ကိုကိုဦး
ဒေါက်တာ ကိုကိုဦး (၁၉၆၂ – ၉ ဒီဇင်ဘာ ၂၀၁၅) သည် မြန်မာနိုင်ငံသား သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ သူသေဆုံးချိန် ၂၀၁၅ ဒီဇင်ဘာလအထိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်မှ အဏုမြူရူပဗေဒ အထူးပြုဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၂] သူသည် စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ အဏုမြူစွမ်းအင် ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ဒေါက်တာ ကိုကိုဦးကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အဖ ဦးအောင်မြင့်၊ အမိ ဒေါ်တင်တင်ခိုင်တို့မှ ၁၉၆၂-ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က မိုးကုတ်မြို့တွင် အခြေခံပညာများကို သင်ယူခဲ့ပြီး ၁၉၇၇-ခုနှစ်တွင် မိုးကုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် ရန်ကုန်မြို့၊ ဒေသကောလိပ် အမှတ်(၁)၌ ဆက်လက်ပညာသင်ယူပြီး ၁၉၈၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် B.Sc(Hons)ဘွဲ့ကိုလည်းကောင်း၊ ၁၉၈၃-ခုနှစ်တွင် M.Sc(Physics) ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ ၁၉၈၆-ခုနှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာနတွင် သရုပ်ပြရာထူးဖြင့် အလုပ်စတင်ဝင်ရောက်သည်။ ၁၉၉၄-ခုနှစ်တွင် လက်ထောက်ကထိက ရာထူးဖြင့် မော်လမြိုင်တက္ကသိုလ်၊ ရူပဗေဒဌာနတွင်လည်းကောင်း၊ ၁၉၉၉-ခုနှစ်တွင် ကထိကရာထူးဖြင့် ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာနတွင်လည်းကောင်း တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။ သင်ကြားရေးတာဝန်များ ထမ်းဆောင်စဉ် ၁၉၉၅-ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာ တက္ကသိုလ်၌ ပါရဂူဘွဲ့ သင်တန်းတက်ရောက်ရန် ရွေးချယ်စေလွှတ်ခြင်း ခံရပြီး ၁၉၉၉-ခုနှစ်တွင် အဆိုပါ တက္ကသိုလ်မှ Ph.D(Nuclear Engineering) ဘွဲ့ကို ရရှိခဲ့သည်။ အိုဆာကာတက္ကသိုလ်၌ ပါရဂူ ကျမ်းပြုဆောင်ရွက်နေစဉ် OKTAVIAN Facility မှ ပါမောက္ခ A.Takahashi ၏ ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သုတေသနစာတမ်းပြုစုခြင်းများ၌ ပါဝင်ရေးသား ဆောင်ရွက်ခဲ့ရာ American Nuclear Society နှင့် European Nuclear Society အပါအဝင် ဂျပန်နိုင်ငံရှိ ဘာသာရပ်ဆိုင်ရာ ဂျာနယ်များ၌ နျူကလီးယားဆိုင်ရာ သုတေသနစာတမ်း ၂၀ တင်သွင်းခဲ့သည်။ ပညာတော်သင်မှ ပြန်လည်ရောက်ရှိလာပြီးနောက် ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ မကွေးတက္ကသိုလ်မှ ရူပဗေဒနှင့် မဟာသိပ္ပံကျမ်းပြုကျောင်းသားများကို ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်သို့ သွားရောက်သုတေသနပြု၍ ပညာဆည်းပူးခွင့် ရရှိရေးအတွက် ဘာသာရပ်ဆိုင်ရာ ကူညီထောက်ပံ့မှုပြုခြင်း၊ ဌာနများအကြား ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ ၂၀၀၀-ပြည့်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးအဆင့်ဆင့် တိုးမြှင့်ထမ်းဆောင်ခဲ့ရာ ၂၀၀၅-ခုနှစ်တွင် အဏုမြူစွမ်းအင်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို သုတေသန အခြေပြု တက္ကသိုလ်များ ဖြစ်လာစေရန်၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ ဖြစ်လာစေရန် လမ်းညွှန်မှုပြုခြင်း၊ နိုင်ငံခြားတက္ကသိုလ်များနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ခြင်း၊ သုတေသနကဏ္ဍမြှင့်တင်နိုင်ရန် အမျိုးသား ဓာတ်ခွဲခန်း တည်ထောင်ဖွင့်လှစ်ခြင်း၊ ဇီဝနည်းပညာ သုတေသနဌာနနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် သုတေသနဌာန တည်ထောင်ဖွင့်လှစ်ခြင်း၊ ကျောင်းသားများ ပညာသင်ကြားမှု လက်တွေ့လုပ်ဆောင်နိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် သင်တန်းများ၏ ပညာသင်နှစ်များကို ပြင်ဆင်သတ်မှတ်ခြင်း၊ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီ ပြင်ဆင်ရေးဆွဲစေခြင်း၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ မန္တလေးမြို့တွင် နိုင်ငံတကာ အဆင့်မီ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ဖွင့်လှစ်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အစိုးရနည်းပညာ အထက်တန်းကျောင်းများ၊ AGTI သုံးနှစ်သင်တန်း စက်မှုလက်မှုသိပ္ပံကျောင်းများ တိုးမြှင့်ဖွင့်လှစ်ပေးခြင်း၊ စင်္ကာပူနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ စင်္ကာပူမြန်မာသင်တန်းကျောင်း ဖွင့်လှစ်ပေးခြင်းနှင့် Polytachnic Center များ ဖွင့်လှစ်နိုင်ရေးတို့ ဆောင်ရွက်ခဲ့သည်။ ၁၉၉၉-ခုနှစ်၊ ဧပြီလတွင် ဒေါက်တာသိင်္ဂီကျော်နှင့် လက်ထပ်ခဲ့သည်။ ဒေါက်တာကိုကိုဦးသည် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလ ၉-ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးတစ်ယောက်ကျန်ရစ်ခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia