ )
ထိုကာမေသုမိစ္ဆာစာရကံသည် သီလ စသော ဂုဏ်မရှိသောသူကို သွားလာလွန် ကျူးလျှင် အပြစ်နည်း၍ သီလစသောဂုဏ် နှင့် ပြည့်စုံသူကို သွားလာလွန်ကျူးခဲ့သော် အပြစ်ကြီးသည်။ [၅]
ဥပ္ပလဝဏ်ရဟန္တာထေရီမကို ပြစ်မှားလွန် ကျူးမိသဖြင့် အရှင်လတ်လတ်မြေမျိုခံရကာ အဝီစိငရဲသို့ ကျရသော နန္ဒလုလင်ဝတ္ထုကို ထောက်၍ ဂုဏ်ရှိသူကို ပြစ်မှားမိရာ၌ အပြစ် ကြီးပုံကို သိလေ [၆]။
ထို့ပြင်–ယခု ဘုရားရှင်လက်ထက် ဣသိဒါသီ ထေရီမသည် အဆူဆူသော ရှေးဘုရားရှင်တို့ထံ ယောက်ျားဘဝဖြင့် ပါရမီဖြည့်ပြီး သူဖြစ်လျက် ရွှေပန်းထိမ်သည်ဘဝ၌ မိတ်ဆွေယုတ်ကို ပေါင်းဖော်မိသဖြင့် သူတစ်ပါး၏ မယားကို ကျူးလွန်မိလေသည်။ ထိုကံကြောင့် ငရဲဘုံသို့ ကျရောက်ရခြင်း, ငရဲဘုံမှ လွတ်လျှင် တိရစ္ဆာန်သုံးဘဝဖြစ်ရ၍သင်းကွပ်ခံရခြင်း, ထိုမှလွတ်လျှင် ကျွန်မဝမ်း၌ နပုံး ပဏ္ဍုက်ဖြစ်ရခြင်း အပြစ်များကို ခံရရုံမျှမက ကျွတ်တမ်းဝင်မည့် ဤနောက်ဆုံးဘဝ၌ပင် မိန်းမဘဝဖြင့် ကျွတ်တမ်းဝင်ရရှာလေသည် [၇]။
ထို့ပြင်– ကဿပဘုရားရှင် လက်ထက် ဗာရာဏသီပြည်၌ သူဌေးသားလေးယောက်တို့သည် ကုဋေလေးဆယ်စီ ကြွယ်ဝကြ၏၊ ထို သူတို့သည် ဒါနသီလစသော သူတော်ကောင်း တရားတို့ကို မဆည်းပူး မပွါးများပဲ သူတစ်ပါး မယားကိုသာ ဥစ္စာများစွာပေးလျက် လွန် ကျူးကြကုန်၏၊ ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အဝီစိငရဲ၌ ခံရသည်၊ ထို၁ရဲမှ လွတ်လျှင် ယူဇနာ ခြောက်ဆယ်ကြီးသော လောဟကုမ္ဘီ (ကြေးနီအိုး) ငရဲတွင်ဦးခေါင်း စောက်ထိုးကျ၍ အနှစ်သုံးသောင်း နစ်မြုပ်ပြီး တဖန် အနှစ်သုံးသောင်း ပေါ်လာရပြန်သည်၊ အိုးဝသို့ ရောက်သောအခါ မိမိတို့မှားခြင်းကြီး မှားမိခဲ့ကြသည်ကို အချင်းချင်း ပြောလိုသဖြင့် ဒု-သ-န-သော-ဟု အက္ခရာ တလုံးစီ ရွတ်မိလျှင် ပြောလိုသော ဂါထာ မပြီး မဆုံး တလုံးစီနှင့်ပင် တဖန်နစ်မြုပ်ကြရပြန်လေသည်။ ဤသို့ ဆင်းရဲဒုက္ခခံစားရသည်မှာ ကာမေသုမိစ္ဆာစာရကံကြောင့်ပင် ဖြစ်လေသည်။ [၈]
ဥတုဘောဇနသင်္ဂဟကျမ်းလာ ယောက်ျားသည် မိမိကျန်းမာရေးအတွက် မေထုန်မမှီဝဲအပ်သော မိန်းမ(၁၄)ဦး
၁။ ဥတုလာနေသော မိန်းမ။
၂။ အလိုမရှိသောမိန်းမ။
၃။ ညစ်နွမ်းသောမိန်းမ။
၄။ မချစ်သောမိန်းမ။
၅။ ပြည့်တန်ဆာမ။
၆။ အရွယ်ကြီးသောမိန်းမ။
၇။ ရောဂါနှိပ်စက်သော မိန်းမ။
၈။ ကိုယ်လက်အင်္ဂါချို့တဲ့သော မိန်းမ။
၉။ ကိုယ်ဝန်ဆောင်သော မိန်းမ။
၁၀။ ရန်သူ မိန်းမ။
၁၁။ အင်္ဂါစပ်၌ အနာရှိသော မိန်းမ။
၁၂။ လင်ရှိသော မိန်းမ။
၁၃။ မိဘ စသော အုပ်ထိန်းသူတို့ မပေးစားသော မိန်းမ။
၁၄။ သီလရှင် မိန်းမ။
သူတစ်ပါး သားမယား၊ သူတစ်ပါး သမီးပျိုကိုပြစ်မှားလွန်ကျူးခြင်း၏ အပြစ်များ၊ မကောင်းကျိုးများ
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူသည် သေပြီးနောက် အဝီစိငရဲနှင့် လောဟကု မ္ဘီ ငရဲတို့၌ ပြင်းထန်စွာ ခံစားကြရသည်။ ငရဲမှလွတ်မြောက်၍ လူ့ဘဝသို့ ရောက်လာပါလျှင်လည်း ဖော်ပြပါအပြစ်များကို ခံစားရ၏။
၁။ လူမုန်းများခြင်း။
၂။ ရန်သူများခြင်း။
၃။ ပစ္စည်းလာဘ်လာဘရှားပါးခြင်း။
၄။ ချမ်းသာသုခမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမဖြစ်ရခြင်း။
၆။ မ-မဟုတ် ကျား-မဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း။ (ယောက်ျားလျာ ၊ မိန်းမလျာဖြစ်ရခြင်း )
၇။ အမျိုးယုတ်ဖြစ်ရခြင်း။
၈။ မျက်နှာပျက်အရှက်တကွဲဖြစ်ရခြင်း။
၉။ ခြေလက်အင်္ဂါ မျက်စိ ၊ နား ၊ နှာ ၊ ဣန္ဒြေများ ချို့ယွင်းသေးသိမ်ခြင်း။
၁၀။ စိုးရိမ်သောကအားကြီးရခြင်း။
၁၁။ ချစ်သူနှင့်ကွဲရခြင်း။
( သူတစ်ပါး သားမယား၊ သူတစ်ပါး သမီးပျို ကိုပြစ်မှားလွန်ကျူးခြင်း
ကိုရှောင်ကြဉ် သူသည် အထက်ပါ (၁၁)ချက်မှ အပြန်အလှန်အကျိုးကို
ခံစားရမည်။ )
ပဏ္ဍုတ်(၅)မျိုး
၁။ သူတစ်ပါး သုတ်ကိုစုပ်ပြီး မေထုန်ပြုလိုစိတ်ကို ပြေပျောက်စေသော အာသိတ္ထကပဏ္ဍုတ်။
၂။ သူတစ်ပါး မေထုန်ပြုသည်ကို ကြည့်ရှု့ပြီး မေထုန်ပြုလိုသော စိတ်ကို ပြေပျောက်စေသော ဥဿူယပဏ္ဍိုတ်။
၃။ ဝှေးစေ့ထုတ်ခံထားရသော ဩပက္ကမိက့ပဏ္ဍုတ်။
၄။ လဆန်း၊လဆုတ် တစ်ခုခု၌ မေထုန်ပြုကျင့် ရမှ နေသာထိုင်သာရှိသော ပက္ခပဏ္ဍုတ်။
၅။ ယောက်ျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးလုံး ထင်ရှားစွာမပါသော နပုံးပဏ္ဍုတ်။
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ကာမေသုမိစ္ဆာစာရ (ပု) [ကာမေသု+မိစ္ဆာစာရ။ အလုတ္တသမာသ်။ မဏိမဉ္ဇူ၊၂၊၃၅။] ကာမေသု မိစ္ဆာစာရာ ဝေရမဏီ။ ဝိ၊၅၊၃၃၈။ ဒီ၊၃၊၂၂၄။ မ၊၁၊၅၈။ အံ၊၃၊၄၆၇၊ ၄၇၁။ (သံ၊၁၊၃၇၇။ အံ၊၁၊၂၇၅။ အဘိ၊ဝိ၊၂၉၉။ အဘိ၊ပု၊၁၄၄။ မဟာနိ၊၃၁။) ကာမေသုမိစ္ဆာစာရောတိ ဧတ္ထ ပန ကာမေသူတိ မေထုနသမာစာရေသု မေထုနဝတ္ထုသု ဝါ။ မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော။ ဒီ၊ဋ္ဌ၊၃၊၂၃၁။ (အဘိ၊ဋ္ဌ၊၂၊၃၆၅။)
- ↑ (ဒီ၊ဋ္ဌ၊၃၊၂၃၁။)(မ၊ဋ္ဌ၊၁၊၂၀၃။) (သံ၊ဋ္ဌ၊၂၊၁၃၅။)(အဘိ၊ဋ္ဌ၊၁၊၁၄၁။)(ပဋိသံ၊ဋ္ဌ၊၁၊၂၀၄။)(ဣတိဝုတ်၊ဋ္ဌ၊၂၂၀။)(မဟာနိ၊ဋ္ဌ၊၁၀၀။)
- ↑ (ဝိ၊၁၊၂၀၂-၃။ ဝိ၊ဋ္ဌ၊၂၊၁၄၁-၂။ ဒီ၊ဋ္ဌ၊၃၊၂၃၁။ မ၊ဋ္ဌ၊၁၊၂၀၂-၃။ သံ၊ဋ္ဌ၊၂၊၁၃၄-၅။ အဘိ၊ဋ္ဌ၊၁၊၁၄၁။ မဟာနိ၊ဋ္ဌ၊၉၉၊ ၁၀၀)။
- ↑ (ဝိ၊ဋ္ဌ၊၂၊၁၄၂။ ဒီ၊ဋ္ဌ၊၃၊၂၃၁။ မ၊ဋ္ဌ၊၁၊၂၀၃။ သံ၊ဋ္ဌ၊၂၊၁၃၅။ အဘိ၊ဋ္ဌ၊၁၊၁၄၁။ မဟာနိ၊ဋ္ဌ၊၉၉။ သာရတ္ထ၊၂၊၃၂၈။ ဝိမတိ၊၁၊၂၆၉)။
- ↑ ဒီ၊ဋ္ဌ၊၃၊၂၃၁။ (မ၊ဋ္ဌ၊၁၊၂၀၃။ သံ၊ဋ္ဌ၊၂၊၁၃၅။ အဘိ၊ဋ္ဌ၊၁၊၁၄၁။ မဟာနိ၊ဋ္ဌ၊၉၉။)
- ↑ (ဝိ၊ဋ္ဌ၊၁၊၂၃၇)
- ↑ (ထေရီ၊၄၂၅-၄၂၈။ ထေရီ၊ဋ္ဌ၊၂၆၇-၂၇၇)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၈၆-၈။ ဇာ၊၁၊၁၀၀။ ဇာ၊ဋ္ဌ၊၃၊၄၁-၅-တို့၌ အကျယ်ကြည့်လေ။)