ကျိုင်းတုံဟော်နန်း
ကျိုင်းတုံဟော်နန်း သို့မဟုတ် ကျိုင်းတုံဟော် (ရှမ်း: ႁေႃလူင်ၵဵင်းတုင်) သည် ကျိုင်းတုံနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ နေထိုင်ခဲ့ရာအဆောက်အဦး ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော် ကျိုင်းတုံဟော်ကို ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အစိုးရက ဖြိုချခဲ့သည်။[၁]
သမိုင်းကြောင်းဟော်နန်းကို ၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၀၆ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဥရောပနှင့် အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာ ဗိသုကာပုံစံကို ပေါင်းစပ်တည်ဆောက်ထားသည်။[၂][၃][၄] ၁၉၀၃ ခုနှစ်တွင် ဒေလီ သစ္စာခံပွဲသို့ တက်ရောက်ခဲ့သော စော်ဘွား စဝ်ကွန်ကျောက်အင်းတလျဲန်း က ဟော်နန်း၏ ဒီဇိုင်းကို ပုံထုတ်ခဲ့သည်။[၅] ဟော်နန်းကို မြေးဖြစ်သူ စဝ်စိုင်းလုံ က ရှမ်းပြည်နယ်အစိုးရသို့ မလွှဲပြောင်းပေးမီ ၁၉၅၉ ခုနှစ်အထိ ဟော်နန်းတွင် စဝ်ကွန်ကျောက်၏ မိသားစုများ နေထိုင်ခဲ့သည်။[၂] ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက် ဟော်နန်းအား အစိုးရရုံအဖြစ် အသုံးပြုခဲ့သည်။[၅] မြန်မာ့ခရီးသွားနှစ်အတွက် ကြိုတင်ပြင်ဆင်ရန် အစိုးရက ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ဟော်နန်းအား ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖြိုချခဲ့ပြီး ဟိုတယ်အဖြစ် ဆောက်လုပ်ခဲ့သည်။[၃][၁][၆] ၁၉၉၆ ခုနှစ်တွင် ဟိုတယ်တည်ဆောက်ခြင်း ပြီးစီးခဲ့သည်။[၂] ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအရ ဟိုတယ်အား ဦးအောင်မျိုးမင်းဒင်က ပိုင်ဆိုင်သည်။[၇] ၂၀၁၇ ခုနှစ်တွင် ဒေသခံများက ဟော်နန်းပုံစံတူ ပြန်လည်ဆောက်လုပ်နိုင်ရန် ရည်ရွယ်၍ ဟော်နန်း ပြန်လည်ရရှိရေး ကော်မတီ ကို ဖွဲ့စည်းခဲ့သည်။[၅] ၂၀၁၉ ခုနှစ်တွင် ကော်မတီက ဟော်နန်းမြေအား ဒေသခံများအား ပြန်လည်ပေးရန် အစိုးရထံ တောင်းဆိုခဲ့သည်။[၄][၁] ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျိုင်တုံမြို့၊ နောင်တုံကန်အနီး မြေနေရာတွင် ဟော်နန်းပုံတူအား ပြန်လည်ဆောက်လုပ်ပေးမည်ဟု ကြေညာခဲ့သည်။[၈] ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စတင်ခဲ့သည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia