ဂေါဓရာဇဇာတ်
စတုက္ကနိပါတ် - ၃။ ကုဋိဒူသကဝဂ် -(၃၂၅) ဂေါဓရာဇဇာတ်။ ။ မိမိအား နေ့စဉ် ရှိခိုးပူဇော်လေ့ရှိသော ဖွတ်မင်း၏ အသားကို စားလို၍ လက်ရိုက်ဖြင့် စောင့်နေသော ရသေ့ပျက် အကြောင်း။ ပစ္စုပ္ပန်ဝတ္ထုအံ့ဖွယ်ထင်မှတ် ရဟန်းပြုလတ်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [အောက် ဝတ္ထုများ၌ ချဲ့ခဲ့ပြီ။] အတိတ်ဝတ္ထုသူတော်ထင်ကာ ဆည်းကပ်ရှာလွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဖွတ်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ခွန်အားဗလနှင့် ပြည့်စုံကာ တော၌နေ၏။ ထိုတောတွင် သီလ မရှိသော ရသေ့ စဉ်းလဲ တစ်ပါးလည်း ထိုဖွတ်၏ နေရာအနီး၌ ကျောင်းဆောက်၍ နေလေ၏။ ထိုအခါ ဖွတ်မင်းသည် အစာရှာသွားလတ်သော် ရသေ့ကျောင်း၌ ရသေ့ကိုမြင်လျှင် သီလရှိသော ရသေ့ သူရဲကောင်း ဖြစ်လတ္တံ့ဟု နှလုံးသွင်းကာ ရသေ့ကို ရှိခိုးပြီးလျှင် မိမိနေရာသို့ သွားလေ၏။ တစ်နေ့သ၌ ရသေ့စဉ်းလဲသည် အလုပ်အကျွေး ဒါယကာအိမ်၌ ကောင်းစွာ စီရင်ချက်ပြုအပ်သော ဖွတ်သားကို စားရလျှင် “ဤအသားကား အဘယ်အသားနည်း” ဟု မေးမြန်းရာ “ဖွတ်သား” ဟု ပြောကြားအပ်သည်ရှိသော် ဖွတ်သား၌ တပ်စွန်းသော ရသတဏှာသည် နှိပ်စက်အပ်သည်ဖြစ်၍ ကျောင်းသို့ မပြတ်လာသော ဖွတ်ကြီးကို သတ်ပြီးလျှင် အလိုရှိတိုင်း ချက်ပြုတ်၍စားမည်ဟု ကြံစည်ကာ ထောပတ်နို့ဓမ်း စသော ဘဏ္ဍာတို့ကို ယူပြီးလျှင် ကျောင်းသို့ပြန်လေ၏။ ဖွတ်ကိုသတ်ရန် ရသေ့ကြံကျောင်းသို့ရောက်လျှင် လက်ရိုက်ကိုကိုင်လျက် သင်္ကန်းဖြင့် ဖုံးလွှမ်းကာ ဖွတ်ကြီးလာခြင်းကိုမျှော်၍ ကျောင်းတံခါးဝတွင် ငြိမ်သက်စွာ နေလေ၏။ ဖွတ်မင်းလည်း ရသေ့ကို ရှိခိုးရန် လာလတ်သော် န္ဒြေပျက်နေသော ရသေ့စဉ်းလဲကိုမြင်လျှင် ဤရသေ့ကား ဖွတ်သားကို စားရသည် ဖြစ်လတ္တံ့၊ စုံစမ်းမည်ဟု လေအောက်မှရပ်၍ အနံ့ကို ခံလတ်သော် ဖွတ်သားနံ့ရ၍ ဖွတ်သား စားထားသည်ကိုရသိလျှင် အနားသို့ မချဉ်းကပ်တော့ဘဲ ဆုတ်ခွာ၍သွားလေ၏။ ရသေ့စဉ်းလဲလည်း ဖွတ်မင်း မလာသည်ကို သိလျှင် ကိုင်ထားသော လက်ရိုက်သည် ကိုင်၌မကျဘဲ အမြီးဖျား၌ ကျလေ၏။ ထိုအခါ ရသေ့စဉ်းလဲသည် “ဟယ်-ဖွတ် ... သွားလေတော့ ချော်လေ၏” ဟု ပြောဆိုလေ၏။ ဖွတ်မင်းသည် “ငါ့ကိုကား ချော်လေ၏၊ အပါယ်လေးပါးကိုကား မချော်လေ” ဟု ပြောဆိုလျက် ပြေးပြီးလျှင် ရသေ့၏ စင်္ကြံဦး၌ရှိသော တောင်ပို့သို့ဝင်၍ ကယ်ပေါက်မှ ဦးခေါင်းကိုထောင်လျက် - ရသေ့ပျက်အား ဖွတ်ပြောကြား“ဟယ်-ရသေ့ပျက် ... ကိုယ်နှုတ်, နှလုံးကို မစောင့်ရှောက်သော သင့်ကို ငါသည် ရသေ့ကောင်း ထင်မှတ်၍ ဆည်းကပ်မိ၏၊ သင်သည် ငါ့ကို လက်ရိုက်နှင့်ပစ်သော အခြင်းအရာကို မြင်သဖြင့် ရသေ့ကောင်းမဟုတ်မှန်း သိရ၏။ ဟယ် - ရသေ့ပျက် ... ပညာမဲ့သော သင့်အားဆံကျစ်တို့ဖြင့် အကျိုးမရှိ၊ သစ်နက်ရေဖြင့်လည်း အကျိုးမရှိ၊ သင့်ကိုယ်တွင်း၌ ကိလေသာ တောအုပ်ရှိ၏၊ အပ၌ ပြေပြစ်လှ၏” – ဟု ရသေ့အား ပြောဆိုလေ၏။ ဖွတ်မင်း စကားကို ကြားလျှင် ရသေ့သည် - ဟယ်-ဖွတ် ... ငါ့ထံ လာဦးလော့၊ ပြန်ခဲ့ဦးလော့၊ သလေးထမင်းကို စားလှည့်လော့၊ ငါ့အား ဆီများစွာသော စပ်သောဘဏ္ဍာလည်းရှိ၏” – ဟု ဖွတ်မင်းလည်း ရသေ့၏စကားကို ကြားပြန်လျှင် - ခြိမ်းခြောက်ပြောကာ မောင်းနှင်ရာ“ဟယ် - ရသေ့ပျက် ... ငါကား အသူတစ်ရာ နက်သော တောင်ပို့တွင်းသို့ လျင်စွာ ဝင်တော့မည်၊ သင်သည် ဆီ၊ ဆား စသညက်ို ပြောကြားဘိ၏။ ငါ့အား ရှိန်ခို၊ ဇီယာ၊ ချင်း စသော များစွာသော အစပ်ဘဏ္ဍာသည် မလျောက်ပတ်” – ဟု ပြောဆိုပြီးလျှင် “ရသေ့ပျက် ... သင်သည် အကယ်၍ ဤအရပ်၌နေပါမူ သင့်ကို ဆွမ်းခံရွာ၌ လူတို့ကို ဤရသေ့ကား သူခိုး ဖြစ်သည်ဟု ဖမ်းစေပြီးလျှင် ဖောက်ပြန်ခြင်းသို့ ရောက်စေမည်၊ လျင်မြန်စွာ ပြေးလေတော့” ဟု ခြိမ်းခြောက်လေ၏။ ရသေ့စဉ်းလဲလည်း ကြောက်လန့်သဖြင့် ထိုအရပ်မှ လျင်စွာပြေးလေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ ရသေ့စဉ်းလဲသည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုတတ်သော ရဟန်း၏ ဖွတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) အံ့ဖွယ်ဖြစ်ဆန်း၊ ဝတ်သင်္ကန်း၊ ကြမ်းတမ်း စိတ်, နှုတ်, ကိုယ်။ (၂) လက်ရိုက်ကိုင်ကာ၊ ဖွတ်မင်းလာ၊ လျင်စွာပစ်သကို။ (၃) ရသေ့စဉ်းလဲ၊ ပြုသည့်နဲ၊ ငရဲရောက်ဖို့ကို။ ဂေါဓရာဇဇာတ် ပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia